နို့တိုက်ချိန် နို့သီးခေါင်း နာကျင်ခြင်း
နို့တိုက်ခြင်းဟာ နို့သီးခေါင်း နာကျင်စေတတ်တဲ့ အဓိကအကြောင်းရင်းထဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အများစုမှာ ကလေး နို့ငုံပုံ မမှန်လို့ ဖြစ်တတ်ပါတယ်။ ကလေးဟာ နို့သီးခေါင်းနဲ့ သားမြတ်အဝန်းကို အကုန် မငုံမိတဲ့အခါ နို့သီးခေါင်းဟာ ကလေးရဲ့ သွားဖုံးနဲ့ အာခေါင်မှာ သွားထောက်နေတတ်ပြီး ကလေး တအားစွဲစုပ်တဲ့အခါ နာကျင်လာတတ်ပါတယ်။
နို့စုပ်ခွက်ကို အသုံးပြုသူတွေမှာလည်း စုပ်အားပြင်းတဲ့အခါ၊ စုပ်ခွက်နဲ့ နို့အုံအရွယ်အစား မကိုက်ညီတဲ့အခါ နာကျင်လာတတ်ပါတယ်။ ဒါကြောင့် အရွယ်အစား ကိုက်ညီတဲ့ စုပ်ခွက်ကို အသုံးပြုပြီး သက်သောင့်သက်သာရှိမယ့်ပုံစံနဲ့ အသုံးပြုသင့်ပါတယ်။
ကလေး သွားပေါက်လာတဲ့အခါ နို့စို့ပုံ ပြောင်းလဲသွားတာကြောင့် မကြာခဏ ကိုက်မိတတ်ပြီး နာကျင်စေတတ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ ကလေး သိပ်မကိုက်မိအောင် ကလေးပါးစပ်ထဲ သားမြတ်အဝန်းအားလုံး ဝင်စေနိုင်တဲ့ အနေအထားပုံစံနဲ့ တိုက်ရပါမယ်။
ကလေးဟာ သွားဖုံးနဲ့ အာခေါင်ကြား ညှပ်ပြီး တအားစို့တဲ့အခါ နို့သီးခေါင်းကိုသွားတဲ့ သွေးနည်းသွားပြီး သွေးကြောကျဉ်းလာတာကြောင့် နို့သီးခေါင်း နာကျင်လာကာ ဆက်တိုက်ကို ဖြူရာကနီ၊ နီရာက ပန်းခရမ်းရောင် သန်းသွားတတ်ပါတယ်။
Dr. Emerald (www.drmyanmar.com)
















