ကျောက်ကပ်တွင် ရေအိတ်များစွာ တည်ခြင်း
မွေးရာပါ ကျောက်ကပ်ရောဂါ တစ်မျိုးဖြစ်ပြီးတော့ ကျောက်ကပ်မှာ အရည်အိတ်လေးတွေ ဖြစ်လာစေပါတယ်။ ဒီရောဂါက ကျောက်ကပ်ရောဂါကို ပျက်ပြားစေပြီး နောက်ဆုံးမှာ ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။ ကျောက်ကပ်ထဲမှာ ရေအိတ်များစွာ တည်သောရောဂါက ကျောက်ကပ်ပျက်စီးစေတဲ့ အကြောင်းအရင်းတွေထဲမှာ နံပါတ် (4) နေရာမှာ ရှိပါတယ်။ ဒီရောဂါရှိတဲ့သူတွေမှာ အသည်းထဲမှာလည်း ရေအိတ်တွေ ဖြစ်လာနိုင်သလို အခြားနောက်ဆက်တွဲပြဿနာတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။
>> ကျောက်ကပ်တွင် ရေအိတ်များစွာ တည်ခြင်း၏ ရောဂါလက္ခဏာများ
လူတော်တော်များများက နှစ်အတော်ကြာအောင် ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ကြပါတယ်။ ရောဂါလက္ခဏာတွေ မပြခင်မှာ ရေအိတ်တွေက 0.5 လက်မနှင့်အထက် အရွယ်အစား ရှိတတ်ကြပါတယ်။ စဦးလက္ခဏာတွေကတော့ -
• ဗိုက်အောင့်ခြင်း၊ နာခြင်း
• ဆီးထဲတွင် သွေးပါခြင်း
• ဆီး မကြာခဏသွားခြင်း
• ဘေးဘက်ခြမ်းများ အောင့်ခြင်း၊ နာခြင်း
• ဆီးလမ်းကြောင်း ပိုး၀င်ခြင်း
• ကျောက်ကပ် ကျောက်တည်ခြင်း
• နောက်ကျောအောင့်ခြင်း (သို့) ခဲဆွဲထားသကဲ့သို့ လေးလံခြင်း
• အရေပြားတွင် အညိုအမည်း စွဲလွယ်ခြင်း
• အသားအရေ ဖြူဖျော့ခြင်း
• မောပန်းနွမ်းနယ်ခြင်း
• အဆစ်များ ကိုက်ခြင်း
• လက်သည်းခြေသည်းများ ပုံပျက်ခြင်း
လွှမ်းမိုးခံဗီဇကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရေအိတ် များစွာတည်ခြင်းရောဂါရှိတဲ့ ကလေးတွေမှာဆိုရင် အောက်ပါလက္ခဏာတွေ တွေ့ရပါတယ်။
• သွေးတိုးခြင်း
• ဆီးလမ်းကြောင်း ပိုး၀င်ခြင်း
• ဆီး မကြာခဏသွားခြင်း
ကလေးတွေမှာဖြစ်တဲ့ ဒီလက္ခဏာတွေက အခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် အထက်ပါလက္ခဏာတွေ တွေ့တယ်ဆိုရင် မပေါ့ပါနှင့်။ ဆေးခန်းသေချာသွားပြပါ။
>> ရောဂါဖော်ထုတ်ခြင်း
မွေးရာပါ မျိုးရိုးလိုက်တဲ့ရောဂါ ဖြစ်တဲ့အတွက် မိသားစုရောဂါရာဇ၀င်ကို မေးမြန်းဖို့ လိုပါတယ်။ ရောဂါပိုး၀င်တဲ့ လက္ခဏာများ (သို့) သွေးအားနည်းရောဂါ ရှိ၊ မရှိ သိဖို့အတွက် သွေးစစ်ဆေးခြင်း၊ ဆီးထဲမှာ သွေး၊ ဘက်တီးရီးယားပိုး၊ အသားဓာတ် ပါ၊ မပါ သိဖို့အတွက် ဆီးစစ်ခြင်းတွေ လုပ်ရပါမယ်။
ရောဂါအမျိုးအစား (3) မျိုးစလုံးကို ဖော်ထုတ်နိုင်ဖို့အတွက် အောက်ပါစစ်ဆေးချက်တွေ လုပ်ရပါမယ်။
• ၀မ်းဗိုက် အာထရာစောင်း ရိုက်ခြင်း - ကျောက်ကပ်ထဲတွင် ရေအိတ် ရှိ၊ မရှိ ကြည့်နိုင်
• ၀မ်းဗိုက် ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း (CT) - ပိုပြီးသေးငယ်တဲ့ရေအိတ်တွေကို ကြည့်နိုင်ပါတယ်။
• ၀မ်းဗိုက် သံလိုက်ဓာတ်မှန် ရိုက်ခြင်း (MRI) - ကျောက်ကပ်ပုံစံကို ကြည့်နိုင်ပြီး ရေအိတ်တွေကို ရှာဖွေနိုင်ပါတယ်။
• ဆေးထိုးပြီး ကျောက်ကပ်ဓာတ်မှန် ရိုက်ခြင်း
>> ကုထုံးများ
ကုထုံး ရည်ရွယ်ချက်ကတော့ ရောဂါလက္ခဏာတွေကို ကုသနိုင်ဖို့နဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်အောင် ရှောင်ကြဉ်နိုင်ဖို့ ဖြစ်ပါတယ်။ သွေးတိုးခြင်းကို ထိန်းချုပ်ခြင်းက ကုထုံးရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ ကုသနည်း အချို့ကတော့ -
• အကိုက်အခဲပျောက်ဆေးများ (Ibuprofen က ကျောက်ကပ်ရောဂါကို ပိုဆိုးစေတဲ့အတွက် ဒီဆေးကို လုံး၀မသုံးပါဘူး)
• သွေးကျဆေးများ
• ပိုးသတ်ဆေး (ဆီးလမ်းကြောင်း ပိုး၀င်ခြင်းအတွက်)
• ဆိုဒီယမ် အနည်းငယ်သာ စားခြင်း
• ခန္ဓာကိုယ်မှ ပိုနေသောအရည်များကို ဖယ်ထုတ်နိုင်ရန်အတွက် ဆီးဆေးများ
• ခွဲစိတ်ကုသခြင်း (အရည်အိတ်ကို ဖောက်ထုတ်ရန်နှင့် မသက်မသာ ခံစားနေရသည်များကို သက်သာစေရန်)
ရောဂါ ပိုဆိုးလာပြီး ကျောက်ကပ် ပျက်စီးသွားပါက ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ် အစားထိုးခြင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။ ကျောက်ကပ် တစ်လုံး (သို့) နှစ်လုံးစလုံး ထုတ်ပစ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















