ကိုယ်ဝန်ဆောင်ချိန် စက်ဘီးဆိုင်ကယ်စီးလို့ရလားဆိုတဲ့ မေမေတွေအတွက်
ကိုယ်ဝန်ဆောင်ချိန်မှာ စက်ဘီးဆိုင်ကယ်စီးတာက ကိုယ်ဝန်ထိခိုက်နိုင်တယ်ဆိုတာ သက်သေသကာရတော့ မရှိဘူး။ ဒါပေမယ့်လည်း သတိတော့ထားရမှာပေါ့။ အထူးသဖြင့် ဒုတိယကိုယ်ဝန်ဆောင်ကာလ (3 လမှ 6 လကြား) မှာဆိုရင်ပေါ့။
လမ်းပေါ်ထွက်တဲ့အခါ အစိုးမရတဲ့ကားလမ်းကြောတွေနဲ့ ဖုထစ်ထစ်လမ်းတွေကြောင့် ဒုက္ခရောက်ရတယ်။ အထူးသဖြင့် ကားတွေ၊ ဘတ်စ်တွေ၊ မီးရထားတွေထက်စာရင် စက်ဘီး၊ ဆိုင်ကယ်က ပိုထိခိုက်လွယ်တာပေါ့။
ပြီးတော့ စက်ဘီး၊ ဆိုင်ကယ်တွေမှာ ခါးပတ်တွေ၊ လေအိတ်တွေမပါတဲ့အတွက် မတော်တဆထိခိုက်မှုတွေရဲ့ဒဏ်ကို မလျော့နည်းစေနိုင်ဘူး။
လေ့လာမှုတစ်ခုမှာဆိုရင် ဆိုင်ကယ်မတော်တဆဖြစ်မှုတွေဟာ
• နောက်ခုံမှာတစ်ယောက်ထက်ပိုပြီးထိုင်နေတာ
• ဘေးတစ်စောင်းတင်ပါးလွှဲထိုင်တာ
• ကိုယ်ဝန်ဆောင်တတိယကာလတွေမှာ ပိုဆိုးတတ်တယ်လို့ ပြောထားတယ်။
အများစုမှာတော့ စက်ဘီးဆိုင်ကယ်စီးရုံလေးနဲ့ ဘာမှမဖြစ်ဘဲ အေးအေးဆေးဆေးမွေးထွက်သွားပေမယ့် တစ်ချို့မှာ မတော်တဆထိခိုက်မှုဖြစ်ပြီးတော့ အချင်းကွာတာ၊ သားအိမ်ကွဲတာတွေဖြစ်တာကို သတိထားရမယ်နော်။ ကလေး၂၀%လောက်ကို အရေးပေါ်ခွဲမွေးရတတ်တယ်။
အဲဒါကြောင့် ကိုယ်ဝန်ဆောင်မမတွေကို သတိပေးချင်တာက
• ဖြစ်နိုင်ရင် စက်ဘီးဆိုင်ကယ်မစီးနဲ့နော်။
• သူများနောက်ကလည်းလိုက်မစီးနဲ့။
• မဖြစ်မနေလိုက်စီးရမယ်ဆိုရင်လည်း ဘေးတစ်စောင်းတင်ပါးလွှဲမထိုင်ဘဲနဲ့ ခွထိုင်ပေးပါ။
လေ့လာမှုတစ်ခုအရဆိုရင် ယာဉ်မတော်တဆဖြစ်မှုတွေရဲ့ ၈၅%လောက်ဟာ ဆိုင်ကယ်တွေကြောင့်ဖြစ်တယ်လို့ဆိုတယ်။
ဆိုင်ကယ်မှောက်တာ၊ လက်ကိုင်နဲ့ဗိုက်နဲ့ရိုက်မိတာတွေကြောင့် ဒဏ်ရာရတာက ၅၀%လောက်ရှိတယ်တဲ့။
ပြီးတော့ ကိုယ်ဝန်ဆောင်ဘယ်ကာလမှာမဆို မတော်တဆဖြစ်နိုင်ပေမယ့် ကိုယ်ဝန်ဆောင် ဒုတိယကာလနဲ့ တတိယကာလတွေမှာ ပိုပြီးမှောက်ကျနိုင်ခြေရှိတယ်လို့ ပြောသေးတယ်။
အဲဒါကြောင့် ကိုယ်ကမဖြစ်မနေ ဆိုင်ကယ်စီးနေရတယ် ဆိုရင် ဒီအချက်တွေကိုတော့ သတိထားဖို့လိုတယ်။
1. အမြဲတမ်းအကာအကွယ်ဦးထုပ်ဆောင်းပါ။
2. အဖုအထစ်များတဲ့လမ်းတွေ၊ ကားရှုပ်တဲ့လမ်းတွေကို ရှောင်ပါ။
3. လမ်းထွက်တဲ့အချိန်ကို တတ်နိုင်သမျှနည်းပါစေနော်။ ဖြစ်နိုင်ရင် ရုံးသွားရုံးပြန်၊ ကျောင်းသွားကျောင်းပြန် ကားလမ်းကြောင်းရှုပ်တဲ့အချိန်ကို ရှောင်ပြီးသွားပါ။
4. ကိုယ့်ဟန်ချက်ကိုကိုယ်ထိန်းနိုင်ဖို့လိုတယ်။
5. ကိုယ်သွားလေ့ရှိတဲ့လမ်းကြောင်းတစ်လျောက်မှာ ဘာဆေးရုံ၊ဆေးခန်းတွေရှိလဲဆိုတာကို စုံစမ်းထားပါ။ ဒါမှသာတစ်ခုခုဖြစ်ရင် ဘယ်သွားသင့်တယ်ဆိုတာ သိရမှာပါ။
6. ရာသီဥတုနဲ့အချိန်ကာလပေါ်မူတည်ပြီး မြင်သာထင်သာတဲ့အဝတ်အစား၊ ဂျက်ကက်တွေကို ဝတ်ပေးပါ။
နေလို့မကောင်းရင်၊ မူးဝေနေရင် မစီးပါနဲ့။
7. ဖြစ်နိုင်ရင်မိုးရွာနေချိန် ဆိုင်ကယ်မစီးနဲ့နော်။ မိုးရေထဲ ဟန်ချက်ထိနး်ရတာ အင်မတန်ခက်တယ်။ အထူးသဖြင့် ရေကြီးနေရင်၊ လမ်းချော်နေရင်၊ ဗွက်ထနေရင် ပိုတောင်မစီးသင့်ဘူး။ ပြီးတော့ မြူတွေဆိုင်းနေရင်လည်း စိတ်မချရဘူးနော်။
8. နွေရာသီမှာနေ့မွန်းတည့်ချိန်အပြင်ထွက်ဖို့ မကြိုးစားပါနဲ့။ ချွေးထွက်ပြီး ရေဓာတ်ခမ်းခြောက်နိုင်လို့ မူးဝေတတ်တယ်။
9. ညနေ နေဝင်ရီတရောနဲ့ ညဘက်သနး်ခေါင်အချိန်မျိုးတွေမှာလည်း ဖြစ်နိုင်ရင် မသွားသင့်ဘူး။
ကိုယ်ဝန်ရင့်လာတဲ့အခါ ကိုယ့်ရဲ့မြေပြင်ဆွဲငင်မှုဗဟို ပြောင်းလာပြီးတော့ တုန့်ပြန်မှုတွေကလည်း အရင်ကထက်ပိုနှေးလာတတ်တယ်။ အဲဒါကြောင့် ကိုယ်ဝန်ပိုရင့်လာလေလေ စက်ဘီးဆိုင်ကယ်ပေါ်မှာ ဟန်ချက်ထိန်းရတာ၊ ဘီးထိန်းရတာ၊ အကွေ့အကောက်တွေမှာ ပိုခက်လာတတ်တယ်။
အပြင်သွားရင်တစ်ခြားနည်းတွေစဉ်းစားကြည့်ပါ။ အလုပ်တူတဲ့မိတ်ဆွေသူငယ်ချင်းနဲ့ လမ်းကြုံလိုက်တာ၊ တက္ကစီမျှစီးတာမျိုးတေ် လုပ်ကြည့်ပေါ့။
အလုပ်နဲ့အိမ်နီးရင် လမ်းလျောက်ပြီးပဲ သွားပါ။ လမ်းကးူရင်သတိထားပါ။ အဖော်တစ်ယောက်နဲ့ တူတူသွားတာပိုကောင်းတယ်။ လမ်းဘေးပလတ်ဖောင်းရှိတဲ့ဘက်က လျှောက်ပါ။
အမျိုးသားက ကားစီးရင် သူ့ကားနဲ့ အပိုအကြို့လုပ်ခိုင်းပါ။
ဖြစ်နိုင်ရင် အပြင်သွားတဲ့အချိန်ကို လျော့ပေးနော်။
အပြင်ဈေးဝယ်ထွက်တာမျိုးကို မိသားစုဝင်တစ်ယောက်ယောက်ကို အကူအညီတောင်းတာမျိုး၊ ကလေးအတွက်လိုအပ်မယ့်ဟာတွေကြိုစဉ်းစားထားပြီး အမျိုးသားအားတဲ့ရက်ကို လိုက်ပို့ခိုင်းပါ။ ဈေးကိုယ်တိုင်သွားဝယ်ရင်လညး် လူရှင်းမယ့်အချိန်မျိုးမှာ သွားဝယ်ပါ။
လျပ်စစ်မီးမီတာခ၊ ဖုန်းဘေလ်ခတွေကိုလည်း ဖြစ်နိိုင်ရင်အွန်လိုင်းဘဏ်ကနေ လွှဲပေးပါ။
ကလေးအကြီးတွေရှိရင် ကိုယ်တိုင်ကျောင်းမကြိုဘဲ ကျောင်းကားနဲ့လွှတ်ပါ။
တစ်ချို့လူတွေကလည်း လမ်းကြမ်းကြမ်းတွေက ကလေးမွေးရပိုမြန်စေတယ်လို့ပြောကြတာတွေ ရှိပေမယ့် ဟုတ်မဟုတ်တော့ မသေချာပါဘူး။
အဲဒါကြောင့် တစ်ခုခုဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ အထူးသဖြင့် နဂိုရောဂါအခံရှိတာ၊ ကိုယ်ဝန်နောက်ဆက်တွဲတွေရှိနေတာဆိုရင် ပိုသတိထားရမယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)















