/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင့်ခါးကို-ဂရုစိုက်ပေးရမယ့်-နည်းလမ်းများ

သင့်ခါးကို ဂရုစိုက်ပေးရမယ့် နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသက်ငါးဆယ်နား နီးလာရင် လူတိုင်းလိုလို ခါးနာလာတတ်တာ ထုံးစံပါပဲ။ ခါးနာတာက မပြောပလောက်ဘူး ထင်ရပေမယ့် တစ်ခါတလေ တော်တော်ဒုက္ခပေးပါတယ်။ ကိုယ်တွေ့ခံစားဖူးသူတွေဆို နားလည်ကြမှာပါ။

          အသက်ကြီးလာတော့ ရိုးတွင်းခြင်ဆီတွေ အားနည်းလာသလို အရိုးလည်း ပွချင်လာပါတယ်။ အသက်ရလာတဲ့အခါ ခါးရိုးအဆစ်တွေ ချိနဲ့ပြီး ရောင်လာတာတို့၊ ပွလာတာတို့ ဖြစ်တတ်ပါတယ်။

          အစပိုင်းတော့ နာတာက ပေါ်လိုက်၊ ပျောက်လိုက် နောက်ပိုင်းကျတော့ နာတာ စိပ်လာပြီး ပေါင်တွေပါ ထုံပြီး နာလာတာမျိုး ကြုံရတတ်ပါတယ်။ ခါးနာ ကြာလာတော့ အာရုံကြောပါ ထိလို့ ဖြစ်တာပါ။

          ဒုက္ခပေးနေမယ့် ခါးနာအတွက် ခန္ဓာကိုယ်အနေအထား ပြုပြင်ပြီး သတိရှိရှိ လှုပ်ရှားသွားလာပုံလေးတွေ အတော်များများ ရှိပါတယ်။

 

•        လူကြီးတွေ အလေးအပင် မ,တဲ့အခါ အနေအထား မမှန်လျှင် ခါးပေါ်ကို ဝန်ပိတတ်ပါတယ်။ အမှားဆုံးတစ်ခု ထောက်ပြရရင် အလေးအပင်မ,ရင် ခါးကို ကုန်းချလိုက်တာပါ။ တစ်ခုခုကို မ,မယ်ဆို လူအကူ ခေါ်လိုက်တာ အကောင်းဆုံးပါ။ မတတ်နိုင်တာကို သွားစမ်းမကြည့်ပါနဲ့။ မတတ်သာလို့ တစ်ခုခု မ,ရတော့မယ်ဆိုရင် လူအများစု လုပ်ကြတာက တစ်ခုခုကို မ,လိုက်တယ်။ ပြီးရင် အမြင့်ကို တင်တယ်။ ကုန်းပြီး မ,တယ်၊ ပြီးတော့ ပြန်ဆန့်ပြီး ပစ္စည်းကို အမြင့်ကို ထားလိုက်တယ်။ ဒါမျိုးလုပ်တာ ငယ်တုန်းတော့ ပြဿနာမရှိသေးဘူး။ ခါးကို ရုတ်တရက် လိမ်လိုက်တာ၊ ဆန့်ချလိုက်တာ လုံးဝမှားယွင်းပါတယ်။

          ပုံစံမှန်ကို ပြောပြရမယ် ဆိုရင်တော့ အလေးတစ်ခု မ,မယ်ဆို အရင်ထိုင်ချလိုက်ပါ။ လိုအပ်သလို ဒူးကွေးပါ။ ခြေထောက်နဲ့ ခြေဖဝါးပေါ်မှာ အားစိုက်ပါ။ ခါး ဝန်မပိတော့ဘူးပေါ့။

 

•        အသက်အရွယ် ထောက်လာပေမယ့် လိုအပ်ချက်အရ အလုပ်လုပ်ဆဲ လူကြီးတွေဟာ အကြာကြီး ရပ်ရ၊ ထိုင်ရမယ်ဆိုလျှင် ဖိနပ်ကောင်းကောင်း စီးသင့်ပါတယ်။ ဖိနပ်အပါးကိုမှ အတွင်းသား ပျော့ပြောင်း နူးညံတာလေး ရွေးဝယ်ကြဖို့ အကြံပြုပါတယ်။

 

•        အကြာကြီး ထိုင်ရမယ်ဆို ခုံပုလေးပေါ် ခြေထောက်လေး တင်ထားလည်း သက်သာတယ်။ နောက်မှီလေးနဲ့ ထိုင်ရင် ပိုကောင်းပါတယ်။ ဒူးနဲ့ခါး တစ်ပြေးတည်း မတ်မတ်ထိုင်ပါ။ မကွေးပါနဲ့။ စာ ကုန်းရေးရင်လည်း ကြာကြာ ကုန်းမထားပါနဲ့။ စားပွဲနဲ့ ကုလားထိုင်ဟာ သက်သောင့်သက်သာ ရှိမယ့်အနေအထား ရှိသင့်ပါတယ်။ အညောင်းဆန့်ပါ။

 

•        ဆေးလိပ်တော့ ဖြစ်နိုင်ရင် ရှောင်စေချင်ပါတယ်။ လူတွေက စိတ်ဖိစီးမှုကို ဆေးလိပ်နဲ့ လျှော့ချတာ ရှိတယ်။ မဖြတ်နိုင်ရင်တောင် လျှော့ပါ၊ ဆေးလိပ် မသောက်သူဟာ အရိုးအကြောတွေ ပိုကျန်းမာပါတယ်။

 

•        အိမ်ရောက်လို့ အိပ်မယ်၊ နားမယ်ဆိုလည်း ဒူးအောက်မှာ ခေါင်းအုံးပျော့လေး ထားပါ။ မကြာခဏ စောင်းအိပ်ပါ၊ ခါးကို လိမ်ပြီး ရုတ်တရက် ထထိုင်တာမျိုး ရှောင်ပါ။

 

•        ကျန်းမာရေး လေ့ကျင့်ခန်းထက် ကောင်းတာတော့ မရှိတော့ပါဘူး။ လှုပ်ရှားမှုလေးလုပ်တာ သိပ်အကျိုးရှိပါတယ်။ ဝိတ်ချပါ။ အဆီအစိမ့်တွေ လျှော့စားပြီး အစားရှောင်ပါ။ သိပ်ဝနေရင် အရိုးအကြောတွေ ဒဏ်ပိပါတယ်။

 

          အသက်ကြီးလာရင် ခါးနာတာက တစ်နေရာတည်း ကွက်နာနေမယ်။ လှုပ်ရှားရင် မခံနိုင်အောင် နာမယ်၊ နာတာကိုမှ မနားဘဲ ဆက်လုပ်နေရင် ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ နောက်ဆုံး အိပ်မရအောင် နာမယ်။ မနက်အစောကြီးနဲ့ ညအိပ်ရာဝင်မှာလည်း ပိုဆိုးလာတတ်ပါတယ်။ အရိုးပွလို့ ဖြစ်တာပါ။ အသက်ကြီးတော့ အဆစ်တွေယောင်ပြီး အားပျော့ကာ တစ်စတစ်စ ပျက်စီးလာတာ ဖြစ်ပါတယ်။

          ခါးကို ဂရုစိုက်မယ်ဆို ကိုယ့်အမူအကျင့်နဲ့ ပြင်သွားရမှာပါ။ ခါးကို များများဒဏ်ပေး၊ အလုပ်ပေးလေလေ ခါးနာဝေဒနာ ပိုဆိုးလေဆိုတာ သိစေချင်ပါတယ်၊ ယခုတင်ပြသွားတဲ့ လှုပ်ရှားပုံလေးတွေအတိုင်း သတိထားပြုမူမယ် ဆိုရင်တော့ ခါးနာ ပိုဆိုးမလာအောင် ကာကွယ်ပြီးသား ဖြစ်သလို ခါးကိုလည်း ကြင်နာပြီးသား ဖြစ်သွားမှာပါ။

ဂျီပီငှက် (ဆေး/ မန်း) (www.drmyanmar.com)