ကိုယ်၀န်ဆောင်ချိန်မှာ ခင်ပွန်းတွေနားလည်လက်ခံပေးရမယ့် အကြောင်းအရာများ
လင်ရယ်မယားဖြစ်လာကာစမှာ မင်္ဂလာဆောင်ပြီးကနေ တစ်နှစ်အတွင်းဆိုရင် 2 ယောက်တည်း ကြည်နူးသာယာနေတတ်ကြပါတယ်။ အဲ.. တစ်နှစ်ကျော်သွားရင်တော့ စပြီးဟာတာတာဖြစ်လာပါတယ်။ မိသားစုဝင်တစ်ဦးတစ်ယောက် ထပ်မံလိုအပ်လာတဲ့သဘောပါ။ ကလေးလိုချင်လာပါပြီ။ ကလေးသေးသေးလေးတစ်ယောက်လောက်ရရင်ဖြင့်ဆိုတဲ့အတွေးက နှစ်ယောက်လုံးကို ဖိစီးလာပါတယ်။ ကံကောင်းထောက်မစွာဘဲ ကိုယ်ဝန်ရှိသွားရောဆိုကြပါစို့။
မေမေလောင်းလျာလေးတွေက ကိုယ်ဝန်ရှိစမှာ ပျို့မယ်အန်မယ်မူးမယ်... မျက်နှာလေးနွမ်းနေတတ်ပါတယ်။ မနက်ခင်းမနက်စာထွက်စားဖို့ခေါ်မရဘူး။ အိမ်မှာပဲရှိတာလေး စားချင်မယ်။ နေရာတိုင်းအန်ချင်ပျို့ချင်နေတာမို့ သူမကိုစ ားစရာဆိုင်ခေါ်ဖို့ စည်းရုံးလို့ရမယ်မထင်ပါဘူး။ တချို့မမတွေကျတော့လည်း ဘာမှမဖြစ်လိုက်ဘဲ ကံကောင်းကြပါတယ်။ အစားမပျက်ဘူးပေါ့။
ဟော်မုန်းတွေ အပြောင်းအလဲအများကြီးဖြစ်တဲ့ကာလပါ။ စိတ်က အခုတစ်မျိုး တော်ကြာတစ်မျိုးပြောင်းပါလိမ့်မယ်။ အခု လက်ဖက်ရည်၊ ခဏနေသံပရာရည် ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ စကားပြောရင်းနဲ့ ထဖောက်ပြီး စိတ်ကောက်သွားတာမျိုးလဲ ကြုံနိုင်ပါကြောင်း။ သူမကိုပြောနေကျစကားပြောနေတာတောင် စိတ်မကြည်ဖြစ်သွားတတ်သလို ဘာမဟုတ်တာလေးတွေကိုလည်း ဒေါသထွက်နေနိုင်တဲ့ မမလေးတွေရှိဦးမှာပါ။
အကြိုက်တွေ ပြောင်းသွားနိုင်ပါတယ်။ ကြာဇာကြော်သိပ်ကြိုက်ရာကနေ ကြာဇံကိုကြည့်တောင်မကြည့်တဲ့အခြေအနေတွေကြုံရနိုင်ပါတယ်။ ဘေးကခင်ပွန်းက ဒါကိုနားမလည်တော့ ဘာဖြစ်သွားပါလိမ့်လို့ အူကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါတယ်။
သူမရဲ့ခန္ဓာကိုယ်မှာ အပြောင်းအလဲအများကြီးရှိလာမယ့်အချိန်ပါ။ သူမအနေနဲ့ မခံစားနိုင်တာ၊ မခံစားတတ်တာတွေ ခဏခဏကြုံမှာပါ။ ဖြစ်သမျှကို တတွတ်တွတ်ပြောပြမယ့် ချစ်စရာကြက်တူရွေးမမလေးတွေရှိသလို ရေငုံနှုတ်ပိတ်မြုံစိစိ ကိုယ်ဝန်ဆောင်လေးတွေလည်း တွေ့ရပါတယ်။ အပြစ်မဟုတ်ပါဘူး။ ဖြစ်သမျှကိုမပြောရလေကောင်းလားလို့ အပြစ်တင်မစောစေချင်သလို စကားများရန်ကောလို့လည်း ရန်တွေ့လို့မရပါဘူး။ ကျန်းမာပြီး ဖလန်းဖလန်းထနေတဲ့ မိန်းကလေးနဲ့ ကိုယ်ဝန်ဆောင်နဲ့မတူပါဘူး။ သူမအတွက ခက်ခဲတဲ့ကာလကို သူမဘာသာညှိပြီး ဖြတ်ကျော်နေရရှာတာပါ၊
ဗိုက်လေးစူထွက်လာတာနဲ့အမျှ တချို့တွေကရှက်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတော့ဘူးလို့ ခံစားနေတတ်သလို ပိုပိုလှအောင် ဗိုက်ဖုံးအကျႌရောင်စုံနဲ့ ဖက်ရှင်ထုတ်မယ့် အမတွေ၊ ညီမတွေလည်းရှိမှာပဲ။ သူမကိုကြည့်ကောင်းကြောင်း ဗိုက်လေးနဲ့ပိုကျက်သရေရှိလာကြောင်း တစ်ရက်တစ်ခေါက်လောက်ပြောပေးရင်ဖြင့် ကိုယ်ဝန်သည်လေး ပိုစိတ်ချမ်းသာမလားပါပဲ။
ဇနီးသည်ကိုဗိုက်ကြီးနေတာပဲလေဆိုပြီး အိမ်မှာမထားခဲ့ပါနဲ့။ ခေါ်လို့်ရမယ့်နေရာအကုန်ခေါ်သွားပါ။ ဖေးဖေးမမဆက်ဆံပါ။ ရံဖန်ရံခါ သူမကိုယ်စား ဟင်းချက်ပေးပါ။ အလေးအပင်မမဖို့ ခဏခဏသတိပေးပါ။လင်မယားအတူနေလို့်ရပါတယ်…သူမက အတူနေဖို့လက်မခံရင်တောင် ထွေးထွေးပွေ့ပွေ့တယုတယလေးဖက်ပေးပါ။ စိတ်မာပါတယ်။ သိပ်ကြမ်းခံပါတယ်ဆိုတဲ့မိန်းမတွေတောင် ကိုယ်ဝန်သည်ဘဝမှာ ယုံကြည်မှုပျောက်ဆုံးပြီး အယုအယခံချင်လာကြပါတယ်။
ကိုယ့်မိန်းမကို မကြာခဏဒိတ်လုပ်ပါ။ အအေးဆိုင်ကောင်းကောင်းမှာ ထိုင်တာမျိုး…မြစ်ဆိပ်မှာလေညှင်းခံတာမျိုး ညစာကို ရိုမက်တစ်ဟော်တယ်လေးတစ်ခုမှာဆုံပြီး စားတာမျိူး လုပ်ပေးရင် ကိုယ်ဝန်ဆောင်လေးအနေနဲ့ သိပ်ဝမ်းသာနေမှာပါ။
ဗိုက်ဖုံးလှလှလေးဝတ်ထားတဲ့ကိုယ်ဝန်ဆောင်လေးနဲ့တွဲပြီး အလှဓာတ်ပုံလေးတွေ ခေတ်မှီမှီရိုက်လိုက်ပါဦး။ ဖုန်းလေးနဲ့ဖြစ်ဖြစ် ဝတ်ကောင်းစားလှဝတ်ပြီး နှစ်ယောက်သား အမှတ်တရဓာတ်ပုံရိုက်ပါ။ ပုံထုတ်ပြီး ဘောင်လှလှလေးတပ် ဧည့်ခန်းမှာထောင်ထားပါ။ Social Media မှာ သူငယ်ချင်းတွေနဲ့ မျှဝေလိုက်ပါ။ အများကြီးအမှတ်တရဖြစ်တာပေါ့။
တကယ်တော့ အပေါ်မှာပြောထားသမျှဟာ ဆင်းရဲချမ်းသာမရွေးလုပ်နိုင်ကြတဲ့ အသေးအဖွဲလေးတွေပါ။ ငါကတော့အလုပ်လုပ်နေရလို့၊ ငွေရှာနေရလို့ မေမေလောင်းလျာလေးတွေကို ဂရုမစိုက်နိုင်တာဆိုတာမျိုးတော့ မဖြစ်သင့်ပါဘူး။ အလုပ်ဆိုတာ သေသည်ထိလုပ်ရမှာပါ။ ကိုယ်ဝန်ဆောင်ဘဝဟာ တကယ်တော့ ထင်မထားလောက်အောင် သိပ်ခက်ခဲပါတယ်။ အကြင်နာအယုယလေးတွေပေးနိုင်သလောက် အချိန်ပေးပြီးလုပ်ပေးရင် မိခင်လောင်းရဲ့ကျန်းမာရေးသိပ်ကောင်းလာတတ်ပါတယ်။ ရွှင်လန်းပြီး ကျေနပ်နှစ်သိမ့်တဲ့ စိတ်က ရုပ်ကိုပြုပြင်သွားတာဖြစ်ပါတယ်။
ဒါ့ကြောင့် ခင်ပွန်းယောကျာ်းတွေအနေနဲ့. နားလည်ရခက်လေခြင်းလို့ အပြစ်တင်ခေါင်းကုတ်စိတ်ပျက်နေမယ့်အစား ဟော်မုန်းသဘောတရားနဲ့ ခန္ဓာကိုယ်အပြောင်းအလဲအရ ကိုယ်ဝန်ဆောင်စဉ်ဖြစ်တာတာလေးတွေကို ဂရုစိုက်နားလည်ပေးပြီး မိခင်လောင်းလေးတွေကို စောင့်ရှောက်ကြင်နာပေးကြပါစို့။
ဂျီပီငှက် ( ဆေး/ မန််း) (www.drmyanmar.com)






























