ချွဲသလိပ်ကြေစေဖို့
အချွဲတွေ၊ သလိပ်တွေဟာ တစ်သျှူးတွေကို ချောမွေ့စေပြီး ထိခိုက်မှုမရှိစေရန် ကာကွယ်တားဆီးပေးနိုင်တဲ့ အရည်ပျစ်ပျစ်ချွဲချွဲတွေပဲ ဖြစ်ပါတယ်။ နှာခေါင်း၊ လည်ချောင်း၊ အဆုတ်၊ အစာအိမ်၊အူလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ မျိုးဆက်ပွားအင်္ဂါများနဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ပုံမှန်အတိုင်း ရှိနေတဲ့အချွဲတွေဟာ လေပြွန်ရောင်၊ ထိပ်ကပ်နာ၊ အအေးမိတုပ်ကွေး၊ အဆုတ်အမျှင်ဖွဲ့ရောဂါတွေနဲ့ အစာအဆိပ်သင့်ခြင်းစတဲ့ရောဂါတွေဖြစ်လာတဲ့အခါ ပုံမှန်ထက် ပိုထွက်လာနိုင်ပါတယ်။ ဒီလိိုပိုထွက်လာတဲ့အခါ ရင်ကျပ်ပြီး အသက်ရှူရ ခက်လာတတ်ပါတယ်။ ဒီလိုချွဲသလိပ်တွေထွက်လာတာကို နည်းသွားအောင် အောက်ပါအစားအသောက်တွေနဲ့ ကာကွယ်လို့ ရပါတယ်။
ဟင်းရွက်စွပ်ပြုတ်
ချွဲကျပ်နေတဲ့အခါ ဟင်းရွက်စွပ်ပြုတ်ပူပူလေး တစ်ခွက်လောက်သောက်ကြည့်လိုက်ပါ။ ဒီလို ဟင်းရွက်ပြုတ်တွေမှာပါတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ချွဲပျော်ရင်ချောင်စေတဲ့အပြင် ရေဓာတ်ဖြည့်ပေးပြီး ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်စတဲ့ ပိုးမွားတွေနဲ့ ရောဂါဘယတွေကို ကာကွယ်တားဆီးပေးနိုင်စွမ်း ရှိပါတယ်။ လက်ဖက်ရည်ကြမ်း၊ ပန်းသီးချဉ်ရည်နဲ့ ချော့ကလက်ဖျော်ရည် ပူပူနွေးနွေးတွေကလည်း ရင်ချောင်စေတဲ့အစွမ်းရှိပါတယ်။
အဆီများငါး
တစ်ပတ်မှာ ၂ကြိမ်မှ၃ကြိမ်ခန့် အဆီများငါးတွေ စားပေးခြင်းကလည်း ချွဲသလိပ်တွေကြေစေနိင်ပါတယ်။ ဆယ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ ငါးသေတ္တာနဲ့ ထရောက်ရေချိုငါးတွေမှာ အိုမီဂါ၃အဆီဓာတ် ပါဝင်ပါတယ်။ ဒီအဆီဟာ ချွဲသလိပ်တွေထွက်စေနိုင်တဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ ရောင်ရမ်းမှုတွေကို ကျစေနိုင်ပါတယ်။ ဒီအကျိုးများတဲ့ အိုမီဂါ၃အဆီဓာတ်ကို သစ်ကြားသီး၊ Flaxseedအစေ့နဲ့အဆီ၊ ကနိုလာဆီ၊ ပဲနို့နဲ့ ဖရုံစေ့တွေမှာလညး် တွေ့နိုင်ပါသေးတယ်။
ဒိန်ချဉ်
ဒိန်ချဉ်မှာ ချွဲတွေကိုရှင်းလင်းပေးပြီး အစာအိမ်ကို အကျိုးပြုပေးတဲ့ lactobacillus ဘတ်တီးရီးယားပိုးပါဝင်တာကြောင့် မနက်တိုင်း တစ်ခွက်စီ သောက်ပေးခြင်းဖြင့် ချွဲထတာကို သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်အကျိုးပြု ပိုးမွားတွေ ပါဝင်တဲ့အခြားအစားအစာတွေထဲမှာ ထောပတ်နို့၊ ဂေါ်ဖီချဉ်၊ ဘီယာချက်တစေး၊ ဂျပန်မီဆိုစတာတွေ ပါဝင်ပါတယ်။
တရုတ်နံနံ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ
ဒီဟင်းခတ်အမွေးအကြိုင်တွေကို ထည့်ချက်စားခြင်းကလည်း ချွဲပျော်စေနိုင်ပါတယ်။ ဒီဟင်းသီးဟင်းရွက်တွေမှာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ ချွဲပျော်စေနိုင်ခြင်း၊ ပြည့်ကျပ်နေတဲ့ သွေးကြောတွေကို ပွင့်စေနိုင်တဲ့အတွက် သွေးတိုးခြင်းကို သက်သာစေနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















