/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/စပျစ်သီးသန္ဓေ

စပျစ်သီးသန္ဓေ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

စပျစ်သီးသန္ဓေတည်ခြင်းဆိုတာ သားအိမ်တွင်းမှာ သန္ဓေသားနှင့် အချင်းအစား စပျစ်သီးပုံစံ အရည်ကြည်အိတ်များဖြင့် ပြည့်နှက်နေခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။

>>  ဖြစ်စေသော အကြောင်းရင်းများကတော့ -
●  စပျစ်သီးသန္ဓေတည်ခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်တွင် ခရိုမိုဆုန်းများ မမျှတရာကနေ ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။
●  မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များ မပါရှိသော မမျိုးဥနှင့် သုတ်ပိုးတို့ပေါင်းစပ်ခြင်းဖြင့် ပြည့်စုံသော စပျစ်သီးသန္ဓေတည်ခြင်း ဖြစ်ပေါ်ပြီး ကောင်းမွန်သောမမျိုးဥဟာ သုတ်ပိုးနှစ်ကောင်နှင့် ပေါင်းစပ်ခြင်းဖြင့် တစ်ဝက်စပျစ်သီးသန္ဓေတည်ခြင်း ဖြစ်ပေါ်စေပါတယ်။
    
>>  စပျစ်သီးသန္ဓေ ဖြစ်နိုင်ခြေများသူများ
●  ဖွံ့ဖြိုးပြီးနိုင်ငံများအနေနှင့် အယောက်တစ်ထောင်တွင် ၁ ယောက်ကနေ ၃ ယောက်ခန့် ဖြစ်ပေါ်နိုင်ပါတယ်။
●  အသက် ၁၆ နှစ်ထက်ငယ်သူများ သို့မဟုတ် ၄၅ နှစ်ထက်ကြီးသူများတွင် ဖြစ်နိုင်ချေ ပိုများပါတယ်။
●  အရှေ့ကိုယ်ဝန်တွင် စပျစ်သီးသန္ဓေ တည်ဖူးသူများ
●  အာရှနွယ်ဖွားအမျိုးသမီးများ

>>  လက္ခဏာများ
●  ပြင်းထန်သော ပျို့အန်ခြင်း
●  ကိုယ်ဝန်ဆောင်သက်တမ်းထက် ပိုပြီး ဗိုက်အရွယ်အစားကြီးနေခြင်း
●  စပျစ်သီးကဲ့သို့ အစေ့များ သွေးနှင့်အတူဆင်းခြင်း
●  ဝမ်းဗိုက်ကို စမ်းကြည့်လျှင် ကလေးအစိတ်အပိုင်းများ မစမ်းမိခြင်း

>>  ကုသနည်း
●  စပျစ်သီးသန္ဓေဟာ သန္ဓေသားအဖြစ် ပြောင်းလဲလာမှာမဟုတ်တဲ့အတွက် တစ်ခုတည်းသော ကုသနည်းကတော့ ဖယ်ထုတ်ပစ်ဖို့ပဲ ဖြစ်ပါတယ်။ အများဆုံး အသုံးပြုတဲ့နည်းလမ်းကတော့ သားအိမ်တွင်းရှိ စပျစ်သီးသန္ဓေသားများကို စုပ်ထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။
●  ထိုစပျစ်သီးတစ်သျှူးများကို ကင်ဆာ ဟုတ်၊ မဟုတ် ဓာတ်ခွဲစမ်းသပ်ဖို့ ပို့ဆောင်ပါတယ်။
●  ထို့နောက် စပျစ်သီးသန္ဓေသား တစ်သျှူးများ အကုန်အစင် မရှိတော့တာ သေချာစေဖို့ ပြန်လည်စစ်ဆေးပါတယ်။
●  သားအိမ်ကို ခြစ်ထုတ်ပြီးနောက် စပျစ်သီးသန္ဓေရဲ့ နောက်ဆက်တွဲဆိုးကျိုးများဖြစ်တဲ့ ကင်ဆာရောဂါ ရှိ၊ မရှိ သိရှိဖို့ရာအတွက် hCG ဟိုမုန်းပမာဏကို ပြန်လည်စစ်ဆေးရန် လိုအပ်ပါတယ်။
●  စပျစ်သီးသန္ဓေကနေ ကင်ဆာအဖြစ်သို့ ကူးပြောင်းပါက ကင်ဆာဆေးကုထုံးဖြင့် ကုသနိုင်ပါတယ်။
●  စပျစ်သီးသန္ဓေကို ခြစ်ထုတ်ပြီးနောက် (၆) လခန့် ကိုယ်ဝန်မရနိုင်အောင် တားမြစ်ရပါမယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)