ဆီးချိုေ၀ဒနာရှင်များ မစားသင့်သောအစားအသောက်များ
1. သကြားဓာတ်များသောထမင်း၊ ဂျုံ၊ ပြောင်း
သကြားဓာတ်များသောထမင်း၊ ဂျုံ၊ ပြောင်းတို့ဟာ သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေတာကြောင့် အမျှင်ဓာတ်မြင့်မားစွာပါ၀င်တဲ့ ဆန်လုံးညို၊ ဆန်ကြမ်း၊ ပေါင်မုန့်အကြမ်း(အညို)တို့ကိုသာစားသုံးပေးသင့်ပါတယ်။
2. Blended Coffee
Blended Coffee၊ Milkshake စတဲ့ အစားအသောက်တွေမှာ ကယ်လိုရီအများအပြား ပါ၀င်တာကြောင့် ဆီးချိုေ၀ဒနာရှင်တွေအနေနဲ့ သောက်သုံးဖို့မသင့်တော်ပါဘူး။ အဆီထုတ်ထားတဲ့ ဒိန်ချဉ်၊ ဆီချိုသမားများအတွက် သီးသန့်ထုတ်ထားတဲ့ ဘီစကွတ်၊ ခရတ်ကာ စတဲ့အစားအစာတွေကိုသာ ရွေးချယ်စားသုံးပေးသင့်ပါတယ်။
3. ငှက်ပျောသီးနှင့် ဖရဲသီး
သစ်သီး၀လံတွေမှာ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေပြည့်နှက်ပါ၀င်နေပြီး ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုရှိစေပေမယ့် ငှက်ပျောသီး၊ ဖရဲသီး၊ မက်မွန်သီးတွေမှာ သကြားဓာတ်ပါ၀င်မှု မြင့်မားတာကြောင့် ဆီးချိုေ၀ဒနာရှင်တွေအနေနဲ့ ရှောင်ကြဉ်သင့်ပါတယ်။ ယင်းအစားအစာတွေအစား ပန်းသီး၊ ဘလူးဘယ်ရီသီးနဲ့ အခြားဘယ်ရီသီးများကို စားသုံးပေးသင့်ပါတယ်။
4. သစ်သီးဖျော်ရည်
အရသာချိုအီနေသော သစ်သီးဖျော်ရည်တွေမှာ သကြားပါ၀င်မှုမြင့်မားပါတယ်။ ကိုက်လန်၊ ဒေါက်ခွရွက်၊ မုန်လာဥနီနဲ့ အချိုဓာတ်လျော့နည်းတဲ့ သစ်သီးများဖြစ်တဲ့ အစိမ်းရောင်ပန်းသီး၊ ဘယ်ရီသီးတို့ဖြင့်သာ သစ်သီးဖျော်ရည်အဖြစ် စီမံပြီးသောက်သုံးပေးသင့်ပါတယ်။
5. Energy Bars
အဆာပြေသရေစာအတွက် Energy bars တွေကို စားသုံးတာဟာ သွေးတွင်းသကြားဓာတ် ပမာဏကို မြင့်တက်စေနိုင်ပါတယ်။ အချိုနဲ့ အငန်မပါတဲ့ ပြောင်းဖူးပေါက်ပေါက်၊ ဗန်ဒါစေ့စတဲ့ အစားအစာတွေက သရေစာအဖြစ်စားသုံးဖို့သင့်တော်ပါတယ်။
6. အီတလီခေါက်ဆွဲ
ကြက်ဥ၊ ဂျုံနဲ့ပြုလုပ်ထားတဲ့ ခေါက်ဆွဲပြားကိုမလိုင်၊ ဒိန်ခဲ၊ ထောပတ်တို့ကိုအသုံးပြုပြီးစီမံထားတဲ့ sauce နဲ့စားချင်စဖွယ်ဖြစ်အောင် ပြုလုပ်ထားတဲ့အစားအစာမှာ ကယ်လိုရီမြင့်မားစွာပါ၀င်ပြီး အဆီတွေပြည့်နှက်နေပါတယ်။ ဒါကြောင့်ခရမ်းချဉ်သီး sauce နဲ့ စီမံထားတဲ့ လုံးတီးဂျုံအီတလီခေါက်ဆွဲကိုသာ အစားထိုးစားသုံးပေးသင့်ပါတယ်။
7. အာလူးချောင်းကြော်
အာလူး၊ ပြောင်းဖူး၊ ပဲစတဲ့ အစားအသောက်တွေမှာဗီတာမင်၊သတ္တုဓာတ်နဲ့ အမျှင်ဓာတ်များကြွယ်၀စွာ ပါ၀င်နေသော်လည်း ကစီဓာတ်ပါ၀င်နှုန်းများတာကြောင့်စားပြီးချိန် 2 နာရီ အတွင်းသွေးတွင်းသကြားဓာတ်ပမာဏ တိုင်းကြည့်ဖို့လိုအပ်ပါတယ်။ အာလူးချောင်းကြော်ဟာ ကစီဓာတ်ကဲတဲ့ အစားအစာဖြစ်တာကြောင့် ဆီးချိုေ၀ဒနာရှင်တွေအနေနဲ့ အလွန်အမင်းစားသုံးဖို့မသင့်လျော်ပါဘူး။
8. တရုတ်အစားအစာ
ကယ်လိုရီ၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်တို့ပြည့်နှက်နေတဲ့ တရုတ်အစားအစာတွေဟာ သွေးတွင်း သကြားဓာတ်ပမာဏကို မြင့်တက်စေနိုင်ပါတယ်။ တရုတ်အစားအစာကို စွဲလမ်းနှစ်ခြိုက်သူဖြစ်မယ်ဆိုရင်တော့ ဟင်းသီးဟင်းရွက်များကို ရေနွေးငွေ့ဖြင့်ပေါင်းခံကာအငန်နဲ့ အဆီဓာတ်ပါ၀င်မှု နည်းပါးအောင်် ပြင်ဆင် စားသောက်ပါ။ အငန်ဓာတ်ပါ၀င်နှုန်းလျော့နည်းခြင်းဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်ခြင်းမှ လျှော့ချပေးပြီး နှလုံး တိုက်ခိုက်ခံရနိုင်ချေမှ ကာကွယ်ပေးပါတယ်။
9. နံနက်စာအာဟာရဖြည့်အစားအစာ
အချိုဓာတ်ကဲထားတဲ့ နံနက်စာစားသောက်ဖွယ်ရာတွေဟာ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို အားပေးပါတယ်။ ဒါကြောင့် အချိုဓာတ်နည်း သစ်သီး၀လံများနဲ့ ဟင်းရွက်သုပ်တို့ကိုသာ ရွေးချယ်စားသုံး ပေးသင့်ပါ တယ်။
10. အဆီများအသား
ပြည့်၀ဆီကြွယ်၀နေတဲ့အနီရောင်အသား၊ ပြုပြင်စီမံထားတဲ့ အသားတွေဟာ သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် ပဲတောင့်ရှည်၊ ရွှေပဲသီး၊ ပဲနီကလေး၊ ငါး၊ ပင်လယ်စာ၊ ကြက်သားစတဲ့ အဆီဓာတ်မပြည့်၀တဲ့ အစားအစာများကို ရွေးချယ်စားသုံးသင့်ပါတယ်။
Cho Thet





























