ကိုယ်ဝန်ဆောင်မေမေတို့ မောပန်းနွမ်းနယ်နေသလား ?
ကိုယ်ဝန်ဆောင်ချိန်မှာ မနက်တိုင်း အိပ်ရာမထချင်ဖြစ်ပြီး ညနေစောင်းဆိုတာနဲ့ အိပ်ရာထဲမှာပဲ လှဲလျောင်းနေချင်တာကို ကြုံဖူးကြမယ်ထင်ပါတယ်။ ကလေးမမွေးဖွားခင်တောင် ဒီလောက်ထိ မောပန်းနွမ်းနယ်နေရင် မွေးဖွားပြီးတဲ့အခါ ရင်သွေးလေးကို ပြုစုပျိုးထောင်ဖို့ အားအင်ကုန်ခမ်းနေလို့ ဘယ်ဖြစ်ပါ့မလဲနော်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် မောပန်းနွမ်းနယ်ခြင်းကို သက်သာစေမယ့် နည်းလမ်းကောင်းတွေကို မေမေတို့နဲ့အတူ မျှဝေပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလ ပထမသုံးလပတ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ပင်ပန်းရသလို ရင်သွေးလေး တဖြည်းဖြည်းကြီးထွားဖွံ့ဖြိုးလာတဲ့အခါ ကလေးရဲ့ကိုယ်အလေးချိန်ကို ထမ်းထားရခြင်း၊ သားအိမ်က ဆီးအိမ်ကိုဖိထားတာကြောင့် ဆီးမကြာခဏသွားရပြီး ညဘက်အိပ်ရေးပျက်ခြင်း အစရှိတဲ့ အကြောင်းရင်းများကြောင့် မေမေတို့အနေနဲ့ မောပန်းနွမ်းနယ်ရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လေ့ရှိတဲ့ သွေးအားနည်းခြင်း၊ ကိုယ်ဝန်ဆောင်ဆီးချိုသွေးချိုရောဂါ အစရှိတဲ့ရောဂါများကြောင့်လည်း မောပန်းနွမ်းနယ်နိုင်ပါတယ်။
Obimin 2022 IA 1

ကိုယ်ဝန်ဆောင်ချိန်မှာ မောပန်းနွမ်းနယ်တာကို သက်သာစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ အိပ်စက်ခြင်းပဲ ဖြစ်ပါတယ်။ မေမေတို့အနေနဲ့ ညဘက်ကို အိပ်ရေးဝဝ အိပ်ပေးသင့်ပေမယ့်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဆီးမကြာခဏသွားရခြင်း၊ ခါးနာခြင်း၊ ကြွက်တက်ခြင်း စတဲ့အကြောင်းရင်းတွေကြောင့် ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ ညဘက်မရခဲ့တဲ့ အိပ်စက်ချိန်ကို နေ့ဘက်မှာ ပြန်လည်ဖြည့်ပေးပါ။ နေ့လည်ဘက်ကို အချိန်ခဏပေးပြီး တစ်ကြိမ် (သို့) နှစ်ကြိမ်လောက် အိပ်စက်ပေးပါ။ အိပ်တဲ့အခါမှာလည်း ဘယ်ဘက်စောင်းအိပ်ပြီး ခြေထောက်ကြား၊ ဒါမှမဟုတ် ခြေထောက်အောက်မှာ ခေါင်းအုံးထားပြီး အိပ်စက်ပေးပါ။ ဒီလိုပုံစံဟာ ကလေးဆီသွေးထောက်ပံ့မှုများစေပြီး မေမေတို့ကိုလည်း ခါးနာသက်သာစေပါတယ်။
Obimin 2022 IA 2

တခြားနည်းလမ်းကောင်းတွေကတော့…
● လမ်းလျှောက်ခြင်း၊ ရေကူးခြင်း အစရှိတဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများကို နေ့စဥ်ပုံမှန်ပြုလုပ်ပေးပါ။
● စိတ်အပန်းပြေအောင် အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ ရေနွေးနဲ့ရေချိုးပါ။ ခန္ဓာကိုယ်ကို ညှင်ညှင်သာသာလေး နှိပ်နယ်ပေးပါ။
● ရေဓာတ်ပြည့်ဝနေအောင် အရည်များများသောက်ပေးပါ။
● ထမင်းကို အချိန်မှန်စားပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မုန့်ပဲသရေစာများကို ထမင်းစားချိန်ကြားမှာ စားပေးပါ။ သကြားပါဝင်မှုများသော အစားအသောက်များကို ရှောင်ကြဥ်ပါ။
ဒီနည်းလမ်းတွေဟာ မေမေတို့အတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။ ကလေးမွေးဖွားပြီးရင်လည်း ကလေးကိုပဲ ဦးစားပေးနေတာမျိုးမလုပ်ဘဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ပေးသင့်ပါတယ်။ မွေးဖွားပြီးနောက်ပိုင်းမှာလည်း ဆက်လက်ပြီး အနားယူဖို့၊ အိပ်စက်ပေးဖို့၊ အာဟာရစုံလင်အောင် စားသောက်ပေးဖို့ မမေ့ကြပါနဲ့နော်။