ကိုယ်ဝန်ဆောင်နဲ့ ကော်ဖီ
ပင်ပန်းနွမ်းနယ်လာတဲ့အခါ ကော်ဖီပူပူလေးတစ်ခွက် သောက်လိုက်ချင်စိတ်ဖြစ်ပေါ်လာတာဟာ လူတိုင်းဖြစ်လေ့ရှိတဲ့ တောင့်တချက်တစ်ခုပဲ ဖြစ်ပါတယ်။ ကော်ဖီဟာ စိတ်ကိုလှုပ်ရှားတက်ကြွစေတတ်တဲ့ အရာတစ်ခုဖြစ်တာကြောင့် စွဲလန်း တတ်ပါတယ်။ အိမ်မှာ၊ အလုပ်မှာ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ကော်ဖီသောက်ချင်စိတ်ကို လှုံ့ဆော်လာပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီသောက်သင့်မသောက်သင့်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းရဲ့ ဒွိဟဝိဝါဒတစ်ခု ဖြစ်လာပါတယ်။ ကလေးကိုလည်း မထိခိုက်စေချင်သလို ကော်ဖီကိုလည်း မဖြတ်နိုင် ဖြစ်တတ်ပါတယ်။
>> ကော်ဖီသောက်ခြင်းဟာ ကိုယ်ဝန်ကို ဘယ်လိုထိခိုက်နိုင်သလဲ?
၁။ ကဖိန်းဓာတ်
ကဖိန်းဓာတ်ဟာ ကော်ဖီရဲ့အဓိကပါဝင်ပစ္စည်း ဖြစ်ပြီး နှလုံးနဲ့သွေးကြောတွေကို ထိခိုက်စေတတ်သလို အများအပြားသောက်သုံးတဲ့အခါ ကင်ဆာပြောင်းလဲမှုတွေ ဖြစ်စေလာနိုင်ပါတယ်။
၂။ Polyphenol
Polyphenolဆိုတဲ့ဓာတ်ဟာ ကိုယ်ခန္ဓာရဲ့ သံဓာတ်စုပ်ယူနိုင်စွမ်းကို တားဆီးပေးပြီး သွေးအားနည်းစေနိုင်ပါတယ်။
ဒီပစ္စည်းနှစ်မျိုးဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ
• ကိုယ်ဝန်ပျက်ကျစေခြင်း : ကိုယ်ဝန်အစပိုင်းကာလတွေမှာ ကော်ဖီအများကြီးသောက်ခြင်းက ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။
• ကလေးကြီးထွားမှုနှုန်းနှေးစေခြင်း : ကိုယ်ဝန်နှောင်းပိုင်းကာလမှာ ကော်ဖီအများအပြားသောက်ခြင်းဟာ ကလေးကြီးထွားမှုကို နှေးစေနိုင်ပါတယ်။
• သွေးအားနည်းခြင်း : ကိုယ်ဝန်ဆောင်စဉ် ကော်ဖီသောက်သုံးခြင်းက သွေးအားနည်းစေနိုင်ပြီး သွေးအားနည်းခြင်းကြောင့် ကျန်းမာရေးဆိုးကျိုးတွေ၊ နောက်ဆက်တွဲတွေ အများအပြားဖြစ်လာစေနိုင်ပါတယ်။
>> ကော်ဖီကို လုံးဝစွန့်လွှတ်လိုက်သင့်သလား?
မလိုပါဘူး။ ပုံမှန်ပမာဏအတိုင်းသာသောက်မယ်ဆိုရင် အန္တရယ် မရှိပါဘူး။ ကျွမ်းကျင်သူတွေကတော့ တစ်နေကို ကဖိန်း ဓာတ် ၂၀၀မီလီဂရမ်ခန့် (၂၀၀မီလီလီတာ ၂ခွက်ခန့်) သောက်သုံးနိုင်တယ်လို့ ဆိုကြပါတယ်။ ခွက်ကြီးလေလေ ကော်ဖီပိုများလေ ဖြစ်တာကြောင့် ခွက်ပမာဏကိုလည်း ကြည့်သင့်ပါတယ်။
ကော်ဖီအမျိုးအစားနဲ့ ဖျော်နည်းကလည်း အရေးပါပါသေးတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီသောက်တဲ့အခါ
• နှပ်ကော်ဖီထက် အသင့်ဖျော်ကို ပိုသောက်သင့်ပါတယ်။
• ပုံမှန်ကော်ဖီထက် ကဖိန်းဓာတ်မပါတဲ့ကော်ဖီကို ရွေးချယ်ပါ။
• အကြာကြီးနှပ်ထားတဲ့ ကော်ဖီမှာ ကဖိန်းဓာတ်ပိုများတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
>> ကဖိန်းဓာတ်ပါတဲ့ အခြားဖျော်ရည်ဘာရှိသေးသလဲ?
လက်ဖက်ရည် : လက်ဖက်ရည်မှာ ကဖိန်းဓာတ်အနည်းငယ်ပါပါတယ်။ ဒါကြောင့် အနည်းငယ်မျှသောက်ခြင်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါတာကြောင့် အကျိုးရှိပေမယ့် အများကြီးတော့ မသောက်သင့်ပါဘူး။
ကိုလာ : ကိုလာမှာ ကဖိန်းဓာတ်အပြည့်ပါတာကြောင့် ရှောင်ရှားသင့်ပါတယ်။
ကာဗွန်ပါတဲ့အချိုရည်များ : ဂတ်စ်ပါတဲ့အချို ရည်တွေ၊ ဆိုဒါတွေနဲ့ ဘာအန္တရာယ်မှမရှိဘူးလို့ထင်ရတဲ့ သံပရာဆိုဒါရည်တွေမှာတောင် ကဖိန်းဓာတ်တွေ ပါဝင်နေတာကြောင့် ဒီအချိုရည်တွေသောက်မယ့်အစား သံပရာရည်လတ်လတ်ဆတ်ဆတ်သောက်ပါ။
ချော့ကလက် : ချေ့ာကလက်မှာလည်း ကဖိန်းဓာတ်နည်းနည်းပါဝင်တာကြောင့် ချော့ကလက်ပါတဲ့ ချော့ကလက်တောင့်တွေ၊ သကြားလုံးတွေ၊ ရေခဲမုန့်၊ ပေါင်မုန့်ကိတ်မုန့်တွေနဲ့ ချော့ကလက်ပူတွေကို ရှောင်ကြဉ်ရပါမယ်။
အကိုက်အခဲပျောက်ဆေး : အအေးမိနှာစေး အကိုက်အခဲပျောက်ဆေးတွေမှာ အိပ်ချင်ငိုက်မြည်းခြင်း မဖြစ်ရလေအောင် ကဖိန်းဓာတ်ပါဝင်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ပါ။ ဆေးမသောက်ခင်မှာ ပါဝင်ပစ္စည်းတွေကို ဖတ်ရှူ ကြည့်ပါ။ ဖြစ်နိုင်ရင် ဆေးဆိုင်ကဆေးတွေဝယ်မသောက်ပဲ ဆရာဝန်နဲ့ ပြသကာဆရာဝန်ညွှန်ကြားတ့ဲဆေးတွေကိုသာ သောက်သင့်ပါတယ်။
>> အစားထိုးသောက်စရာဘာရှိသလဲ?
ကိုယ်ဝန်ဆောင်ခိျန်မှာ ကော်ဖီကို လုံးဝဖြတ်လိုက်တာ အကောင်းဆုံးဖြစ်ပေမယ့် မျှမျှတတသောက်မယ်ဆိုရင်တော့ ဘေးမဖြစ်တတ်ပါဘူး။ ဒါပေမယ့် ကော်ဖီကိုလျော့ချင်တယ် ဒါမှမဟုတ် ဖြတ်ချင်တယ်ဆိုရင် ကဖိန်းနည်းနည်းနဲ့ အစားထိုးသောက်စရာတွေ ရှိပါတယ်။
• လက်ဖက်ရည််စိမ်း - လက်ဖက်ရည်စိမ်းတွေ၊ လက်ဖက်ရည်ကြမ်းတွေမှာ ကဖိန်းဓာတ်အနည်းငယ်မျှသာ ပါဝင်ပါတယ်။ ဒါ့အပြင် နှပ်သောက်ရတာမျိုးလည် မဟုတ်တဲ့အတွက် ကောင်းပါတယ်။
• အသင့်သောက်ကော်ဖီ - နှပ်ကော်ဖီထက် အသင့်သောက်ကော်ဖီမှုန့်လက်ဖက်ရည်ဇွန် တစ်ဝက်နဲ့ နို့နဲ့ဖျော်သောက်ခြင်းက ပိုကောင်းပါတယ်။
• ကဖိန်းဓာတ်လျှော့ကော်ဖီ - ကဖိန်းဓာတ်အများကြီးလျှော့ထားတဲ့ ကော်ဖီတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ သောက်နိုင်ပါတယ်။
ဒါကြောင့် အဆုံးသတ်မှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီသောက်ခြင်းဟာ မှားတာတော့မဟုတ်ပေမယ့် လျှော့သောက်ဖို့တော့ လိုပါလိမ့်မယ်။ သိချင်တာရှိရင် ဆရာဝန်နဲ့တိုင်ပင်မေးမြန်းပါ။ ကော်ဖီအကြောင်းကို ကောင်းကောင်းလေ့လာပြီး ကိုယ်ဝန်ဆောင်ကာလ ၉လအတွင်းမှာ ကော်ဖီနဲ့ ဘယ်လိုဖြတ်သန်းမလဲဆိုတာကို သိရှိနိုင်ကြပါစေ။
ပျော်ရွှင်ဖွယ်ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ထပ်ဆင့်ဆုတောင်းပေးလိုက်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)






























