/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/မီးတွင်းကာလ-ခေါင်းကိုက်ခြင်းများ

မီးတွင်းကာလ ခေါင်းကိုက်ခြင်းများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

စိတ်ရောကိုယ်ပါ ပင်ပန်းတဲ့ ကလေးမီးဖွားပြီးချိန်ပြီးတဲ့အခါမှာ ခေါင်းကိုက်ခြင်းဟာ မလိုလားအပ်တဲ့ အခြေအနေတစ်ခုပါပဲ။ ဒါပေမဲ့ မီးတွင်းကာလမှာ အဖြစ်များတဲ့လက္ခဏာတစ်ခုကလည်း ခေါင်းကိုက်တာပါပဲ။ ဟော်မုန်းအပြောင်းအလဲများ၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ မေ့ဆေးဒဏ်နဲ့ အိပ်ချိန်မမှန်ခြင်းများကြောင့် မီးတွင်းကာလမှာ ခေါင်းကိုက်တတ်ကြပါတယ်။

ပုံမှန်အားဖြင့် အရည်များများသောက်ခြင်း၊ အနားယူခြင်း၊ အပန်းဖြေခြင်း၊ အကိုက်အခဲပျောက်ဆေးတွေ သောက်ခြင်းတို့က ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ ခေါင်းကိုက်တာ ၂၄ နာရီထက် ကျော်လွန်လာတာသော်လည်းကောင်း၊ ပုံမှန်ထက်ပိုဆိုး၊ ပုံမှန်လုပ်နေကျနည်းလမ်းတွေနဲ့မှ မသက်သာတော့တာသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။

ဒီလိုဖြစ်လာရင် ဆရာဝန်နဲ့ ဆက်သွယ်ပြသဖို့လိုပါတယ်။ မီးတွင်းကာလဖြစ်တတ်တဲ့ ရောဂါကြီးကြီးမားမားတွေ ဖြစ်နေတတ်လို့ပါ။

Obimin 1

>>  ဘာကြောင့်ခေါင်းကိုက်ရသလဲ?
လေ့လာမှုတစ်ခုမှာ မီးတွင်းကာလ ခေါင်းကိုက်သူအမျိုးသမီး ၉၅ ဦးကို လေ့လာခဲ့ပါတယ်။ ဒီအမျိုးသမီးတွေဟာ အရင်က လေဖြတ်တာ၊ တက်တာ ဘာညာမရှိဖူးခဲ့သူတွေပါ။ မီးတွင်းကာလဆိုတဲ့ အပိုင်းအခြားကတော့ ကလေးမွေးပြီး ၂၄ နာရီကနေ ၄၂ ရက်အတွင်းကို ယူဆပါတယ်။

လေ့လာမှုအရ ၅၀% သော ခေါင်းကိုက်ခြင်းတွေဟာ ခေါင်းတစ်ခြမ်းကိုက်တာသော်လည်းကောင်း၊ ဖိစီးမှုကြောင့် ခေါင်းကိုက်တာသော်လည်းကောင်း ဖြစ်တတ်ပါတယ်။ ၂၄% ကတော့ ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် ကိုက်တာဖြစ်ပြီး ၁၆% ကတော့ ခါးဆစ်ရိုးထုံဆေးကြောင့်ကိုက်တာ ဖြစ်ပါတယ်။ နောက်ထပ် ၁၀% မှာဆိုရင် ဦးနှောက်ထဲ သွေးယိုတာနဲ့ လေဖြတ်တာ စသဖြင့် ဆိုးဆိုးရွားရွား ဦးနှောက်ထိခိုက်သူတွေ ရှိတတ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ခေါင်းတစ်ဘက်ခြမ်းမှာပဲ တစ်ဆစ်ဆစ်ထိုးကိုက်ပြီး ပျို့တာ၊ အန်တာ၊  အလင်းတွေ အသံတွေကို မခံနိုင်တာတွေ ရှိတတ်ပါတယ်။ ဖိစီးမှုကြောင့် ခေါင်းကိုက်တာကျတော့ ခေါင်းနှစ်ခြမ်းလုံးမှာ ဖိညပ်ပြီးတော့ တင်းတင်းကြီး ကိုက်နေတာမျိုး ဖြစ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းထက် ပိုပြီးတော့ ခံရတတ်ပါတယ်။ မီးတွင်းကာလ ခေါင်းတစ်ခြမ်းကိုက်သူ အမျိုးသမီးတွေဟာ အရင်ကလည်း ကိုက်ဖူးသူဖြစ်နိုင်သလို ဟော်မုန်းအပြောင်းအလဲကြောင့် အခုမှစဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Obimin 2

>>  ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်းများ
ရှားပါးပေမယ့် အန္တရာယ်များပြီး ချက်ချင်းကုသမှုခံယူဖို့လိုတဲ့ ခေါင်းကိုက်ခြင်းများကတော့ -

1.  ကိုယ်ဝန်ဆိပ်တက်ခြင်း
ကိုယ်ဝန်ပတ် ၂၀ ကနေစပြီး ဒါမှမဟုတ် မီးတွင်းကာလမှာ ဆိုးဆိုးရွားရွားခေါင်းကိုက်တတ်တဲ့ ရောဂါတစ်ခုကတော့ ကိုယ်ဝန်ဆိပ်တက်ခြင်းပါပဲ။ ခေါင်းကိုက်ပြီးတော့ သွေးပေါင်တက်တာ၊ ခြေတွေ၊ လက်တွေ ဖောတာရောင်တာ စတာတွေနဲ့ လာနိုင်ပါတယ်။

2.  ခါးဆစ်ရိုးထုံဆေးကြောင့် ခေါင်းကိုက်ခြင်း
ကလေးမွေးတဲ့အချိန်မှာ ခါးဆစ်ရိုး ထုံဆေးပေးခဲ့ရတယ်ဆိုရင် ဒီထုံဆေးကြောင့် ခေါင်းကိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ ပုလင်းချိတ်တာ၊ ကဖိန်းပေးတာ၊ သွေးပြန်ထိုးတာ စတာတွေ လုပ်ရပါတယ်။
သွေးပြန်ထိုးတယ်ဆိုတာ ကိုယ့်သွေးနဲ့ကိုယ် မေ့ဆေးထိုးထားတဲ့နေရာထဲကို ထိုးလိုက်တာပါ။ ဒီလိုထိုးလိုက်ခြင်းအားဖြင့် နောက်ထပ်အရည်တွေ ဆက်မစိမ့်ထွက်အောင် တားဆီးပေးပါတယ်။

>>  နောက်ဆုံးမှာချင်တာကတော့ ...
မီးတွင်းကာလ ခေါင်းကိုက်လာရင် ဆရာဝန်ကို ပြောပြပါ။ ရိုးရိုးနည်းတွေဖြစ်တဲ့ အိပ်ရေးဝဝအိပ်တာ၊ အရည်များများသောက်တာ၊ အကိုက်အခဲပျောက်ဆေးသောက်တာ ဒီလောက်ပဲလိုတာ များပါတယ်။
ဒါပေမဲ့ တခြားကြီးကြီးမားမားရောဂါ ရှိနေ၊ မနေကို ရှာဖွေဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)