Cordarone
(1) ဆေးအမည်
Cordarone
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတစ်ပြားတွင် Amiodarone 200mg နှင့် ဆေးရည် 3ml တွင် Amiodarone 150mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
အမျိုးမျိုးသော နှလုံးခုန်နှုန်းမြန်ခြင်းနှင့် နှလုံးခုန်ချက်မမှန်ခြင်းရောဂါများ၊ နှလုံး၏ သွေး၀င်ခန်းများ ပုံမှန်ထက်ပို၍တုန်ခါခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ မွေးရာပါနှလုံးခုန်ချက်မမှန်ခြင်း (Wolff- Parkinson-White Syndrome) ။
(4) အသုံးပြုပုံ
အစပိုင်းတွင် တစ်နေ့ ၃ ပြားမှစ၍ ၈ ရက်မှ ၁၀ ရက်အထိ သုံးစွဲရမည်။ အချို့သော လူနာများတွင်မူ နှလုံးလှိုင်း များကို အီးစီဂျီစက်ဖြင့်တောက်လျှောက်တိုင်းတာစောင့်ကြည့်ကာ တစ်နေ့ ၅ ပြားမှစ၍ သုံးနိုင်သည်။
ထို့နောက် ရောဂါအခြေအနေပေါ်မူတည်၍ တစ်နေ့လျှင် ဆေးပြားတစ်ခြမ်းမှ ၂ ပြားထိ ရေရှည် သောက်သုံးရမည်။
ဆေးရည်ကို အကြောထဲသွင်းလိုပါက ကိုယ်အလေးချိန် 1kg တွင် ဆေး 5mg နှင့်တွက်ပြီး ရရှိလာသော ဆေးပမာဏကို 5% Dextose 250ml နှင့်ရော၍ မိနစ် 20 မှ 2 နာရီအတွင်း သွင်းရမည်။ 24 နာရီအတွင်း ၃ကြိမ်မှ ၄ကြိမ်သွင်းနိုင်သည်။ ရလဒ်ပေါ်မူ တည်၍ ဆေးသွင်းနှုန်းကို ချိန်ဆရမည်။ ထို့နောက် 10mg/kg day နှင့်တွက်ပြီး maintainence dose အဖြစ်သုံးနိုင်သည်။ အကြောထဲသို့ တိုက်ရိုက်ထိုးသွင်းလိုပါက 5mg/kg နှင့်တွက်ပြီး အနည်းဆုံး 3min ကြာအောင် ထိုးသွင်းရမည်။ အခြားဆေးများနှင့်ရောနှောပြီး မထိုးရ။
(5) ဘေးထွက်ဆိုးကျိုး
မျက်ကြည်လွှာပေါ်တွင် အဆီစုခြင်း၊ မျက်လုံးတွင်းရှိ နာဗ်ကြောရောင်ရမ်းခြင်း၊ အမြင်မှုန်ဝါးခြင်း၊ အနီကွက်ထွက်ခြင်း၊ သိုင်းရွိုက်ဟော်မုန်းများခြင်း/နည်းခြင်း၊ အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်ပွခြင်း၊ နှလုံးခုန်နှေးခြင်း၊ သွေးပေါင်ကျခြင်း၊ ပျို့အန်ခြင်း၊ ထိပ်ပြောင်ခြင်း၊ သွေးအား နည်းခြင်း၊ သွေးကြောရောင်ရမ်းခြင်း၊ အသည်းအင်ဇိုင်း(transaminase) ပမာဏတက်ခြင်း၊ အသည်းပျက်စီးခြင်း၊ လက်တုန်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ဦးနှောက်တွင်းရှိ သွေးဖိအားမြင့်တက်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ဓာတ်မတည့်သူများ၊ နှလုံးခုန်နှုန်းနှေးခြင်း၊ နှလုံးခုန်စေနိုင်ရန် လျှပ်စစ်လှိုင်းများအား စတင် ထုတ်လွှတ်ပေးသည့် နှလုံးတစ်ရှုးများပျက်စီးနေပြီး နှလုံးခုန်စက်လည်း တပ်ဆင်ထားခြင်းမရှိသူများ၊ သိုင်းရွိုက်ဟော်မုန်းများပြားနေသူများ၊ သွေးပေါင်ကျသူများ၊ နှလုံးညှစ်အားမကောင်းသူများ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကောင်းစွာအလုပ်မလုပ်နိုင်သူများတွင် အသုံးမပြုရ။
Cordarone ဆေးပြားတွင် လက်တို့စ်(Lactose) သကြားပါ၀င်သောကြောင့် သွေးထဲတွင် မွေးရာပါ ဂလက်တို့စ် (Galatose) သကြားပါ၀င်မှုများသောသူများ၊ လက်တေ့စ်(Lactase) အင်ဇိုင်းချို့တဲ့သူများ ဆေးပြားအသုံးမပြု ရ။ ဆေးသုံးစွဲပြီး ချောင်းခြောက်ဆိုးခြင်း၊ အသက်ရှူ မ၀ခြင်းတို့ဖြစ်ပါက ရင်ဘတ်ဓာတ်မှန်ရိုက်ကြည့်သင့်ပါသည်။
ကိုယ်၀န်ဆောင်နောက်ဆုံးလ ၆ လအတွင်းနှင့် နို့တိုက်နေစဉ်အတွင်း အသုံးမပြုရ။
အသက် 2 နှစ်အောက်ကလေးများတွင် အသုံးမပြုရ။
အသည်းအင်ဇိုင်း (ransaminase) တက်နေသောသူများတွင် သတိဖြင့်သုံးစွဲရန်။
အကြောထဲသို့ တိုက်ရိုက်ထိုးသွင်းပါက တစ်ကြိမ်နှင့်တစ်ကြိမ် အနည်းဆုံး 15min ခြား ရမည်။ ဆေးထိုးပြွန်တစ်ခုထဲတွင် အခြားဆေးများနှင့်အတူ တွဲဖက်၍မသုံးရ။ သွေးထဲတွင် ပိုတက်ဆီယမ်ပမာဏနည်းပါက ပိုတက်ဆီယမ်ဓာတ်ကို ပြန်လည်ဖြည့်တင်းပြီးမှသာ Amiodarone ကို သုံးသင့်ပါသည်။ Amiodarone ပါ၀င်သောဆေးဝါးသုံးစွဲနေပါက နေရောင်ဖြင့်တိုက်ရိုက် ထိတွေ့ခြင်း ကို ရှောင်ရှားရမည်။ Amiodarone ပါသော ဆေးဝါးမသုံးစွဲမီနှင့် သုံးစွဲပြီးချိန်များတွင် သိုင်းရွိုက်ဟော်မုန်း (TSH) ပမာဏကို စစ်ဆေးသင့်ပါသည်။ Amiodarone ဆေးရည်သွင်းနေချိန်တွင် နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်တို့ကို အမြဲစစ်ဆေးရန်လိုအပ်ပါသည်။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေသော အခြားသောဆေးဝါးများနှင့်တွဲသုံးပါက အီးစီဂျီစက်ဖြင့် တောက်လျှောက်တိုင်းတာစောင့်ကြည့်ရန်လိုအပ်ပါသည်။
အခြားသော အမျိုးအစားတူဆေးဝါးများနှင့်တွဲမသုံးရ။
- Erythromycin (ပဋိဇီ၀ဆေး)
- Sparfloxacin (ပဋိဇီ၀ဆေး)
- Chlorpromazine (စိတ်ကျရောဂါကုသဆေး)
- Levomepromazine (စိတ်ကျရောဂါကုသဆေး)
- thioridazine (စိတ်ကျရောဂါကုသဆေး)
- trifluroperazine (စိတ်ကျရောဂါကုသဆေး)
- haloperidol (စိတ်ကျရောဂါကုသဆေး)
- Pentamidine
- moxifloxacin
- Halofatrine တို့နှင့် အတူတူတွဲ၍မသုံးရ။
သွေးတိုးရောဂါတွင်သုံးသော Diltiazam နှင့်တွဲသုံးပါက သွေးခုန်နှုန်းနှေးသွားစေနိုင်သဖြင့် ECG ဖြင့် monitor လုပ်ရန်လိုအပ်ပါသည်။
သွေးကျဲဆေးနှင့်တွဲသုံးပါက သွေးကျဲဆေး၏အာနိသင်ကို ပိုကောင်းစေသဖြင့် သတိပြု၍သုံးစွဲရန်။
Cyclosporine ဆေးဝါးနှင့် တွဲသုံးပါက Cyclosporine ၏ အာနိသင် ကို ကောင်းစေပြီး ကျောက်ကပ်ကို အဆိပ်သင့်နှုန်းကို မြင့်စေပါသည်။
Sotalol နှင့်တွဲဖက်မသုံးရ။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Sanofi-Aventis
(9) တင်သွင်းသည့်ကုမ္ပဏီ
DKSH














