/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရင်သားကင်ဆာ-ဖြစ်နေပြီလား-စစ်ဆေးကြည့်ဖို့

ရင်သားကင်ဆာ ဖြစ်နေပြီလား ... စစ်ဆေးကြည့်ဖို့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ရင်သားမှာ အလုံး၊ အကျိတ် တွေ့တာက ရင်သားကင်ဆာ ဖြစ်နိုင်ကြောင်း ပြတဲ့ တစ်ခုတည်းသော လက္ခဏာ မဟုတ်ပါဘူး။

 

●        ရင်သား (သို့) ရင်ဘတ် နာကျင်ခြင်း

          ရင်သားမှာ စူးရှတဲ့နာကျင်မှု ပေါ်လိုက်ပျောက်လိုက် ခံစားရခြင်း (သို့) ဘယ်ဘက်မှ ညာဘက်သို့ ကူးသွားသော ဓာတ်လိုက်သလို ခံစားရခြင်း။

 

●        ရင်သား ယားယံခြင်း

          ကုတ်ရလောက်တဲ့အထိ အရမ်းယားလာတာမျိုး ခံစားရနိုင်ပါတယ်။ လိမ်းဆေးတွေလိမ်းလည်း မပျောက်ဘဲ ရှိနေတတ်ပါတယ်။ ရင်သားပေါ်က အရေပြားက အရေပြားတွေ လန်လာတာ (သို့) ချိုင့်လာတာတွေ ရှိနိုင်ပါတယ်။

 

●        ကျောကုန်း အပေါ်ဘက်ပိုင်း၊ ပခုံးနှင့် လည်ပင်းများ နာခြင်း

          ကျောကုန်း အပေါ်ပိုင်း (သို့) ပခုံးတွေမှာ နာတာက အများအားဖြင့် ကြွက်သား နာတာ၊ အကြောတက်တာ၊ တင်းတာတွေနဲ့ ရောထွေးတတ်ပါတယ်။ ကွာခြားတဲ့အချက်ကတော့ ရင်သားကြောင့်ဆိုရင် နာတာက ကြွက်သားတွေ ဆန့်လိုက်ရုံ၊ အနေအထား ပြောင်းလိုက်ရုံနဲ့ ပျောက်မသွားပါဘူး။

 

●        ရင်သားပုံစံ ပြောင်းလဲခြင်း

          ရင်သားမှာဖြစ်တဲ့ အရွယ်အစား၊ ပုံစံ (သို့့) သွင်ပြင်ပြောင်းလဲမှု ဘယ်လိုမဆိုက ရင်သားကင်ဆာရဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။

 

●        နို့သီးခေါင်း သွင်ပြင် (သို့) အာရုံခံနိုင်စွမ်း ပြောင်းလဲခြင်း

          နို့သီးခေါင်းရဲ့ သွင်ပြင် (သို့) အာရုံခံနို်င်စွမ်း ဘယ်လိုအပြောင်းအလဲမဆိုနဲ့ နို့တိုက်မိခင် မဟုတ်ဘဲ ရင်သားကနေ အရည်ထွက်ခြင်း။

 

●        ချိုင်းရောင်ခြင်း (သို့) ချိုင်းမှာ အကျိတ် စမ်းမိခြင်း

          ရင်သားမှာရှိတဲ့ ကင်ဆာကျိတ်က စမ်းမိလောက်အောင် မကြီးသေးခင်မှာပဲ ချိုင်းထဲမှာ အကျိတ်ရောင်ပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အချို့အမျိုးသမီးတွေမှာဆိုရင် ရောင်ရမ်းခြင်းက လက်မောင်းအောက်နဲ့ ညှပ်ရိုးနေရာတွေမှာ ပိုသိသာပါတယ်။ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနဲ့ အသားတွေ ပူတာ၊ နီတာတွေကို တွေ့ရနိုင်ပါတယ်။

 

>>    ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များသောသူများ

          အမျိုးသမီးအားလုံးကတော့ ရင်သားကင်ဆာဖြစ်နိုင်ခြေ ရှိပေမယ့် ရောဂါဖြစ်နိုင်ခြေ များစေတဲ့အချက်တွေ ရှိပါတယ်။

●        အသက် 50 နှစ်အထက် အမျိုးသမီးများ

●        ကလေးကို မိခင်နို့မတိုက်သော အမေများ

●        မိသားစု၊ မျိုးရိုးထဲတွင် ရင်သားကင်ဆာ ဖြစ်ဖူးခြင်း

●        BRCA 1, BRCA 2 စသော မျိုးရိုးဗီဇပြောင်းလဲမှုရှိခြင်း

●        ယခင်က ဓာတ်ရောင်ခြည်များ ထိတွေ့ဖူးခြင်း

●        အချိန်အတော်ကြာအောင် ဟော်မုန်း အစားထိုးကုထုံးများ ခံယူဖူးခြင်း

          အထက်ပါ အဖြစ်များစေတဲ့အချက်တွေ 1 ချက်နဲ့အထက် ရှိတယ်ဆိုရင်တောင်မှ ရင်သားကင်ဆာပဲလို့ တစ်ထစ်ချ ဆုံးဖြတ်လို့ မရသေးပါဘူး။ ဒါကြောင့် အမျိုးသမီးအားလုံးမှာ ရင်သားကင်ဆာအတွက် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အရေးကြီးပါတယ်။

 

>>    ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးချက်များ

          အဓိက စစ်ဆေးချက် 3 မျိုး ရှိပါတယ်။

●        Mammogram - ရင်သားဓာတ်မှန် - အသက် 50-74 နှစ် အမျိုးသမီးတွေအနေနဲ့ 2 နှစ်တစ်ခါ ရင်သားဓာတ်မှန်ရိုက်ပြီး စစ်ဆေးသင့်ပါတယ်။ ဆရာဝန်က အမျိုးသမီးတစ်ယောက်မှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များနေတယ်ဆိုရင် ပုံမှန်စစ်ဆေးဖို့ အကြံပြုပါလိမ့်မယ်။ ရင်သားဓာတ်မှန်ရိုက်ပြီး ပုံမှန်စစ်ဆေးမှု ခံယူပါက ရင်သားကင်ဆာကြောင့် သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

●        ဆရာဝန်မှ ရင်သားကို စမ်းသပ်စစ်ဆေးခြင်း - ဆရာဝန်က ရင်သားနဲ့ ချိုင်းမှာ အလုံး အကျိတ်နဲ့ အခြားပြောင်းလဲမှုတွေ ရှိ၊ မရှိ ဆိုတာကို ကိုင်တွယ်စစ်ဆေးပေးပါလိမ့်မယ်။

●        မိမိရင်သားကို ကိုယ်တိုင် စမ်းသပ်စစ်ဆေးခြင်း - ကိုယ့်ရဲ့ရင်သားမှာ အကျိတ် ရှိ/မရှိ၊ ရင်သားအရွယ်အစားနဲ့ ပုံစံပြောင်းလဲမှုနဲ့ ရင်သားနဲ့ ချိုင်းကြားက အခြားအပြောင်းအလဲတွေကို ကိုယ်တိုင်စစ်ဆေးလို့ ရပါတယ်။

          လမ်းညွှန်ချက်တွေအရ ရင်သားဓာတ်မှန်ရိုက်ခြင်းက ရင်သားကင်ဆာ ရှိ၊ မရှိ အကောင်းဆုံးနည်းလမ်း ဖြစ်တဲ့အတွက် အထက်ပါလက္ခဏာတွေ ကြုံတွေ့ရပါက ဆရာဝန်နဲ့ ပြသပြီး ရင်သားဓာတ်မှန် ရိုက်စစ်ဆေးနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)