/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်တွင်-ရေအိတ်များစွာ-တည်ခြင်း

ကျောက်ကပ်တွင် ရေအိတ်များစွာ တည်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မွေးရာပါ ကျောက်ကပ်ရောဂါ တစ်မျိုးဖြစ်ပြီးတော့ ကျောက်ကပ်မှာ အရည်အိတ်လေးတွေ ဖြစ်လာစေပါတယ်။ ဒီရောဂါက ကျောက်ကပ်ရောဂါကို ပျက်ပြားစေပြီး နောက်ဆုံးမှာ ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။ ကျောက်ကပ်ထဲမှာ ရေအိတ်များစွာ တည်သောရောဂါက ကျောက်ကပ်ပျက်စီးစေတဲ့ အကြောင်းအရင်းတွေထဲမှာ နံပါတ် (4) နေရာမှာ ရှိပါတယ်။ ဒီရောဂါရှိတဲ့သူတွေမှာ အသည်းထဲမှာလည်း ရေအိတ်တွေ ဖြစ်လာနိုင်သလို အခြားနောက်ဆက်တွဲပြဿနာတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။

 

>>    ကျောက်ကပ်တွင် ရေအိတ်များစွာ တည်ခြင်း၏ ရောဂါလက္ခဏာများ

          လူတော်တော်များများက နှစ်အတော်ကြာအောင် ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ကြပါတယ်။ ရောဂါလက္ခဏာတွေ မပြခင်မှာ ရေအိတ်တွေက 0.5 လက်မနှင့်အထက် အရွယ်အစား ရှိတတ်ကြပါတယ်။ စဦးလက္ခဏာတွေကတော့ -

•        ဗိုက်အောင့်ခြင်း၊ နာခြင်း

•        ဆီးထဲတွင် သွေးပါခြင်း

•        ဆီး မကြာခဏသွားခြင်း

•        ဘေးဘက်ခြမ်းများ အောင့်ခြင်း၊ နာခြင်း

•        ဆီးလမ်းကြောင်း ပိုး၀င်ခြင်း

•        ကျောက်ကပ် ကျောက်တည်ခြင်း

•        နောက်ကျောအောင့်ခြင်း (သို့) ခဲဆွဲထားသကဲ့သို့ လေးလံခြင်း

•        အရေပြားတွင် အညိုအမည်း စွဲလွယ်ခြင်း

•        အသားအရေ ဖြူဖျော့ခြင်း

•        မောပန်းနွမ်းနယ်ခြင်း

•        အဆစ်များ ကိုက်ခြင်း

•        လက်သည်းခြေသည်းများ ပုံပျက်ခြင်း

 

          လွှမ်းမိုးခံဗီဇကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရေအိတ် များစွာတည်ခြင်းရောဂါရှိတဲ့ ကလေးတွေမှာဆိုရင် အောက်ပါလက္ခဏာတွေ တွေ့ရပါတယ်။

•        သွေးတိုးခြင်း

•        ဆီးလမ်းကြောင်း ပိုး၀င်ခြင်း

•        ဆီး မကြာခဏသွားခြင်း

          ကလေးတွေမှာဖြစ်တဲ့ ဒီလက္ခဏာတွေက အခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် အထက်ပါလက္ခဏာတွေ တွေ့တယ်ဆိုရင် မပေါ့ပါနှင့်။ ဆေးခန်းသေချာသွားပြပါ။

 

>>    ရောဂါဖော်ထုတ်ခြင်း

          မွေးရာပါ မျိုးရိုးလိုက်တဲ့ရောဂါ ဖြစ်တဲ့အတွက် မိသားစုရောဂါရာဇ၀င်ကို မေးမြန်းဖို့ လိုပါတယ်။ ရောဂါပိုး၀င်တဲ့ လက္ခဏာများ (သို့) သွေးအားနည်းရောဂါ ရှိ၊ မရှိ သိဖို့အတွက် သွေးစစ်ဆေးခြင်း၊ ဆီးထဲမှာ သွေး၊ ဘက်တီးရီးယားပိုး၊ အသားဓာတ် ပါ၊ မပါ သိဖို့အတွက် ဆီးစစ်ခြင်းတွေ လုပ်ရပါမယ်။

          ရောဂါအမျိုးအစား (3) မျိုးစလုံးကို ဖော်ထုတ်နိုင်ဖို့အတွက် အောက်ပါစစ်ဆေးချက်တွေ လုပ်ရပါမယ်။

•        ၀မ်းဗိုက် အာထရာစောင်း ရိုက်ခြင်း - ကျောက်ကပ်ထဲတွင် ရေအိတ် ရှိ၊ မရှိ ကြည့်နိုင်

•        ၀မ်းဗိုက် ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း (CT) - ပိုပြီးသေးငယ်တဲ့ရေအိတ်တွေကို ကြည့်နိုင်ပါတယ်။

•        ၀မ်းဗိုက် သံလိုက်ဓာတ်မှန် ရိုက်ခြင်း (MRI) - ကျောက်ကပ်ပုံစံကို ကြည့်နိုင်ပြီး ရေအိတ်တွေကို ရှာဖွေနိုင်ပါတယ်။

•        ဆေးထိုးပြီး ကျောက်ကပ်ဓာတ်မှန် ရိုက်ခြင်း

 

>>    ကုထုံးများ

          ကုထုံး ရည်ရွယ်ချက်ကတော့ ရောဂါလက္ခဏာတွေကို ကုသနိုင်ဖို့နဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်အောင် ရှောင်ကြဉ်နိုင်ဖို့ ဖြစ်ပါတယ်။ သွေးတိုးခြင်းကို ထိန်းချုပ်ခြင်းက ကုထုံးရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ ကုသနည်း အချို့ကတော့ -

•        အကိုက်အခဲပျောက်ဆေးများ (Ibuprofen က ကျောက်ကပ်ရောဂါကို ပိုဆိုးစေတဲ့အတွက် ဒီဆေးကို လုံး၀မသုံးပါဘူး)

•        သွေးကျဆေးများ

•        ပိုးသတ်ဆေး (ဆီးလမ်းကြောင်း ပိုး၀င်ခြင်းအတွက်)

•        ဆိုဒီယမ် အနည်းငယ်သာ စားခြင်း

•        ခန္ဓာကိုယ်မှ ပိုနေသောအရည်များကို ဖယ်ထုတ်နိုင်ရန်အတွက် ဆီးဆေးများ

•        ခွဲစိတ်ကုသခြင်း (အရည်အိတ်ကို ဖောက်ထုတ်ရန်နှင့် မသက်မသာ ခံစားနေရသည်များကို သက်သာစေရန်)

          ရောဂါ ပိုဆိုးလာပြီး ကျောက်ကပ် ပျက်စီးသွားပါက ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ် အစားထိုးခြင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။ ကျောက်ကပ် တစ်လုံး (သို့) နှစ်လုံးစလုံး ထုတ်ပစ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)