အဆိပ်အတောက်တွေကို ချေဖျက်ပေးနိုင်တဲ့ အစားအသောက်များ
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုသာ အမြဲစားသုံးပြီး အသန့်စင်ဆုံးရေကို သာ နေ့စဉ်သောက်သုံးနေတာ ကြောင့် ခန္ဓာကိုယ်မှာ ဘာအဆိပ်အတောက်မှ ရှိမှာမဟုတ်ဘူးလို့ ယုံကြည်နေမယ်ဆိုရင်တော့ လုံး၀မှားယွင်းသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ ထိတွေ့နေရတဲ့ လေ၊ ရေ၊ မြေ ဆိုတဲ့ အရာတွေထဲမှာ ညစ်ညမ်းမှုတွေ တစ်နည်းတစ်ဖုံ ရှိနေနိုင်သေးတာကြောင့် ၎င်းတို့မှတဆင့် ခန္ဓာကိုယ်တွင်းမှာ အဆိပ်အတောက်တွေ က မလွဲဧကန် စုဆောင်းသွားမှာဖြစ်ပါတယ်။
ဒီလိုနဲ့ အဆိပ်အတောက်တွေဟာ ခန္ဓာကိုယ်တွင်း စုပုံများပြားလာမှာဖြစ်ပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း၊ ရောင်ရမ်းခြင်း၊ လေပွခြင်းကဲ့သို့သော အစာခြေဖျက်မှုပိုင်းတွင် မူမမှန်ဖြစ်ခြင်း၊ အရေပြားပြဿနာတွေဖြစ်တဲ့ ၀က်ခြံထွက်ခြင်း၊ အနီစက်အဖုအပိမ့်များထခြင်း၊ နှင်းခူ၊ ဂျွတ်ပွေးနဲ့ အသားခြောက်ခြင်းစတဲ့ လက္ခဏာရပ်တွေကို သင်ကိုယ်တိုင် ခံစားလာရပြီဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများနေပြီဆိုတာ သတိမူသင့်နေပါပြီ။
အဆိပ်အတောက်တွေကို ခန္ဓာကိုယ်မှ အလိုအလျောက် ဖယ်ရှားနိုင်တယ်ဆိုပေမယ့် ဒီလိုဖယ်ရှားရာမှာ ကုန်စင်စေဖို့အတွက် အဆိပ်အတောက်တွေကို ခြေဖျက်ပေးနိုင်တဲ့ အထောက်အပံ့တွေကို ရယူဖို့လိုပါတယ်။ အဆိပ်အတောက်ပြေစေတဲ့ အစားအစာတွေဟာ အသည်းက ခန္ဓာကိုယ်တွင်းမှ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ ကူညီပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း အညစ်အကြေး အဆိပ်အတောက်တွေ လုံး၀ကင်းစင်သွားပြီး ကျန်းမာနုပျိုစွာဖြင့် ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင်စေဖို့ အတွက် အဆိပ်အတောက်တွေကို ခြေဖျက်ပေးနိုင်တဲ့ အစားအစာ (9) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
1.ရှောက်သီး
ရှောက်သီးမှာ အဆိပ်အတောက်ဖယ်ရှားပေးနိုင်တဲ့ ပါ၀င်ပစ္စည်းဖြစ်တဲ့ ဗီတာမင်နဲ့ အင်တီအောက်ဆီးဒင့်တွေ ပြည့်နှက်နေပါတယ်။ ခန္ဓာကိုယ်မှ ဂလူတာဒိုင်အုန်းထွက်ဖို့အတွက် လိုအပ်တဲ့ ဗီတာမင် C ဓာတ်ဟာ ရှောက်သီးမှာ ပြည့်စုံလုံလောက်စွာပါ၀င်ပါတယ်။ ဂလူတာဒိုင်အုန်းဟာ အဆိပ်အတောက်ခြေဖျက်ပေးနိုင်ဖို့ အသည်းကို အကူအညီပေးတဲ့အတွက် ခန္ဓာကိုယ်မှာ ဂလူတာဒိုင်အုန်း များများထွက်ဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်စုပုံခြင်းဖြစ်မှာကို ကာကွယ်ပေးနိုင်ပြီး အစာခြေဖျက်ခြင်းလုပ်ငန်းကိုလည်း ချောချူစေတာကြောင့် ခန္ဓာကိုယ်မှ စွန့်ထုတ်ပစ္စည်းတွေနဲ့အတူ အဆိပ်အတောက်တွေက အလွယ်တကူပါသွားနိုင်ပါတယ်။ ရေနွေးတစ်ဖန်ခွက်စာထဲကို ရှောက်သီးတစ်ခြမ်း ညှစ်ထည့်ပြီး မနက်တိုင်း အစာမစားခင် နေ့စဉ်သောက်ပေးပါ။
2. မုန်လာဥနီ
အသည်းနဲ့အစာခြေစနစ်ကို အကာအကွယ်ပေးတဲ့ မုန်လာဥနီမှာရှိတဲ့ Betaine နဲ့ Pectin ဓာတ်နှစ်မျိုးဟာ ခန္ဓာကိုယ်တွင်း စုပုံနေတဲ့ အဆိပ်အတောက်တွေကို နည်းသထက် နည်းသွားအောင် လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မုန်လာဥနီမှာ အဆိပ်အတောက် ဖယ်ရှားရာမှာ မရှိမဖြစ်လိုအပ်တဲ့ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဇင့်ဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်လည်းပါ၀င်ကာ အမျှင်ဓာတ်ကြွယ်၀စွာပါရှိခြင်းကြောင့်လည်း အစာခြေအားကိုကောင်းစေနိုင်ပြီး ၀မ်းမှန်စေကာ ခန္ဓာကိုယ်တွင်း အညစ်အကြေးတွေ စုပုံနေတာမျိုး မရှိတော့ပါဘူး။ မုန်လာဥနီကို အရွက်သုပ်ထဲမှာ ထည့်သုတ်စားတာပဲဖြစ်စေ၊ မုန်လာဥနီဖျော်ရည်သောက်တာပဲဖြစ်စေ၊ နေ့စဉ်သော်လည်းကောင်း၊ တစ်ပတ်အတွင်းနှစ်ကြိမ်၊ သုံးကြိမ်ခန့်ပါအောင် စားသုံးခြင်းဖြင့်သော်လည်းကောင်း ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ပုံမှန်ခြေဖျက်ပေးသင့်ပါတယ်။ ဒါပေမယ့် ကျောက်ကပ်မှာ ကျောက်ရှိတဲ့သူတွေနဲ့ ကျောက်တည်နိုင်တဲ့အလားအလာရှိသူတွေကတော့ မုန်လာဥနီမှာ Oxalates ဓာတ် ပါ၀င်မှုများတဲ့အတွက် မစားသင့်ပါဘူး။
3. ရေနွေးကြမ်း
ရေနွေးကြမ်း မှာပါတဲ့ catechins ဓာတ်ဟာ free radicals (ကင်ဆာ၊ နှလုံးရောဂါနဲ့ အဆစ်ရောင်ရောဂါကို ဖြစ်စေနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တွေကို ဖယ်ရှားပေးနိုင်ပြီး အသည်းရဲ့ အရေးကြီးဆုံး လုပ်ငန်းဆောင်တာတစ်ခုဖြစ်တဲ့ သွေးတွင်းမှ အဆိပ်အတောက်တွေကို ဖယ်ရှားခြင်းလုပ်ငန်းစဉ်မှာ ပိုမိုကောင်းစေပါတယ်။ ရေနွေးကြမ်း နွေးနွေးလေး (သို့) ရေနွေးကြမ်း အအေးကို နေ့စဉ်သောက်ပေးခြင်းဖြစ်စေ၊ တစ်ပတ်အတွင်းမှာ နှစ်ခွက်၊ သုံးခွက်လောက် ဖြစ်စေ သောက်ဖြစ်အောင်သောက်ပေးပါ။
4. ထောပတ်သီး
ထောပတ်သီးမှာပါတဲ့ ဂလူတာဒိုင်အုန်းဓာတ်ဟာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းအမျိုးပေါင်း (30) လောက်ကို ပျက်စီးစေနိုင်ပြီး အသည်း၏ အဆိပ်အတောက်ဖယ်ရှားခြင်းဖြစ်စဉ်ကို အထောက်အကူပြုပေးနိုင်ပါတယ်။ Michigan University မှ သုတေသီတွေက ခန္ဓာကိုယ်တွင်းဂလူတာဒိုင်အုန်းပမာဏမြင့်သူ အများစုဟာ ပိုမိုကျန်းမာကြပြီး အဆစ်ရောင်ရောဂါလည်း အဖြစ်နည်းကြပါတယ်လို့ သူတို့၏လေ့လာတွေ့ရှိထားချက်ကို ဖော်ပြထားပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အသည်းပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်တဲ့ Vitamin K ကြွယ်၀စွာပါ၀င်သလို အမျှင်ဓာတ်တွေပါခြင်းကြောင့်လည်း အဆိပ်အတောက်တွေကို မကပ်တွယ်နေနိုင်တော့ပါဘူး။ ထောပတ်သီးတစ်ခြမ်းလောက်ကို ဖျော်ပြီးပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေ စုပုံနေမလားဆိုပြီး စိုးရိမ်နေစရာမလိုတော့ဘူးပေါ့။
5. ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်မှာပါတဲ့ Glucosinolates ဓာတ်ဟာ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ထိရောက်စွာခြေဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဂေါ်ဖီထုပ်မှာ ဗီတာမင် C ကြွယ်၀စွာပါ၀င်ခြင်းကြောင့် အသည်း၏ အဆိပ်အတောက်ဖယ်ရှားခြင်းလုပ်ငန်းစဉ်များကို ပိိုမိုအားကောင်းစေပြီး အမျှင်ဓာတ်ကြွယ်၀တဲ့အတွက် အူလှုပ်ရှားမှုကို ကောင်းစေပြီး ၀မ်းမှန်စေပါတယ်။ ဂေါ်ဖီထုပ်ကိုအရွက်သုပ်ထဲမှ ထည့်သုတ်စားခြင်းဖြစ်စေ၊ ဖျော်ရည်လုပ်သောက်ခြင်းဖြစ်စေ၊ စွပ်ပြုတ်ထဲမှာရောထည့်ပြုတ်ခြင်းဖြစ်စေ မိမိနှစ်သက်သလိုစီမံပြီး နေ့စဉ်ပါ၀င်အောင် စားပေးနိုင်တာ အကောင်းဆုံးပါ။
6. ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာပါတဲ့ ဆာလဖာဒြပ်ပေါင်းဟာ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အကျိုးမပြုဘက်တီးရီးယားတွေနဲ့ တစေးမှိုတွေကို တိုက်ထုတ်ပေးနိုင်ပြီး အဆိပ်အတောက်ကို ခြေဖျက်ပေးရာမှာလိုအပ်တဲ့ ဂလူတာဒိုင်အုန်းဓာတ်ကို များများထွက်စေပါတယ်။ ကြက်သွန်ဖြူမှာ ဗီတာမင် C အမြောက်အမြားပါ၀င်ခြင်းကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ကာ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူအမွှာလေး 2-4 မွှာလောက် ထမင်းစားတဲ့အခါ တို့စရာအဖြစ် နေ့စဉ်စားပေးပါ။ ကြက်သွန်ဖြူနံ့ မခံနိုင်သူတွေအနေနဲ့ကတော့ ကြက်သွန်ဖြူပါတဲ့ ဆေးတောင့်ကိုသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
7. ပန်းဂေါ်ဖီ
ပန်းဂေါ်ဖီမှာ phytochemicals လို့ခေါ်တဲ့ glucosinolates ဓာတ်ပါရှိပါတယ်။ ၄င်းဓာတ်ဟာ အစာအိမ်အူလမ်းကြောင်းထဲမှာရှိတဲ့ isothiocyanates နဲ့ indole-3-carbinol ဆိုတဲ့ ဒြပ်ပေါင်းနှစ်မျိုးအဖြစ်သို့ ပြိုကွဲသွားပြီး ယင်းဒြပ်ပေါင်းနှစ်မျိုးစလုံးကလည်း ခန္ဓာကိုယ်ရှိ အဆိပ်အတောက်ကြေပျက်စေတဲ့ အင်ဇိုင်းတွေကို ပုံမှန်လည်ပတ်လုပ်ဆောင်နိုင်အောင် အထောက်အကူပြုပေးပါတယ်။ ပန်းဂေါ်ဖီကိုပြုတ်ပြီး တို့စရာအနေနဲ့စားတာဖြစ်စေ၊ အရွက်သုပ်စားရာမှာ ထည့်သုတ်စားတာဖြစ်စေ ကိုယ်နှစ်သက်တဲ့ပုံစံအတိုင်းပြင်ဆင်ပြီး တစ်ပတ်မှာ သုံးလေးခါလောက် ပါ၀င်အောင်စားပေးပါ။
8. ဂျင်း
ဂျင်းမှာပါတဲ့ gingerols နဲ့ shogaols ဒြပ်ပေါင်းနှစ်မျိုးဟာ အဆိပ်အတောက်ခြေဖျက်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းအောင် အားပေးလှုံ့ဆော်ပေးပြီး အူမကြီး၊ အသည်းနဲ့အခြားသော ကိုယ်တွင်းအင်္ဂါမှ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်တဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း အကူအညီပေးပါတယ်။ ပြီးတော့ ဂျင်းဟာ အသည်းကျန်းမာရေးအတွက် များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ ဂျင်းကို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာလောက်ထောင်းလိုက်ပြီး ရေနွေးပူပူတစ်ခွက်ထဲမှာထည့်လိုက်ကာ 5-10 မိနစ်ခန့်ကြာအောင် နှပ်ထားပြီးသောက်တာဖြစ်ဖြစ်၊ အသုပ်ထဲမှာထည့်သုတ်စားတာဖြစ်ဖြစ်၊ ဂျင်းကိုအရည်ညှစ်ကာ ဖျော်ရည်လုပ်သောက်တာဖြစ်ဖြစ် တစ်ပတ်မှာအနည်းဆုံး နှစ်ကြိမ်လောက်ပါ၀င်အောင် စားပေးသင့်ပါတယ်။
9. ပန်းသီး
ပန်းသီးမှာလည်း ရေမှာပျော်၀င်တဲ့ အမျှင်ဓာတ်နဲ့ ရေမှာမပျော်၀င်တဲ့ အမျှင်ဓာတ်နှစ်မျိုးစလုံး ပါရှိပါတယ်။ ရေမှာပျော်၀င်တဲ့ အမျှင်ဓာတ် Pectin က သွေးကြောတွေမှာ သွေးခဲတွေစုပုံခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ရေမှာမပျော်၀င်တဲ့အမျှင်ဓာတ် Cellulose က အစာခြေစနစ်ကို ကောင်းစေကာ အစာအိမ်အူလမ်းကြောင်းတစ်လျှောက်ရှိ အညစ်အကြေးတွေကို ခန္ဓာကိုယ်တွင်းမှ လျင်မြန်စွာထွက်သွားအောင် လှုံ့ဆော်ပေးပါတယ်။
တချို့တွေဆိုရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေဖို့အတွက် Apple Detox Program ပြုလုပ်ပါတယ်။ ရောဂါကင်းပြီး ကျန်းမာရေးကောင်းတဲ့ ဘယ်သူမဆို ဒီ Program ကို ပြုလုပ်နိုင်ပါတယ်။ Apple Detox Program ဆိုတာ ပန်းသီးတစ်မျိုးတည်းကိုပဲ 2 ရက်ဆက်တိုက် သီးသန့်စားတာကို ပြောတာပါ။ ဒီနှစ်ရက်အတွင်းမှာလည်း တခြားဘာကိုမှ မစားဘဲ ပန်းသီးနဲ့ ရေကိုသာ စားသောက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားနေစဉ်အတွင်းမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ ညောင်းညာကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လေပွခြင်း၊ ၀မ်းချုပ်ခြင်း၊ အူလှုပ်ရှားမှု အားနည်းခြင်း စတဲ့လက္ခဏာရပ်တွေကို ခံစားရကောင်း ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာမရှိပါဘူး။ ဒီနှစ်ရက်ကို ကျော်ဖြတ်ပြီးရင်တော့ ပုံမှန်အတိုင်းပြန်စားလို့ရပါပြီ။
Mg Hlaing Thwin (www.drmyanmar.com)