နှလုံးရောဂါရှိသူတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ...
ကိုယ်ဝန်ဆောင်တဲ့အခါ သွေးပမာဏကို ၃၀ ကနေ ၅၀ ရာခိုင်နှုန်းထိ တက်စေပြီး နှလုံး အလုပ်လုပ်အားကို တက်စေပါတယ်။
● နှလုံးခုန် မမှန်ကန်တာ ခံစားရရင် အရင်ကတည်းက ရှိနေရင် နှလုံးအထူးကုဆရာဝန်ပါ ပြသဆွေးနွေးသင့်ပါတယ်။
● နှလုံးအဆို့ရှင် လဲထားတာ၊ နှလုံးအဆို့ အမာရွတ်တက်တာ၊ နှလုံးပုံစံ မမှန်တာတွေရှိတဲ့အခါ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလှည့်ပတ်နှုန်း အပြောင်းအလဲအတွက် အသင့်မဖြစ်စေဘဲ အန္တရာယ် ရှိနေပါတယ်။ ဒါ့အပြင် နှလုံးအဆို့ရှင်တွေကို ပိုးကူးစက်စေမယ့် အန္တရာယ် ပိုများတတ်တာကြောင့် သတိပြု စောင့်ရှောက်ကုသဖို့ လိုပါတယ်။
● ယခင်က နှလုံးလုပ်ဆောင်ချက် မကောင်းတဲ့အခါ ပိုဆိုးနိုင်ပါတယ်။
● မွေးရာပါ နှလုံးရောဂါရှိတဲ့အခါ မိမိမွေးဖွားလာမယ့်ကလေးမှာပါ ပါလာနိုင်သလို လမပြည့်၊ ပေါင်မစေ့ မွေးနိုင်ပါသေးတယ်။
>> ဘယ်လိုနှလုံးရောဂါသည်တွေ ကိုယ်ဝန်မဆောင်သင့်ဘူးလဲ?
ရှားပါးရောဂါဖြစ်တဲ့ အဆုတ်သွေးကြောတွေကို ထိခိုက်သွေးပေါင်တက်စေတဲ့ Eisenmemger ရောဂါသည်တွေပါ။
ကိုယ်ဝန်မဆောင်ခင် သွေးကြောမကြီးအဆို့ရှင်ကျဉ်းတာ၊ မိုင်ထရယ်အဆို့ကျဉ်းတာတွေက ကြိုတင်ခွဲစိတ် ကုသထားဖို့ လိုပါတယ်။
>> နှလုံးဆေးဝါးတွေ ဆက်သောက်သင့်ပါမလား?
ဆက်သောက်ဖို့၊ ဆေးပြောင်းဖို့၊ အတိုင်းအဆတွေပြောင်းဖို့ လိုတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။
နှလုံးရောဂါရှိသူတွေ ကလေးယူဖို့ မစဉ်းစားခင် -
● နှလုံးအထူးကုကို တိုင်ပင်ပါ။
● သားဖွားမီးယပ်အထူးကုကို စောစောပြသပါ။
● အတူနေမိသားစုကို တိုင်ပင်ပါ။
>> ကိုယ်ဝန်စောင့်ရှောက်တဲ့အခါ -
● နှလုံးဓာတ်မှန်
● နှလုံးစစ်ဆေးချက်
● ကိုယ်အလေးချိန်ချိန်ခြင်း
● သွေးစစ်ခြင်း
● ဆီးစစ်ခြင်းတွေ ဆောင်ရွက်သင့်ပါတယ်။
>> နှလုံးရောဂါ ရှိ်သူတွေအနေနဲ့ နောက်ဆက်တွဲ ရောဂါတွေကိုကာကွယ်နိုင်ဖို့ -
● ဆရာဝန်ချိန်းဆိုမှုဆီ မှန်မှန်သွားပါ။
● ဆေး မှန်မှန်သောက်ပါ။
● သေချာ အနားယူပါ။
● ကိုယ်အလေးချိန် အတက်အကျကို တိုင်းတာပါ။
● စိတ်ဖိစီးမှုကို လျှော့ချပါ။
● ဆေးလိပ်၊ အရက်၊ ကော်ဖီ၊ လက်ဖက်ရည် ရှောင်ပါ။
>> မွေးဖွားချိန်မှာ -
● မွေးဖွားချိန်မှာ ဗိုက်နာနာချင်း မိခင်ရဲ့နှလုံးခုန်သံနဲ့ စည်းချက်ကို တိုင်းတာမယ်။
● သနေ္ဓသားရဲ့ နှလုံးခုန်သံနဲ့ သားအိမ် ကျုံ့နှုန်းဆန့်နှုန်းကို တိုင်းတာမယ်။
● လိုအပ်ရင် ပဋိဇီဝဆေးတွေ ပေးမယ်။
နှလုံးရောဂါရှိတိုင်း ခွဲမွေးဖို့တော့ မလိုတတ်ပါဘူး။ ဒါပေမဲ့ ရှောရှောရှူရှူ မဖြစ်မှသာ ခွဲဖို့စဉ်းစားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မွေးရက်ရောက်ခါနီးတဲ့အခါ ဆေးနဲ့ဗိုက်နာအောင်လုပ်ပြီး မွေးဖွားဖို့ စီစဉ်နိုင်ပါသေးတယ်။
>> မွေးပြီးတဲ့အခါ -
နှလုံးရောဂါခံစားနေရသူတိုင်း နို့တိုက်လို့ ရပါတယ်။ တကယ်လို့ နှလုံးအဆို့ရှင်ကနေ ပိုးဝင်မယ့်အခြေအနေမျိုးရှိခဲ့ရင် ရင်သား တင်းတာ၊ နာတာတွေ ကြုံနိုင်ပါတယ်။ အဲဒီအခါ နို့ညှစ်ပြီး တိုက်တာ ပိုပြေလည်ပါလိမ့်မယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















