ရေကျချိန်နှင့် ကျန်းမာရေးပြဿနာ အထွေထွေ
မိုးကာလမှာ မြန်မာပြည်က ဒေသအနေအထားအလျောက် ရေတက်လာမယ့် ရေလွှမ်းမယ့်ဒေသတွေ ရှိနေနိုင်ပါတယ်။ ရေတက်ရေကျချိန်တွေမှာ ဒေသခံတွေအနေနဲ့ ကျန်းမာရေးရှုထောင့်နဲ့ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေကို ဗဟုသုတ သိထားစေလိုပါတယ်။
ရေတက်လာပြီဆိုရင် ညစ်ညမ်းတဲ့ရေနဲ့ အမှိုက်တွေ အိမ်ဝင်းတွေထဲကို စီးဝင်လာပါပြီ။ မြောင်းရေ၊ ချောင်းရေတွေ လျှံမယ်။ ရွှံ့တွေ၊ ဗွက်တွေနဲ့ စိုစွတ်ပြီး ကျန်နေခဲ့ပါပြီ။
ရေတက်ထားတဲ့နေရာတွေ ရေကျချိန် ကြုံနေရတဲ့ဒေသတွေအနေနဲ့ ခိုက်မိတာ၊ ပွန်းပဲ့ဒဏ်ရာဖြစ်တဲ့အခါ ချက်ချင်းဆေးကြော ဖုံးအုပ်စေလိုပါတယ်။ ရေထဲမှာပါလာတဲ့ပိုးတွေ၊ လက်ပတိုစပိုင်ရိုးစစ်ပိုးတွေဟာ ဒဏ်ရာကနေ ချက်ချင်းဝင်ရောက်နိုင်လို့ပါပဲ။
သြစတေးလျက ရေတက်တတ်တဲ့ဒေသတွေမှာဆိုရင် မက်လင်ဒိုးစစ်ပိုး ပျံနှံမှုကြောင့် ကွင်းစလန်ပြည်နယ်က လူတချို့ သေဆုံးခဲ့ဖူးပါတယ်။
● လက်မကြာခဏ ဆေးပါ။
● ရွှံတွေ၊ ဗွက်တွေနဲ့ အလုပ်လုပ်တဲ့အခါ မျက်နှာကို ပါးစပ်အစွပ် တပ်ဆင်ပါ။
● မြွေ၊ ကင်း၊ ကြွက်တွေ ဝင်ရောက်ခိုအောင်းနိုင်တာကြောင့် အိမ်ရှိလူကုန် သတိရှိရှိ သန့်ရှင်းရေးလုပ်ပါ။
ရေကျန်တဲ့၊ ရေဝပ်တဲ့နေရာတွေမှာ ခြင်တွေ ပေါက်ပွားလာနိုင်တာလည်း တစ်ဒုက္ခပါပဲ။ ခြင်မှတဆင့် ကူးစက်သော သွေးလွန်တုပ်ကွေး၊ ငှက်ဖျား အန္တရာယ်တွေက ဒေသခံတွေကို ပြဿနာကြီးကြီး တက်စေနိုင်ပါတယ်နော်။
● လက်ရှည်အကျႌ ဝတ်ပါ။
● ခြင်ဆေး ထွန်းပါ။
● ခြင်ထောင် ထောင်အိပ်ပါ။
စိုစိုစွတ်စွတ် ကျန်နေခဲ့တဲ့ ပတ်ဝန်းကျင်ဟာ မှိုပိုးတွေကို ပျော်ပျော်ပါးပါး ပေါက်ပွားဖို့ ဖိတ်ခေါ်လျက် ရှိပါတယ်။ ပန်းနာရင်ကြပ်ရှိသူတွေ၊ ကိုယ်ခံအားနည်းသူ၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေဟာ အဆုတ်ရောဂါ၊ အရေပြားရောဂါနဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်ပွားလာကြပါတယ်။
အိမ်သန့်ရှင်းရေး အရေးပါလာပြီး ရင်ကြပ်ပန်းနာရှိသူတွေ၊ မှိုကြောင့် ရောဂါထနိုင်တာမို့ ဆေးမပြတ်လတ်ဖို့ ကလေး၊ လူကြီး နှာစေး၊ ချောင်းဆိုး၊ ပန်းနာထတာကအစ မှိုပိုးအန္တရာယ် ရှိနေနိုင်တာမို့ ဆရာဝန်နဲ့ သတိပြု ပြသစစ်ဆေးကြဖို့ ဖြစ်ပါတယ်။
တစ်ခါတလေကျတော့လည်း တချို့သီအိုရီတွေက အမြဲမမှန်ကန်ပြန်ပါဘူး။ သြစတေးလျရဲ့ ရေလျှံဒေသတွေမှာ မှိုကြောင့် ကျန်းမာရေး ထိခိုက်ပြဿနာတက်ခဲ့ပေမယ့် ဟာရီကိန်း ကာရီနာ အမေရိကန်ကို ဖြတ်သန်း တိုက်ခတ်သွားတုန်းက ရေကျချိန်မှာ မှိုပိုးကြောင့် ကျန်းမာရေးပြဿနာ အနည်းငယ်သာ ပေါ်ပေါက်တာ တွေ့ခဲ့ရပြန်ပါတယ်။
ရေတက်၊ ရေကျချိန်တွေမှာ သတိထားသင့်တာတွေ ကျန်းမာရေး အန္တရာယ်တွေကို ဗဟုသုတ ရှိထားခြင်းဖြင့် မိုးတွင်းကာလကို သတိရှိရှိ ဖြတ်သန်းနိုင်ကြပါစေနော်။
ဂျီပီငှက် (ဆေး/မန််း) (www.drmyanmar.com)
















