ကိုယ်ဝန်ဆောင်ချိန်မှာ ဒါတွေလုပ်လို့ရလား
ကိုယ်ဝန်ဆောင်မေမေ အတော်များများ၊ အထူးသဖြင့် သားဦးကိုယ်ဝန်တွေဟာ သိချင်တာတွေ အရမ်းများနေလိမ့်မယ် ထင်တယ်နော်။ ကိုယ်ဝန်ဆောင်ပြီဆိုကတည်းက အပြောင်းအလဲတွေကတော့ အများကြီးပါပဲ။ ဆောင်ရန်၊ ရှောင်ရန်တွေကလည်း များမှများပဲနော်။
မေမေတို့အမေးများတဲ့ မေးခွန်းလေးတွေကိုကြည့်ရအောင်။
1. အမျိုးသားနဲ့ အတူနေတာ ပြဿနာရှိနိုင်လား?
အတူနေတာ ပြဿနာမရှိပါဘူး။ ချွင်းချက်တော့ ရှိတာပေါ့။ သွေးဆင်းနေတဲ့အချိန်မျိုးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်က အတူမနေရ ပြောထားတဲ့အချိန်မျိုးမှာတော့ ရှောင်ဖို့လိုတယ်နော်။ မနာမကျင်၊ နေရထိုင်ရမခက်ရင် ရပါတယ်။
2. ပက်လက်အိပ်လို့ရလား?
ပထမအပတ် ၂၀ အတွင်းမှာတော့ ဘယ်လိုအနေအထားနဲ့အိပ်အိပ် သက်သောင့်သက်သာရှိရင် ပြီးတာပါပဲ။ ဒီ့နောက်ပိုင်းမှာတော့ ဘေးတစ်စောင်းအိပ်တာ ပိုကောင်းပါတယ်။ ကိုယ်ဝန် တဖြည်းဖြည်းနဲ့ ကြီးလာတာနဲ့အမျှ ပက်လက်အိပ်တဲ့အခါ ကလေးဆီသွားတဲ့ သွေးကြောတွေကို ဖိနိုင်လို့ပါ။ အိပ်နေရင်းနဲ့ ပုံစံပြောင်းပြီး ပက်လက်ဖြစ်သွားတာကတော့ ပြဿနာမရှိပါဘူး။ နိုးလာလို့သိတာနဲ့ ဘေးပြန်စောင်းပေးရုံပဲပေါ့။
3. ကော်ဖီ/လက်ဖက်ရည် သောက်လို့ရလား
ကဖိန်းဓာတ်ကို နည်းနည်းပါးပါး သောက်တာလောက်က အဆင်ပြေပါတယ်။ တစ်နေ့ကို ၂၀၀ မီလီဂရမ်လောက် သောက်လို့ရတယ်။ ဥပမာ - ကော်ဖီခွက်သေး ၂ ခွက်၊ ဒါမှမဟုတ် ဆိုဒါ ၄ ခွက်ပေါ့။ ကဖိန်းကြောင့် တစ်ခုခု အဆင်မပြေတာမျိုးရှိရင်တော့ မသောက်တာ ကောင်းပါတယ်။
အရက်ကတော့ လုံးဝနိုးပါနော်။ ဘယ်လောက်ပမာဏပဲဖြစ်ဖြစ် ကလေးကို ထိခိုက်နိုင်လို့ လုံးဝရှောင်ဖို့လိုတယ်။
4. ခရီးရောသွားလု့ိရလား?
တခြားကြီးကြီးမားမား တစ်ခုခုမရှိရင် ကိုယ်ဝန် ၂၈ ပတ်အထိ ဘယ်နေရာကိုမဆို ခရီးသွားနိုင်တယ်နော်။
ခရီးသွားတဲ့အခါ၊ အထူးသဖြင့် လေယာဉ်နဲ့ ခရီးသွားတဲ့အခါ သွေးခဲနိုင်ခြေကို သတိထားဖို့လိုတယ်။ ဒါကြောင့် သွေးလည်ပတ်မှုကောင်းအောင် နာရီပိုင်းတစ်ခါလောက် ထပြီးလမ်းလျှောက်ပေးဖို့လိုတယ်။ ညှစ်အားပေး ဘောင်းဘီးအကျပ်တွေ ဝတ်ပေးဖို့ လို၊ မလို ဆရာဝန်ကို မေးမြန်းပါ။ ပြီးတော့ ကိုယ်ဝန်ရှိနေရင်ပဲဖြစ်ဖြစ်၊ ကိုယ်ဝန်မဆောင်ခင် ၂ လအ လိုလောက်ကတည်းကပဲဖြစ်ဖြစ် ဇီကာဗိုင်းရပ်စ် ထနေတဲ့နိုင်ငံတွေကို ရှောင်ပေးပါ။
>> အလှပြင်ပစ္စည်းတွေ၊ စပါးဆားဗစ်တွေ၊ တခြားအလှအပရေးရာဆိုင်ရာတွေ သုံးလို့၊ လုပ်လို့ရလား?
● အနှိပ်ခံခြင်း၊ ခြေသည်း လက်သည်း အလှဆင်ခြင်း : ဒါတွေအားလုံး လုပ်လို့ရပါတယ်နော်။
● ဘိုတောက်စ် အရေးအကြောင်းကင်းဆေး ထိုးခြင်း : ဘိုတောက်စ်ဆေးနဲ့ ကိုယ်ဝန်ဆောင်တွေအကြောင်း လေ့လာထားတာ များများစားစားမရှိပေမယ့် လေလာမှုတွေအရတော့ အချင်းကိုတော့ မဖြတ်ဘူးလို့ သိရတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းလိုမျိုး ကျန်းမာရေးအတွက် သုံးနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ အလှအပအတွက် ဆိုရင်တော့ ကိုယ်ဝန်ဆောင်ပြီးချိန်မှ လုပ်တာ အကောင်းဆုံးပဲပေါ့။
● ဆံပင်ဆိုးဆေး: ဆံပင်ဆိုးဆေးတွေဟာ ကိုယ်ဝန်ပျက်ကျတာနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း ပြထားခဲ့တာတွေ ရှိနေပေမယ့် နောက်ပိုင်းလေ့လာမှုတွေမှာတော့ အနည်းအကျဉ်းပဲရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မလုပ်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
● ဆီးခုံမွေး ဖယောင်းကပ်ခွာ ဖယ်ရှားခြင်း : ဘာမှတော့မဖြစ်တတ်ပေမယ့် ကိုယ်ဝန်ဆောင်ချိန် ပုံမှန်ထက် ပိုနာတတ်တယ်ဆိုတာ သိထားပါ။
>> တခြားသတိထားရမှာတွေကတော့ -
● ရှိုးပွဲတွေနဲ့ ဆူညံသံတွေ : ကလေးလေးတွေဟာ ကိုယ်ဝန်အပတ် ၂၀ နောက်ပိုင်းမှာ ကြားနိုင်ပြီဆိုပေမယ့် ရှိုးပွဲတွေဆူညံသံတွေကြောင့် ကလေးအကြားအာရုံကို မထိခိုက်နိုင်ပါဘူးနော်။
● ရေပူရေချိုးခြင်းနဲ့ ရေကူးခြင်း : ကိုယ်ဝန် ၂၀ ပတ် နောက်ပိုင်းမှာ ရေပူရေချိုးတာ၊ ရေနွေးခန်းသွားတာ၊ ရေပူစမ်း စိမ်တာမျိုး ရှောင်ပေးပါနော်။ ပုံမှန်ရေအပူချိန်မှာ ရေကူးတာကတော့ ပြဿနာမရှိပါဘူး။
● အပြင်းအထန်လှုပ်ရှားခြင်း : ဗိုက်ကို ထိခိုက်စေနိုင်တဲ့ အပြင်းအထန်လှုပ်ရှားမှုတွေကို ရှောင်ရှားဖို့ လိုပါတယ်။
● လက်မြှောက်ထားခြင်း : ကိုယ်ဝန်ဆောင်တွေ လက်မြှောက်တဲ့အခါ ကလေးအချင်း ကြိုးပတ်သွားတတ်တယ်ဆိုတာ လုံးလုံးမဟုတ်ပါဘူးနော်။
ဘာတွေ ဆောင်ရ၊ ရှောင်ရမယ်ဆိုတာကို သေချာသိချင်ရင်တော့ အကောင်းဆုံးက ဆရာဝန်ကို တိုင်ပင်ဆွေးနွေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















