/
news/ကျန်းမာရေး-z/ခြင်ကျားမလေးကပေးတဲ့-ေ၀ဒနာသစ်-သို့-အန္တရာယ်များတဲ့-ဇီကာရောဂါ-zika

ခြင်ကျားမလေးကပေးတဲ့ ေ၀ဒနာသစ် (သို့) အန္တရာယ်များတဲ့ ဇီကာရောဂါ (Zika)

Category
ကျန်းမာရေး (A-Z)

"ခြင်ကျားမလေး အေးဒီးစ်အီဂျစ်တိုင်း (Aedes Aegypti)"
------------------------------------------------

         ဒီခြင်ကျားမလေးဟာ သက်တမ်းအားဖြင့် ရက်ပေါင်း 20 ကနေ တစ်လအထိသာ အသက်ရှင်နိုင်ပေမယ့် သူပေးတဲ့ ေ၀ဒနာတွေကတော့ မနည်းလှပါဘူး။ လူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့ ရောဂါပိုးတော်တော်များများကို သူကပဲ သယ်ပြီး လိုက်ဖြန့်နေတာပါ။ သွေးလွန်တုပ်ကွေးရောဂါ (Dengue) ၊ ဆင်တုပ်ကွေးရောဂါ (Chikungunya) ၊ ဂျပန်ဦးနှောက်အမှေးရောင် (Japanese Encephalitis) ၊ Yellow Fever နဲ့ West Nile ရောဂါတွေဟာ ဒီခြင်ကျားမလေးကြောင့် ဖြစ်တာချည်းပါပဲ။ အခုလဲ ကမ်ဘာကြီး တစ်ခုလုံးကို ထိတ်လန့်စေတဲ့ ဇီကာဗိုင်းရပ်စ်ပိုး (Zika Virus) ကို နေရာအန့ှံ လိုက်ဖြန့်လို့ နေပြန်ပါပြီ။

        ခြင်ကျားအထီးတွေရော အမတွေရောဟာ သူတို့အတွက် စွမ်းအင်ကိုရဖို့ အပင်တွေနဲ့ အသီးအနှံတွေကရတဲ့ သကြားဓာတ်ကို စုပ်ယူကြပါတယ်။ အဲဒီထဲကမှ ခြင်ကျားအမတွေက သူတို့ ဥဥဖို့အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို လူတွေရဲ့သွေးကို စုပ်ယူပြီး ဖြည့်တင်း ကြပါတယ်။ ခြင်ကျားပိုးလောက်လန်းတွေဟာ တစ်ပတ်ထက်ပိုပြီး ကြာကြာလှောင်ထားတဲ့ ရေကြည်၊ ရေသန့်တွေ နဲ့ ရေငြိမ်တွေမှာ ပေါက်ဖွားတတ်ပါတယ်။ နောက်ပြီး ပစ်ထားတဲ့ တာယာအဟောင်းတွေ၊ ပလပ်စတစ်ခွက်တွေ၊ အမှိုက်တွေနဲ့ပိတ်နေတဲ့ ရေမြောင်းတွေ၊ မသုံးတာကြာတဲ့ နွားစားခွက်တွေ၊ လှေတွေကလည်း သူတို့ ပေါက်ဖွားလေ့ရှိတဲ့ နေရာတွေပါပဲ။

        အေးဒီးစ်ခြင်ကျားမလေးတွေဟာ သိပ်ေ၀းေ၀းကို မပျံနိုင်ပါဘူး။ မီတာ 100 အတွင်းပဲ သွားလာနိုင်တာဆိုတော့ ပေ 300 ကျော်အတွင်းမှာပဲ ပျံနိုင်ပါတယ်။ ပြီးတော့ သူက နေ့ခင်းဘက်အချိန်တွေမှာ ကိုက်လေ့ရှိပါတယ်။ အထူးသဖြင့် မနက်နေမထွက်ခင် 2 နာရီနဲ့ နေမ၀င်ခင် 2 နာရီကတော့ အကိုက်အများဆုံးအချိန်တွေပဲ ဖြစ်ပါတယ်။ အဆောက်အဦးရဲ့ အတွင်းရော၊ အပြင်ရောမှာ ကိုက်လေ့ရှိပြီး မှောင်ရိပ်ခိုရတာကို ကြိုက်ပါတယ်။

===============
“ဇီကာရဲ့ သမိုင်း”
---------------

        အရှေ့အာဖရိက မှာရှိတဲ့ ယူဂန်ဒါနိုင်ငံပိုင် ဇီကာတောနက်ကြီးထဲက Rhesus မျောက်တစ်ကောင်မှာ 1947 ခုနှစ် ဧပြီလ 18 ရက်နေ့က ဇီကာဗိုင်းရပ်စ်ပိုး စတွေ့ခဲ့တာကို အစွဲပြုပြီး ဇီကာရောဂါလို့ အမည် သတ်မှတ်ခဲ့ပါတယ်။ 1954 ခုနှစ်ရောက်မှ ပထမဆုံးအနေနဲ့ လူကို ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ပါတယ်။ အသက် 10 နှစ်အရွယ် နိုင်ဂျီးရီးယားကလေးမလေးတစ်ယောက်မှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ပျံ့န့ှံလာရက အာဖရိကတိုက်ရဲ့အခြားအပိုင်းတွေမှာရော၊ အာရှတိုက်မှာရော၊ အမေရိကားတိုက်မှာရောပါ ဇီကာရောဂါသည်လူနာတွေကို တွေ့လာရပါတယ်။

        2007 ခုနှစ်တုန်းက Yap ကျွန်းစုမှာ လူတော်တော်များများ ကူးစက်ခံခဲ့ရပေမယ့် ဆေးရုံတက်ပြီး ကုသရတာမျိုး၊ သေဆုံးခဲ့တာမျိုး မရှိခဲ့ပါဘူး။ ပြဿနာအကြီးအကျယ်ပေးတဲ့ရောဂါအဖြစ် သတ်မှတ်လိုက်ကြတာကတော့ 2015 ခုနှစ်မှပါ။ အကြောင်းက 2015 ခုနှစ်အတွင်း ဘရာဇီးနိုင်ငံမှာ ဇီကာရောဂါကူးစက်ခံရသူ လူနာပေါင်း 440,000 မှ 1,300,000 ကြားရှိခဲ့ပြီး ဦးနှောက်သေးတဲ့ကလေးတွေ စုစုပေါင်း အယောက် 3,500 ကျော်မွေးဖွားခဲ့လို့ပါပဲ။ ဒါ့ကြောင့် ကိုယ်၀န်ဆောင်မိခင်မှာ ဇီကာရောဂါရှိတာနဲ့ ဦးနှောက်သေးတဲ့ ကလေးတွေ မွေးဖွားလာတာဟာ ဆက်စပ်မှုရှိနိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ အတိအကျ သက်သေပြဖို့အတွက်ကိုလည်း ပညာရှင်တွေက ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။

===============
“ဇီကာ ဘယ်လိုကူးသလဲ”
----------------------

1. ဇီကာဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားတဲ့ အေးဒီးစ်ခြင်ကျားမရဲ့ အကိုက်ကိုခံရရင် လူတွေမှာ ကူးစက်နိုင်ပါတယ်။

2. ဇီကာရောဂါရှိတဲ့သူကို ခြင်ကိုက်ပြီး အဲဒီခြင်က ရောဂါမရှိသေးတဲ့သူတွေကို ထပ်ကိုက်ရင် လူအချင်းချင်း ကူးစက်နိုင်ပါတယ်။

3. ဇီကာရောဂါရှိတဲ့သူရဲ့သွေးကို သွင်းမိရင်လဲ ကူးစက်နိုင်ပါတယ်။

4. ဇီကာရောဂါကူးစက်ခံထားရတဲ့ ကိုယ်၀န်ဆောင်မိခင်ကနေ ကလေးဆီကို ကူးစက်နိုင်ပါတယ်။ မွေးခါနီးဖွားခါနီးကာလမှာ ဇီကာရောဂါကူးစက်ခံရရင်လည်း ကလေးကို ကူးစက်စေနိုင်ပါတယ်။

4. လိင်မှတဆင့်လဲ ကူးစက်နိုင်ပါတယ်။

======================
“ဇီကာရောဂါက ဘယ်သူတွေမှာပိုဖြစ်နိုင်လဲ”
--------------------------------------

1. ဇီကာဗိုင်းရပ်စ်ပိုးရှိတဲ့ နေရာဒေသမှာနေတဲ့သူ၊ ဇီကာရောဂါဖြစ်နေတဲ့နေရာကို ခရီးသွားဖူးတဲ့သူ မည်သူမဆို အသက်အရွယ် ကျား၊ မ မရွေးဖြစ်နိုင်ပါတယ်။

2. ဇီကာရောဂါပိုးကူးစက်ခံထားရတဲ့ အိမ်ထောင်ဘက်နှင့် အကာအကွယ်မပါဘဲ အတူနေမိရင်လည်း ကူးစက်နိုင်ပါတယ်။

=======================
“ဇီကာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ”
---------------------------------------

         ရောဂါပိုးရှိတဲ့ ခြင်ကျားမရဲ့ အကိုက်ကိုခံရပြီး 2 ရက် ကနေ 7 ရက်အတွင်း ရောဂါလက္ခဏာတွေ စပြပါတယ်။ အဲဒီ ရောဂါလက္ခဏာတွေကတော့

1. အနည်းငယ်အဖျားတက်ခြင်း

2. မျက်သားနီခြင်း၊ မျက်လုံးနာခြင်း

3. ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်နှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

4. နုံးခြင်း

5. အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း တို့ဖြစ်ပါတယ်။

        ရောဂါကူးစက်ခံရသူ 5 ဦးမှာ 1 ဦးလောက်သာ ရောဂါလက္ခဏာ ပြလေ့ရှိပါတယ်။ ဒါ့အပြင် ရောဂါလက္ခဏာတွေကလည်း ပြင်းထန်လေ့ မရှိတဲ့အတွက် ဆေးရုံ တက်ပြီး ကုသမှုခံယူရတဲ့ လူနာလည်း များများစားစားမရှိသေးပါဘူး

===============================
“ဇီကာပိုးက လူ့သွေးထဲမှာ ဘယ်လောက်ကြာကြာနေနိုင်သလဲ”
-----------------------------------------------------

ပျမ်းမျှကတော့ တစ်ပတ်ပါပဲ။ လူတချို့မှာတော့ ဒီထက်ပိုကြာ တတ်ပါတယ်။

=========================
“ဇီကာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ”
-------------------------------------------

        အဓိကပြဿနာကတော့ မွေးဖွားလာတဲ့ကလေးတွေမှာ ဦးနှောက်သေး သွားတာ၊ ဦးနှောက်ထဲမှာ ကျောက် တည်တာတွေဖြစ်ပါတယ်။ ဦးနှောက်သေးတဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အတက်ရောဂါ၊ ကြီးထွားဖွ့ံဖြိုးမှုနှောင့်နှေးတာ၊ အသိဉာဏ်မဖွ့ံဖြိုးတာ၊ အစာရေမျိုပြွန် မှာ ပြဿနာရှိတာ၊ အကြားအာရုံနဲ့ အမြင်အာရုံထိခိုက် တာတွေဖြစ်နိုင်ပါတယ်။

         လူကြီးတွေမှာတော့ နောက်ဆက်တွဲဆိုးကျိုးတွေ တွေ့ရတာရှားပါတယ်။ 2013 ခုနှစ် နဲ့ 2015 ခုနှစ်မှာ ပြင်သစ်နဲ့ ဘရာဇီးနိုင်ငံတွေရဲ့ ကျန်းမာရေး၀န်ကြီးဌာနတွေကတော့ အာရုံကြောနဲ့ ကြွက်သား များကို ပြင်းထန်စွာထိခိုက်စေတဲ့ Guillain-Barre Syndrome ရောဂါလက္ခဏာစုကို နောက်ဆက်တွဲခံစားသွားရတဲ့ လူနာမျိုး တွေ့ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

================
“ဇီကာပိုး ကို ဘယ်လိုစစ်မလဲ”
---------------------------

         ရောဂါလက္ခဏာစပြတဲ့ ရက်ကစပြီး 5 ရက်အတွင်း (အခုနောက်ပိုင်းတော့ ၁၀ ရက်အတွင်း စစ်နိုင်တယ် လို့ ပြောပါတယ်) သွေးဖောက်စစ်ရပါမယ်။ သွေးဖောက်စစ်တဲ့အခါ RT-PCR နည်းရယ်၊ Viral Isolation နည်းရယ်၊ ဇီကာဗိုင်းရပ်စ်ရဲ့ Antibodies တွေဖြစ်တဲ့ IgM နဲ့ IgG ကို ရှာတဲ့နည်းရယ်ဆိုပြီး 3 မျိုးရှိပါတယ်။ Viral Isolation နည်းကတော့ ရောဂါရှာဖွေတဲ့နေရာမှာ သုံးတာထက် သုတေသနပြုလုပ်ဖို့အတွက်သာ အသုံးပြုရန် အကြုံပြုထားပါတယ်။

        ဇီကာရဲ့ ရောဂါလက္ခဏာတွေဟာ သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေးတို့ရဲ့ ရောဂါလက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူနေတာမို့လို့ သူတို့ 2 ခု မဟုတ်ကြောင်း အရင်စစ်ပြီးမှာ ဇီကာ ဟုတ်မဟုတ် ဆက်စစ်ကြရပါတယ်။

================
“ဇီကာလူနာကို ဘယ်လိုကုမလဲ”
---------------------------

         ဇီကာဗိုင်းရပ်စ်ကို အပြတ်ရှင်းနိုင်တဲ့ဆေးဝါး မပေါ်သေးပါဘူး။ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေကိုပဲ သက်သာသွားအောင်ပဲ ကုသပေးနိုင်ပါတယ်။

1. ကောင်းကောင်း အနားယူပါ။

2. ရေများများသောက်ပါ။

3. လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်များ သောက်ပါ။

4. ဖျားနာကိုက်ခဲခြင်းအတွက် ဆရာ၀န်ညွှန်ကြား တဲ့ဆေးတွေသောက်ပါ။ ဆေးမြီးတိုများနဲ့ လုံး၀မကုပါနဲ့။

5. ကိုယ်၀န်ဆောင်မိခင်လောင်းဆိုလျှင် 3-4 ပတ်လျှင် တစ်ကြိမ် အယ်ထရာဆောင်းရိုက်ပြီးကလေးငယ်ရဲ့ ခေါင်းအရွယ် အစားနဲ့ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုကို ပုံမှန်စောင့်ကြည့်သွားဖို့က အရေးကြီးပါတယ်။

        ဇီကာရောဂါဟာ သွေးလွန်တုပ်ကွေးရောဂါနဲ့ တော်တော်ဆင် တဲ့အတွက် ရောဂါလက္ခဏာတွေပေါ်လာပြီဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို မဖြစ်မနေ သွားပြရပါမယ်။

========================
“ဇီကာရောဂါအတွက် ကာကွယ်ဆေးပေါ်ပြီလား”
-----------------------------------------

        WHO ရဲ့ပြောကြားချက်အရ အမေရိကန် သိပ္ပံပညာရှင်တွေဦးဆောင်တဲ့ အဖွဲ့အစည်းနဲ့ အိန္ဒိယဇီ၀နည်းပညာအဖွဲ့အစည်း တို့ကတော့ ဇီကာရောဂါ ကာကွယ်ဆေး ပေါ်ပေါက်ဖို့ကြိုးစားနေတဲ့ အဖွဲ့တွေထဲမှာ ထိပ်ဆုံးကဦးဆောင်နေတယ်လို့ သိရပါတယ်။

        ဒါပေမယ့် ဈေးကွက်အတွင်းဖြန့်ချိနိုင်ဖို့အတွက် အနည်းဆုံး 1 နှစ်ခွဲလောက် စောင့်ရဦးမယ်လို့ WHO က Dr. Marie-Paule Kieny က ဖေဖော်ဝါရီလ၊ 12 ရက်နေ့က ပြောသွားခဲ့ပါတယ်။

================
“ဒါဆို ဘယ်လိုကာကွယ်ရမလဲ”
---------------------------

1. ဒီရောဂါရဲ့ ဇစ်မြစ်က ခြင်ကစတာပါ။ ဒီတော့ ဒီခြင်ကျားကို အမြစ်ပြတ်ချေမှုန်းဖို့ကြိုးစားရပါမယ်။ ခြင်ကျားပိုးလောက်လန်း တစ်ကောင်မှ မရှိစေရေးအတွက် အလေးထားဆောင်ရွက်ရပါမယ်။ ကျန်းမာရေး၀န်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း အောက်ပါတို့ကို လုပ်ဆောင်ဖို့ လိုပါတယ်။

ဖုံး - ရေလှောင်ထားသော အိုးခွက်များတွင် ခြင်များ၀င်ရောက်မဥနိုင်ရန် လုံခြုံစွာ ဖုံးအုပ်ထားရန်

သွန် - အိုးခွက်နံရံတွင်ကပ်နေသော ခြင်ဥများသေစေရန် အိုးခွက်များ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောရန်၊ ခြင်ကျားလောက် လန်းတွေ့ရှိသော ရေများကို သွန်ပစ်ရန် (သို့) အခြားအိုး ထဲသို့ ရေစစ်ဖြင့် ပြောင်းထည့်ရန်

လဲ - ပန်းအိုး၊ နတ်အိုးများ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြော၍ ရေများကို တစ်ပတ် 2 ကြိမ်လဲလှယ်ရန်

စစ် - ခြင်ကျားလောက်လန်းများ မပါစေရန် ရေစစ်ထည့်ရန်

လောင်း - ရေထည့်ထားသော ကြောင်အိမ်အောက်ခံခွက် များနှင့် ရေမြောင်းများတွင် ဒီဇယ်ဆီနှင့် စက်ဆီဟောင်းများ လောင်းထည့်ရန်

ထောင် - ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာအိပ်အိပ် ခြင်ထောင်ထောင် အိပ်ရန်၊ တတ်နိုင်ပါက ဆေးစိမ်ခြင်ထောင် အသုံးပြုရန်

ခတ် - မလှယ်မသွန်နိုင်သော အုတ်ကန်၊ ကျောက်စည် တို့တွင် ခြင်လောက်လန်းသတ်ဆေးအဘိတ် (Abate) ၀ယ်ခတ်ရန်

မြှုပ် - အသုံးမပြုတော့သော ရေတင်ကျန်နေသည့် စွန့်ပစ်ပစ္စည်းများ ကို မြေမြှုပ်ရန်

ဖွင့် - အလင်းရောင်ရရန် ပြတင်းပေါက်များကို ဖွင့်ထားရန်

ရှင်း - အိမ်အတွင်း၊ အပြင် ခြင်များမခိုအောင်းနိုင်ရန် သန့်ရှင်းစွာထားရန်၊ ခြုံများရှင်းရန်၊ အမှိုက်ရှင်းရန်

မှုတ် - လူနာရှိက ဆေးမှုတ်မည့် အဖွဲ့ကို ကူညီရန်

ဒါ့အပြင် ခြင်ကျားပိုးလောက်လန်းတွေကိုစားတဲ့ငါး (ဥပမာ - ဒေါင်းငါး၊ တီလာဗီးယားငါး) တွေကိုလည်း မွေးထားသင့်ပါတယ်။

2. ခြင်ကျားလောက်လန်းတိုက်ဖျက်ရေးလုပ်နေတုန်း တဆက်တည်း မှာပဲ ခြင်ကိုက်မခံရအောင် ကိုယ့်ကိုယ်ကို ကာကွယ်ရပါမယ်။
ခြင်မကိုက်လိမ်းဆေးတွေလိမ်းမယ်၊ အရောင်ဖျော့တဲ့ အကျႌလက်ရှည်၊ ဘောင်းဘီရှည်တွေ ၀တ်မယ်၊ ဆေးစိမ်ခြင်ထောင်ထောင် အိပ်မယ်၊ အဆောက်အဦတိုင်းမှာ ခြင်လုံဇကာတပ်မယ်စသည်ဖြင့် ခြင်ကိုက် မခံရအောင် ဂရုစိုက်ရပါမယ်။

3. ကိုယ်၀န်ဆောင်မယ်လို့ ရည်ရွယ်ထားတဲ့သူတွေနဲ့ ကိုယ်၀န်ဆောင်နေတဲ့ မိခင်လောင်းတွေကတော့ ဒီရောဂါကို သူများတွေထက် ပိုကာကွယ်ဖို့လိုပါတယ်။

(1) မိမိတို့နေတဲ့ အရပ်ဒေသမှာ ဇီကာရောဂါဖြစ်ပွားနေရင် (သို့) အမျိုးသားဟာ ဇီကာရောဂါဖြစ်ပွားသောနေရာမှာ ပြန်လာရင် ကျန်ကိုယ်၀န်ကာလတလျှောက်လုံး အတူနေတဲ့အခါတိုင်း ကွန်ဒုံးသုံးပါ။

(2) ကိုယ်၀န်ဆောင်ဖို့ရည်ရွယ်ထားလို့ ကိုယ်၀န်တားဆေးမသုံးသူတွေနဲ့ ကိုယ်၀န်ဆောင်တွေဟာ ဇီကာရောဂါဖြစ်ပွားနေသောနေရာတွေကို သွားရောက်လည်ပတ်ခြင်း လုံး၀မပြုသင့်ပါဘူး။ မဖြစ်မနေသွားရပြီဆိုပါက ခြင်ကိုက်မခံရအောင် မိမိကိုယ်ကိုကာကွယ်ဖို့ လိုပါတယ်။

(3) ဇီကာရောဂါဖြစ်သောနေရာသို့ သွားရောက်ဖူးသူ အိမ်ထောင်သည်အမျိုးသမီးတိုင်း ကိုယ်၀န်ချက်ချင်း မဆောင်ပါနဲ့။ သနေ္ဓတားဆေးအသုံးပြုထားပါ။

(4) ကိုယ်၀န်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအားလုံး EPA-registered ခြင်မကိုက်လိမ်းဆေးများကို လိမ်းနိုင်ပါတယ်။ ဆေးမှာပါတဲ့ အညွှန်းအတိုင်းလိမ်းပေးဖို့လိုပါတယ်။

====================
“ကိုယ်၀န်ဆောင်မယ့်သူတွေနဲ့ ကိုယ်၀န်ဆောင်မိခင်လောင်းတေွအနေနဲ့ ဘာတွေထပ်သိသင့်သလဲ”
----------------------------------
1. ဇီကာဗိုင်းရပ်စ်ဟာ လက်ရှိကိုယ်၀န်ကိုသာ ထိခိုက်နိုင်ပြီး နောက်ထပ်ကိုယ်၀န်အပေါ် အကျိုးဆက်မရှိပါ။

2. သွေးထဲမှာ ဇီကာဗိုင်းရပ်စ်ကင်းစင်သွားပြီး နောက်ပိုင်းမှရလာတဲ့ ကိုယ်၀န်အတွက် ရောဂါကူးစက်မှုမရှိပါ။

====================
“ဇီကာရောဂါရှိတဲ့နို့တိုက်မိခင်တွေအနေနဲ့ ဘာတွေသိထားသင့်သလဲ”
----------------------------------

        ယခုအချိန်ထိ လေ့လာတွေ့ရှိချက်တွေအရ ဇီကာပိုးဟာ မိခင်နို့ရည်မှတဆင့် ကလေးငယ်ဆီကို မကူးစက်နိုင်ပါဘူး။ ဒါ့ကြောင့် ကလေးမွေးပြီးနောက်ပိုင်း မိခင်မှာ ဇီကာရောဂါပိုး ကူးစက်ခံရရင် မွေးကင်းစကလေးငယ်ကို မိခင်နို့ရည် ဆက်လက်တိုက်ကျေွးနိုင်ပါတယ်

=========================
“သွေးလှူရှင်တွေအနေနဲ့ ဘာတွေသိထားသင့်သလဲ”
--------------------------------------------

ဇီကာရောဂါ ဖြစ်ပွားတဲ့နေရာကနေ ပြန်လာတဲ့သူတွေအနေနဲ့ သွေးလှူ မယ်ဆိုရင် အနည်းဆုံး 28 ရက် စောင့်ဆိုင်းပြီးမှ လှူသင့်တယ်လို့ အမေရိကန် ကြက်ခြေနီအသင်းမှ တိုက်တွန်းထားပါတယ်။


Dr. Kay
Ref: Symposium on Zika Virus Infection (13.2.2016)
www.drmyanmar.com