သိပ်ပိ်န်လွန်းလို့ စိတ်ညစ်နေရသလား?
အမျိုးသမီးငယ်လေးတွေဟာ မိမိခန္ဓာကိုယ်အနေအထားနဲ့ ပတ်သက်ပြီး စိတ်ခံစားမှု ပြင်းထန်တတ်လေ့ ရှိပါတယ်။ ဝသူတွေ ဝိတ်လျှော့ရတာ လွယ်ကောင်းလွယ်ပေမယ့် ပိန်သူပျိုမေတို်အတွက်ကတော့ ပိန်တာကိုက စိတ်ညစ်စရာပါပဲ။ ပိန်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းလာတတ်ပြီး မှန်ရှေ့မှာ မိမိကိုယ်ကို စိတ်တိုင်းမကျတဲ့ အကြိမ်ရေ များလာပါတယ်။
ရင်သားလည်း ပြားကပ် လူကလည်း ပိန် အရပ်ရှည်ရှည် နံရိုးဖဲထီးကိုင်းနဲ့ မိန်းမချောလေးတွေဟာ သူမတို့ရဲ့ အသွင်အပြင်ကြောင့် စိတ်မသက်မသာ ဖြစ်ကြရပါတယ်။ အဝတ်အစား ရွေးချယ်ရာ အတွင်းခံ ရွေးတဲ့အခါ စိတ် တော်တော်ညစ်ကြရပါတယ်။ ဖက်ရှင် မကျမှာ၊ မလှမှာ ကိုယ်နဲ့ အဆင်မပြေတာတွေကလည်း ဖိစီးစေတာ ဖြစ်ပါတယ်။ ဒီတော့ ပိန်တာကို တစ်ခုခု ကြိုးစားကြည့်ချင်လာပါတယ်။ လက်လှမ်းမှီရာ အားဆေးသောက်တယ်။ အစားတွေ တိုးစားတယ်။
==========================================================
ရှင်းသန့်ဆိုတဲ့ မိန်းကလေးဟာ မှန်ရှေ့မှာ ရပ်ပြီး စိတ်ညစ်နေပါတယ်။ သုံးလခံဆေး ထိုးရင် ၀တယ်လို့ ပြောကြလို့ သူမဟာ အပျိုလေးပေမယ့် ထိုးချင်နေမိတယ်။ မိစောတစ်ယောက်တော့ ချက်ဆေးစားပြီး တော်တော် ၀လာသတဲ့။ သူ့ဆီက ချက်ဆေး သွားတောင်းရမလားမသိ။ တကယ်တော့ သူမဟာ သုံးလခံဆေးရဲ့ ဆိုးကျိုးကောင်းကိျုး ချက်ဆေးဆိုတာ ဘာတွေပါမှန်း ဘာဆိုးကျိုးရှိမှန်း မသိပါဘူး။ အဖြေကတော့ သူမဟာ ကျန်းမာစွာ ပိန်ပါးခြင်း ဆိုတာကို လုံး၀နားမလည်တာ ဖြစ်ပါတယ်။
==========================================================
တကယ်တော့ ပိန်တာက ပြဿနာလားဆိုတော့ အမြဲတမ်းတော့ မဟုတ်ပါဘူး။ မိမိရဲ့ မိဘမျိုးရိုး၊ နေထိုင်စားသောက်ပုံ ပတ်ဝန်းကျင် ရေမြေကို လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ် အနေအထား ကွာသွားပါတယ်။ အရှေ့တိုင်းသူတွေနဲ့ အနောက်တိုင်းသူတွေ ကောက်ကြောင်းမတူနိုင်ပါဘူး။ မျိုးရိုးလို့ခေါ်တဲ့ Genetic ဟာ မိမိရဲ့ ပင်ကိုယ်အသွင်အပြင်ပေါ်မှာ အများကြီး လွှမ်းမိုးမှု ရှိပါတယ်။ ဒါကြောင့် စိတ်လှုပ်ရှားစရာ ကောက်ကြောင်းတွေနဲ့ ကံကောင်းနေတဲ့ မိန်းကလေးတွေ ရှိသလို စားပါလျက် ပိန်လှီလွန်းလို့ စိတ်ဆင်းရဲနေရသူတွေလည်း ဒုနဲ့ဒေး ဖြစ်နေတာ ဖြစ်ပါတယ်။
ပိန်လွန်းတိုင်း ပြဿနာမဟုတ်ပေမယ့် ပိန်တာရဲ့နောက်ကွယ်မှာ ရောဂါတွေ ရှိနေတတ်ပါတယ်။ ဥပမာ - သွေးအားနည်းတာ၊ ကို်ယ်ခံအား မမှန်ကန်တဲ့ Autoimmune ရောဂါတွေ အဆစ်အမြစ်နဲ့ ပတ်သက်တဲ့ရောဂါ နှလုံးရောဂါနဲ့ ဆီးချိူရောဂါတွေ ဖြစ်နိုင်ပါတယ်။ သုတေသနတစ်ခုအရ ပိန်လွန်းတဲ့ အမျိုးသမီးတွေဟာ သားပျက်သားလျော ဖြစ်လွယ်တာကို တွေ့ရပါတယ်တဲ့။ ဒီတော့ ကိုယ့်ကိုယ်ကို ပိန်လွန်းတယ် ထင်ရင်ဖြင့် အစားပိုစား၊ လေ့ကျင့်ခန်းလုပ်၊ ရေများများသောက်တာအပြင် နောက်ကွယ်ရောဂါတွေကိုပါ ဆရာဝန်ပြသ ရှာဖွေဆန်းစစ်သင့်ပါတယ်လို့ အကြံပြုပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















