မှန်မှန်ကန်ကန် အသက်ရှူကြပါစို့ ...
အသက်ရှူတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို မကြုံရမခြင်း အသက်ရှူတာနဲ့ ပတ်သက်ပြီး သိပ်တွေးတောလေ့ မရှိကြပါဘူး။ အပြင်းအထန် ပြေးပြီးတဲ့နောက်မှာ မောပန်းနေပြီး နောက်ထပ် ဆက်ပြေးနိုင်ဖို့ အောက်ဆီဂျင် အလုံအလောက်ရဖို့အတွက် ရုန်းကန်ရပါတယ်။ ကျွန်ုပ်တို့ ကြီးမားတဲ့စိတ်ဖိစီးမှုတွေ ကြုံလာရတဲ့အခါမှာ အသက်ရှူလို့ မဝတာမျိုး၊ အသက်ရှူကျပ်တာမျိုးတွေကို ခံစားရပါတယ်။ ကျွနု်ပ်တို့က ကိုယ်နေဟန်ထား ပိုကောင်းလာအောင် လုပ်တာမျိုး၊ အားပြည့်လာအောင် လုပ်တယ်၊ အစားအစာပုံစံတွေ ပိုကောင်းအောင်လုပ်တယ်။ ဒါပေမဲ့ အသက်ရှူတာကိုတော့ သေချာအာရုံစိုက်တာမျိုး မရှိပါဘူး။
တကယ်တမ်းက အသက်ကို ပြင်းပြင်းနဲ့ ရှိုက်ပြီး သေချာရှူခြင်းက အားပြည့်စေတဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပြီး အိမ်နဲ့အလုပ် အသွားအပြန်လမ်းမှာဖြစ်စေ၊ ညဘက်မအိပ်ခင်ဘဲဖြစ်စေ အချိန်တိုင်း နေရာတိုင်းမှာ လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေပေးနိုင်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပါပဲ။
အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ရရှိနို်င်တဲ့ အကျိုးကျေးဇူးတွေကို အောက်မှာ ဖတ်ကြည့်လိုက်ရအောင်ပါ။
1. စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေပါတယ်။
စိတ်ဖိစီးမှုတွေ အရမ်းများလာတဲ့အခါမှာ sympathetic လို့ခေါ်တဲ့ အာရုံကြောစနစ်က ထကြွလာပြီးတော့ အသက်ရှူတာက အဆုတ်အောက်ပိုင်းအထိ မရောက်ဘဲ တိမ်တိမ်လေးနဲ့ မြန်မြန်ရှူလာကာ နောက်ဆုံးမှာ အသက်မရှူနိုင်ဖြစ်သလို ခံစားရမယ်။ သွေးတိုးလာမယ်၊ သွေးခုန်နှုန်းတွေလည်း မြန်လာမယ်။ ဒီဖြစ်စဉ်တွေကို ပြန်လည်ပြီး ထိန်းသိမ်းပြီး တည်ငြိမ်ဖို့အတွက် vagaus အာရုံကြောကနေပြီးတော့ Parasympathetic ဆိုတဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ဖို့ လိုပါတယ်။ ဝမ်းဗိုက်ကြီးတစ်ခုလုံး ဖောင်းလာတဲ့အထိ အသက်ပြင်းပြင်း ရှိုက်ရှူလိုက်ခြင်းအားဖြင့် vagus အာရုံကြောကို လှုံ့ဆော်ပေးပြီး ပြန်လည်တည်ငြိမ်လာစေပါတယ်။
2. စိတ်ခံစားမှုနဲ့ အားအင်တွေကို တိုးတက်ကောင်းမွန်လာစေတယ်။
စိတ်ခံစားမှုတွေနဲ့ အားအင်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းတွေထဲက တစ်ခုကတော့ အသက်ရှူခြင်းအပေါ်မှာ အာရုံစိုက်ထားခြင်းပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အသက်ရှူတဲ့ပုံစံက သူ့ရဲ့စိတ်ခံစားချက်အမျိုးမျိုးနဲ့ ဆိုင်ပါတယ်။ ကိုယ်နေဟန်ထား သက်သောင့်သက်သာ ရှိအောင်နေပြီး အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်ခြင်းကို မိနစ်အနည်းငယ်မျှ လုပ်ခြင်းဖြင့် အောက်ဆီဂျင် များများရရှိပြီး ဦးနှောက်ကို oxytocin, prolactin စတဲ့ ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတွေ များများရောက်ရှိစေပါတယ်။ ဟန်ချက်ညီမျှခြင်းတွေနဲ့ အကောင်းမြင်မှုတွေအားလုံးကို ပြန်လည်ရရှိစေနိုင်ပါတယ်။
3. နာကျင်ခြင်းကို အသက်သာဆုံး ဖြစ်စေတယ်။
အာရုံစိုက်ပြီး အသက်ရှူသွင်းရှူထုတ် သေချာလုပ်ခြင်းက နာတာရှည်ဝေဒနာတွေ (သို့) တစ်ခါတစ်ခါ ဖြစ်တတ်တဲ့ ကြွက်သားနာကျင်မှုတွေ စတဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို လျော့ကျစေပါတယ်။ အသက်ရှူတာမှာပဲ အာရုံစိုက်ပြီး ဝင်လေထွက်လေကို သေချာမှတ်နိုင်ဖို့ ကြိုးစားပါ။ စိတ်ပိုင်းဆိုင်ရာ ဆိတ်ငြိမ်မှုှ ရှိစေဖို့အတွက် လေ့ကျင့်နေချိန်မှာပဲ အသက်ရှူပြင်းပြင်းရှူခြင်းက သဘာဝ အနာသက်သာဆေးဖြစ်တဲ့ endorphins ဆိုတဲ့ ဟော်မုန်းတွေ ခန္ဓာကိုယ်အနှံ့ ထွက်လာစေပါတယ်။
4. အဆုတ် အားကောင်းစေပြီး သက်လုံလည်း ကောင်းစေပါတယ်။
အသက်ရှူ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းအားဖြင့် အဆုတ်က ပြန့်ကားနိုင်စွမ်းရှိလာပြီး မြေပေါ်မှာပဲဖြစ်ဖြစ်၊ ရေထဲမှာပဲဖြစ်ဖြစ် ပိုပြီးကြာကြာ လေ့ကျင့်ခန်း လုပ်လာနိုင်ပါတယ်။ ဝမ်းဗို်က်အထိ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် ပုံမှန်လုပ်လာတဲ့အခါမှာ အဆုတ်စနစ်တစ်ခုလုံး အားကောင်းလာပြီး အောက်ဆီဂျင်တွေကို ကောင်းကောင်း ရှူသွင်းနိုင်ပြီး ခန္ဓာကိုယ်အနှံ့ကို် ဖြန့်ဝေပေးပါတယ်။
5. စိတ်ပိုင်းဆိုင်ရာ ငြိမ်းအေးမှုကို ပေးစွမ်းနိုင်တယ်။
အာရုံစိုက်ပြီး ဝင်လေထွက်လေ မှတ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ပိုပြီးသိမြင်လာမယ်၊ မိမိကိုယ်ကို အရှိကို အရှိအတိုင်း လက်ခံလာနိုင်မယ်၊ ကိုယ့်ကိုယ်ကို စည်းကမ်းချမှတ်လာနို်င်မယ်။ ဒီအခါမှာ ပေါင်းသင်းဆက်ဆံရေးအတွက် ပိုပြီးအကျိုးများလာမယ်။ တခြားသူတွေနဲ့ ဆက်ဆံပြုမူတဲ့အခါမှာ ပိုပြီးစိတ်ရှည် သည်းခံတတ်လာကာ၊ ပိုပြီးတွေးတောပေးနိုင်လာမယ်။
အကျိုးကျေးဇူးတွေကို သိပြီးပြီဆိုတော့ ကိုယ်တိုင် အသက်ရှူလေ့ကျင့်ခန်း စလုပ်ဖို့ အသင့်ဖြစ်ကြပြီလား။ လုပ်ပုံလုပ်နည်း အများကြီးရှိတဲ့အထဲက ကိုယ်နဲ့သင့်တော်မယ့် နည်းတစ်ခုကို ရွေးပြီး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















