ကိုယ်ဝန်ဆောင်ချိန် ချဉ်ခြင်းများအကြောင်း
အချဉ်ထုတ်၊ ပေါင်မုန့်၊ ရေခဲမုန့်၊…. စသဖြင့် များပြားလှတဲ့ ချဉ်ခြင်းတွေဖြစ်နေပါသလား? စိတ်မပူပါနဲ့။ ကိုယ်ဝန်ဆောင်အမျိုသမီး ၅၀ကနေ၉၀ရာခိုင်နှုန်းဟာ အစားအသောက်တစ်မျိုးမျိုးကို ချဉ်ခြင်းတက်နေလေ့ရှိပြီး တစ်ချို့တွေမှာတော့ ပုံမှန်ကြိုက်လေ့ရှိတဲ့အစားအစာတွေကိုတောင် လှည့်မကြည့်ချင်လောက်အောင် မုန်းနေတတ်ပါတယ်။
>> ဘယ်အချိန်မှာစဖြစ်တတ်သလဲ?
ကိုယ်ဝန်သုံးလေ လာက် မှာ စဖြစ်တတ်ပြီး ၃ လမှ ၇လ အတွင်းမှာ ချဉ်ခြင်း အလွန်ဖြစ်တတ်ပါတယ်။ နောက်ပိုင်းမှာတော့ တစ်ဖြည်းဖြည်းချင်း ပြန်နည်းသွားတတ်ပါတယ်။ ဒီအချိန်အတောအတွင်းမှာ တစ်ချို့အစားအစာတွေကို မငြီးမငွေ့တောင့် တနေတတ်ပြီး တစ်ချို့အစားအစာတွေကို စဉ်းစားကြည့်ရုံနဲ့တင် ပျို့အန်ချင်နေတတ်ပါတယ်။ ဒီလိုမစားချင်တာမျိုးဟာ မနက်ခင်းပျို့အန်ခြင်းတွေနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။ ဒီလိုချဉ်ခြင်းတက်တာနဲ့ မစားချင်တာတွေဟာ တစ်ပြိုင်တည်းဖြစ်တတ်ပေမယ့် တစ်ခုနဲ့တစ်ခု ဘာမှမဆိုင်ပါဘူး။
>> ဘာကြောင့်ဖြစ်ရတာလဲ?
ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့
1. ဟော်မုန်း : ကိုယ်ဝန်ဆောင်အစပိုင်း ဟော်မုန်းတွေအပြောင်းအလဲဖြစ်ချိန်မှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်မဆောင်ခင်မှာ ချော့လက်စားချင်စိတ်ဖြစ်နေရင် ကိုယ်ဝန်ဆောင်နေချိန်မှာလည်း ချော့ကလက်ကို ချဉ်ခြင်းတက်နေပါလိမ့်မယ်။
2. အာရုံခံစားမှုအပြောင်းအလဲ : ကိုယ်ဝန်ဆောင်ချိန်မှာ အရသာနဲ့အနံ့ခံစားမှု အထူးအားကောင်းနေတာ ဒါမှမဟုတ် လုံးဝခံစားမှုမရှိတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ချို့အစားအစာတွေကို လျာခံစားမှု အရမ်းကောင်းပြီး ခါးတဲ့အရသာ၊ ချဉ်တဲ့အရသာတွေ ခံစားရတတ်ပါတယ်။
3. အာဟာရဓာတ်လိုအပ်မှု : တစ်ချို့တွေရဲ့အဆိုအရ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို ချဉ်ခြင်းဖြစ်ပြီး ခန္ဓာကိုယ်အတွက်မကောင်းတာတွေကို မစားချင်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရင်ကအရမ်းကြိုက်ခဲ့တဲ့ ကော်ဖီတွေ၊ အရက်တွေကို ကိုယ်ဝန်ဆောင်ချိန် မခံနိုင်ဖြစ်နေတာဖြစ်တတ်ပေမယ့် ခန္ဓာကိုယ်အတွက် ကောင်းတဲ့ ဟင်းရွက်သုတ်တွေ၊ အုတ်ဂျုံတွေကိုလည်း မစားချင်ဖြစ်နေရတာဟာ ဘာကြောင့်မှန်း မရှင်းပြနိုင်ပါဘူး။ သီအိုရီတစ်ခုမှာ လူတွေရဲ့စားပုံတွေဟာ သဘာဝနဲ့ကင်းကွာလာတာကြောင့် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို ဘာသာပြန်ရာမှာ ပုံမှန်အတိုင်းမပြန်တတ်တော့ဘူးလို့ဆိုပါတယ်။ ဥပမာ ခန္ဓာကိုယ်မှာ ဗီတာမင်စီနဲ့ ကယ်လ်စီယမ်ဓာတ်လိုအပ်နေတဲ့အခါ ဒီလိုအပ်ချက်ကို ခန္ဓာကိုယ်က သခွားမွေးနဲ့ နို့ချဉ်ခြင်းအစား Oreoရေခဲမုန့် ကိုချဉ်ခြင်းတက်တတ်ပါတယ်။
4. စိတ်လုံခြုံစေမယ့်အစားအစာ : ကိုယ့်မွေးဖွားကြီးပြင်းရာဒေသက အစားအစာတွေကို ချဉ်ခြင်းတက်တတ်ပါတယ်။ ဥပမာ မြန်မာအမျိုးသမီးတစ်ယောက်ဟာ ထမင်းကို ချဉ်ခြင်းတက်တာမျိုးတွေဟာ အထူးသဖြင့် မီးဖွားခါနီးမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့ ကိုယ်ချဉ်ခြင်းတက်နေတာကို မဆိုင်းမတွစားခြင်းဖြင့် စိတ်လုံခြုံစေနိုင်ပါတယ်။
>> ဘာလုပ်သင့်သလဲ?
ကိုယ်ဝန်ဆောင်ချဉ်ခြင်တက်တဲ့အခါ အမြဲတမ်းချိုးနှိမ်ထားလို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အကျိုးသင့်အကြောင်းသင့် ကြိုးစားတုန့်ပြန်ရပါမယ်။ ဒီလိုချဉ်ခြင်းတက်တာတွေဟာ ၄လလောက်မှာ ပျောက်သွားတတ်ပေမယ့် မပျောက်ပဲဆက်ရှိနေရင် စိတ်ခံစားမှုလိုအပ်ချက်တွေရှိနေနိုင်ပါတယ်။ ဒါကြောင့် ခင်ပွန်းနဲ့စကားစမြည်ပြောဆိုပြီး ခင်ပွန်းရဲ့ ချစ်ခင်ကြင်နာမှုတွေ ရယူပါ။ ဒီအချက်တွေကို လိုက်လုပ်ကြည့်ပါ။
• ကိုယ်ဝန်ဆောင်ချဉ်ခြင်းတက်တဲ့အခါ ကိုယ်ခန္ဓာကို အကျိုးမပြုမယ့် အာဟာရမရှိတဲ့ အစားအစာတွေကို အများကြီးမစားပါနဲ့။ ဥပမာ ချော့ကလက်အကြီးကြီးမစားပဲ သေးသေးလေးပဲစားတာ၊ ဘရောင်နီကိတ်အများကြီးမစားပဲ ချော့ကလက်နို့တစ်ခွက်လောက်ပဲသောက်တာ မျိုးတွေလုပ်ပေးရပါမယ်။
• ချဉ်ခြင်းမတရားတက်လာတဲ့အခါ အခြားစိတ်အပြောင်းအလဲဖြစ်မယ့် လမ်းလျောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ၊ သူငယ်ချင်းနဲ့စကားပြောတာတွေ လုပ်ပြီးစိတ်အာရုံလွှဲလို့ရပါတယ်။
• တစ်ခါတစ်လေ အရက်ကလွဲလို့ အခြားစားချင်တာတွေ စားပေးနိုင်ပါတယ်။ ပြီးရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တာတွေပဲ ပြန်စားပေးပါ။
• ကိုယ်ဝန်ဆောင်ချိန် မစားချင်မသောက်ချင်ဖြစ်နေခဲ့ရင် မစားချင်တဲ့အစားအသောက်အစား အစားထိုးစားလို့ရတာလေးတွေ ရှာစားပါ။
>> ဘယ်အချိန်မှာဆရာဝန်နဲ့ပြသသင့်သလဲ?
မူမမှန်တဲ့ချဉ်ခြင်းတွေဖြစ်တဲ့ ရွှံ့၊ ပြာ၊ ဆပ်ပြာ စတာတွေစားချင်စိတ်ပေါ်လာခဲ့ရင် သံဓာတ်အားနည်းနေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။ မနက်ခင်းပျို့အန်တာတွေ မသက်သာခဲ့ရင်လည်း ဆရာဝန်နဲ့ ပြသပြီး ပျို့အန်ခြင်း ကို သက်သာစေမယ့် ဆေးတွေသောက်ဖို့ လိုပါမယ်။
Dr. Emerald (www.drmyanmar.com)















