ကလေးလှုပ်ခြင်းအကြောင်း သိကောင်းစရာ
ကိုယ်ဝန်ဆောင်ဘဝမှာ ကလေးလှုပ်ခြင်းကန်ခြင်းဟာ စိတ်လှုပ်ရှားစရာ အတွေ့အကြုံတစ်ခုပဲ ဖြစ်ပါတယ်။ ကလေးလေးဟာ အမေ့သားအိမ်ထဲမှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားနေပြီး မကြာခင်မှာ မိဘနှစ်ပါးရဲ့ ဘဝထဲကို ဝင်ရောက်လာတော့မယ်ဆိုတာ ပြသနေပါတယ်။ ဒါ့အပြင် ဖခင်အတွက်လည်း ကလေးလှုပ်တာကို စမ်းကြည့်ကိုင်ကြည့်ပြီး ကလေးလေးနဲ့ ဆက်သွယ်နိုင်ပါတယ်။ အပျော်တွေကို ဝေမျှနိုင်ပါတယ်။
ကလေးလှုပ်ခြင်းနဲ့ပတ်သတ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ အချက်များ
ဒီအချက်တွေကိုဖတ်ကြည့်ပြီးနောက်မှာ ကိုယ်ဝန်ဆောင်ခြင်းဟာ အံ့ဖွယ်အခြင်းအရာ တစ်ရပ်ဖြစ်တယ်ဆိုတာကို လက်ခံလာမိမှာပါ။
၁။ ကလေးလှုပ်ခြင်းဟာ ကလေးလေးဟာ အမေ့ဗိုက်ထဲ ကျန်းကျန်းမာမာကြီးထွားနေတာကို ညွှန်ပြနေပါတယ်။
ကလေးလူးတာ၊လိမ့်တာ၊လှည့်တာ၊ကန်တာဟာ ကလေးကျန်းမာပြီး ကောင်းကောင်းလှုပ်ရှားနေနိုင်တာကို ပြသပါတယ်။ ဒါ့အပြင် ကလေးခြေတွေလက်တွေ ဆန့်ထုတ်လိုက်တဲ့အခါတိုင်းမှာ လှပ်ခနဲလှပ်ခနဲ ခံစားချက်မျိုးခံစားရမှာဖြစ်ပါတယ်။ ကိုယ်ဝန့်ရင့်လာလေ ကလေးလှုပ်ရှားမှုတွေပိုစိပ်လာပြီး ပိုထင်ရှားလာမှာ ဖြစ်ပါတယ်။
၂။ အပြင်ဘက်ကလာတဲ့လှုံ့ဆော်မှုတွေကို ကလေးပြန်လှန် တုန့်ပြန်တဲ့အနေနဲ့ လှုပ်တာလည်းဖြစ်ပါတယ်။
သနေ္ဓသားလေးရဲ့ ပတ်ဝန်းကျင်မှာဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကို တုန့်ပြန်တဲ့အနေနဲ့ ကန်တာဖြစ်နိုင်ပါတယ်။ မိခင်စားလိုက်တဲ့အစာ၊ ပတ်ဝန်းကျင်ကဆူညံမှုတွေကြောင့် ကန်တတ်ပါတယ်။
၃။ ဘေးတစ်စောင်းလှဲအိပ်တဲ့အခါ ကလေးလှုပ်တာပိုများလာပါတယ်။
ဘေးစောင်းအိပ်တဲ့အခါ ကလေးဆီကို အချင်းကနေ သွေးအသွားအလာပိုများလာပါတယ်။ ဒါကြောင့် ကလေးရဲ့ ပိုလှုပ်ရှားလာတာပဲဖြစ်ပါတယ်။
၄။ ကိုယ်ဝန်၁၈ပတ်မှ ၂၅ပတ်အတွင်း စလှုပ်တတ်ပါတယ်။
သားဦးကိုယ်ဝန်တွေမှာ ၂၅ပတ်လောက်မှ သတိထားမိတတ်ပြီး ကျန်ကိုယ်ဝန်ဆောင်တွေမှာတော့ ၁၈ပတ်လောက်ကတည်းက လှုပ်တတ်ပါတယ်။
၅။ ကလေးလှုပ်တဲ့အကြိမ်အရေအတွက်ကို ရေတွက်ထားသင့်ပါတယ်။
အစပိုင်းမှာ လေထသလား၊ ကလေးတကယ်လှုပ်တာလား မသေချာတတ်ပေမယ့် နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ ကလေးဘယ်အချိန်မှာ အိပ်တတ်တယ်၊ ဘယ်အချိန်မှာ နိုးတယ်၊ ဘယ်အချိန်မှာ အလှုပ်ရှားဆုံးဖြစ်တယ်၊ ဘယ်လိုလုပ်ရင်ပိုလှုပ်တယ် ဆိုတာကိုတောင် သိလာနိုင်ပါတယ်။
ကလေးရဲ့လှုပ်ရှားမှုတွေကို သတိထားနေခြင်းဖြင့် ကလေးမှာပြဿ နာတစ်စုံတစ်ရာဖြစ်လာတဲ့အခါ ချက်ချင်းသိနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်းနေ့တိုင်း ကလေးကန်တာ၊ လှည့်တာ၊ တွန်းတာတွေကို သေချာမှတ်သားရေတွက်ထားသင့်ပါတယ်။ ဒီလို ရေတွက်ထားခြင်းဖြင့် သနေ္ဓသားသေဆုံးခြင်းကို ကာကွယ်နိုင်တာကြောင့် ကိုယ်ဝန်၂၈ပတ်ကနေစပြီး ပုံမှန်ရေတွက်ဖို့ အကြံပြုပါတယ်။
၆။ ကလေးအလှုပ်နည်းသွားခြင်းဟာ ကလေးမှာပြဿနာ တစ်စုံတစ်ရာရှိနေနိုင်ကြောင်းပြသပါတယ်။
ကိုယ်ဝန်၂၈ပတ်ကျော်လွန်လာတဲ့အခါ ဆရာဝန်က တစ်နေ့တာ ကလေးလှုပ်ရှားမှု အရေအတွက်ကို မှတ်သားထားခိုင်းလေ့ရှိပါတယ်။ ပုံမှန် ၂နာရီအတွင်း ကလေးလှုပ်တာ၁၀ကြိမ် ပြည့်လေ့ရှိပါတယ်။ အကယ်၍နည်းနေပြီဆိုရင်တော့ အောက်ပါ ပြဿနာ တစ်ခုခုရှိနေနိုင်ပါတယ်။
- မိခင်မှာ စိတ်ဖိစီးမှု သို့မဟုတ် အာဟာရ ချို့တဲ့မှုရှိနေခြင်း : မိခင်ရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးဟာ ကလေးပေါ်မှာ သက်ရောက်မှု အများအပြားရှိနိုင်ပါတယ်။ အာဟာရမပြည့်ဝတဲ့အခါ ကလေးရဲ့ ဦးနှောက်နဲ့အာရံကြောဖွံဖြိုးမှု လျော့နည်းပြီး လှုပ်ရှားမှုနည်းလာပါတယ်။ ကလေးသိပ်မလှုပ်ဘူးလု့ိ ထင်တဲ့အခါ ရေများများသောက်ပြီး လမ်းထလျောက်ကြည့်လိုက်ပါ။
- အချင်းကွာခြင်း : အချင်းကွာတဲ့အခါ ကလေးဆီကို အောက်ဆီဂျင်နဲ့ သွေးအရောက်နည်းပြီး ကလေးဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။
- ရေမြွာစောပေါက်ခြင်း : ရေမြွာစောပေါက်တဲ့အခါ ရေမြွာရည် နည်းလာပြီး ကလေးကောင်းကောင်းမလှုပ်ရှားနိုင်တာ၊ အောက်ဆီဂျင်ဓာတ်နည်းပါးလာတာမျိုး ဖြစ်တတ်ပါတယ်။
- ကလေးအောက်ဆီဂျင်ဓာတ်မလုံလောက်ခြင်း : အချင်းကြိုးလိမ်သွားခြင်း၊ ခေါက်သွားခြင်း၊ ပုံပျက်သွားခြင်းတို့ကြောင့် ကလေးဆီ အောက်ဆီဂျင်ပြတ်တောက်သွားတတ်ပါတယ်။
အာထရာစောင်းရိုက်ခြင်းနဲ့ အခြားစမ်းသပ်နည်းအမျိုးမျိုးဖြင့် ကလေးရဲ့ နှလုံးခုန်နှုန်းနဲ့ အလှုပ်နည်းရခြင်း အကြောင်းအရင်းတို့ကို ရှာဖွေနိုင်ပါတယ်။
၆။ ကိုယ်ဝန်ရင့်ချိန်မှာ ကလေးအလှုပ်နည်းခြင်းကိုတော့ စိုးရိမ်စရာမလိုအပ်ပါဘူး။
ကိုယ်ဝန်ရင့်လာတဲ့အခါ ကလေးဟာ မိနစ်၂၀ မှ ၄၀ခန့် တစ်ခါတရံ မိနစ် ၉၀ ခန့်ထိ မလှုပ်မရှားပဲ နေတတ်ကြပါတယ်။ ကလေးတစ်ဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါ လှုပ်ရှားရခက်လာတတ်ပါတယ်။ ဒါကြောင့် ကလေးအလှုပ်နည်းသွားတဲ့အခါ မစိုးရိမ်သွားပါနဲ့။ ဒါပေမယ့် တစ်ခါတစ်ရံ နံရိုးအောက်မှာ စူးခနဲ အောင့်အောင့်သွားတတ်ပြီး မိနစ်အတန်ကြာ တစ်ဆတ်ဆတ်နာနေတတ်ပါတယ်။
၇။ ကလေးလှုပ်ရှားမှုဟာ ကလေးမွေးလာတဲ့အခါ စိတ်နေစိတ်ထားနဲ့ ဆက်စပ်မှုရှိနေနိုင်ပါတယ်။
လေ့လာမှုတွေအရ ဗိုက်ထဲက ကလေးရဲ့လှုပ်ရှားမှုပုံတွေဟာ ကလေးဘဝအစပိုင်းရဲ့ စိတ်နေစိတ်ထားကို ဖောြ်ပနေနိုင်တယ်လို့ဆိုပါ့တယ်။ ဒါပေမယ့် ဒီတစ်ခုတည်းနဲ့တော့ ဆုံးဖြတ်လို့ မရပါဘူး။
၈။ ကလေးလှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး ဘယ်အချိန်မှာ စိုးရိမ်သင့်သလဲ?
ကိုယ်၀န်လရင့်လာတဲ့အချိန်မှာ၂နာရီပြည့်သည်အထိ ကလေးလှုပ်တာ ၁၀ကြိမ်မပြည့်တဲ့အခါ နာရီအနည်းငယ်မျှစောင့်ပြီး နောက်တစ်ခါရေတွက်ကြည့်လိုက်ပါ။ နောက်တစ်ခါမှာလည်း ၂နာရီအတွင်း ၁၀ကြိမ်မပြည့်ခဲ့ရင် နီးစပ်ရာကျန်းမာရေးဌာနကို သွားပါ။
ဒါ့အပြင် ဆူညံသံတွေကို ခါတိုင်းလိုမဟုတ်ဘဲ တုံ့ပြန်မှုလျော့နည်းလာခြင်း၊ ၂ရက်ဆက်တိုက် ကလေးလှုပ်ရှားမှု တစ်ဖြည်းဖြည်း လျော့နည်းလာခြင်းတို့ ကြုံရပါကလည်း ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားသင့်ပါတယ်။
၉။ ကလေးလှုပ်ရှားမှုနည်းလာတယ်လို့ထင်တဲ့အခါ အိမ်မှာဘာလုပ်ကြည့်သင့်သလဲ?
ကလေးလှုပ်ရှားမှုလျော့နည်းတဲ့အခါ
- စိတ်ကိုလျော့ချပြီး ခေတ္တခဏထိုင်လိုက်ပါ။
- အအေးနဲ့ သရေစာတစ်ခုခု စားပြီး ခြေထောက်ကို အပေါ်မြှောက်ပြီး ထိုင်ပါ။ အချိုဓာတ်နဲ့ အအေးဓာတ်က ကလေးရဲ့ တုန့်ပြန်မှုကို ရရှိစေနိုင်ပါတယ်။
- ကလေးဟာ လှုပ်ခြင်း၊ ကန်ခြင်း၊ တွန်းခြင်း၊ ပုတ်ခြင်းစတဲ့နည်းအမျိုးမျိုးနဲ့ တုန့်ပြန်ပါလိမ့်မယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)














