ဆောင်းတွင်းကာလ ကိုယ်ဝန်ဆောင်လေးတွေအတွက် ကျန်းမာရေးအကြံကောင်းများ
ဆောင်းတွင်းကာလ ဖြတ်သန်းနေတဲ့ ကိုယ်ဝန်ဆောင်လေးတွေအတွက် ကျန်းမာရေး အကြံပြုချက်လေးတွေ တင်ပြပေးလိုက်တယ်နော်။ ချမ်းချမ်းအေးအေးရာသီမှာ ဘာတွေရှောင်၊ ဘာတွေဆောင်ရမလဲ သိရအောင် ဖတ်ကြည့်ကြမယ်။
အာဟာရ ပြည့််ဝ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်လေးဖြစ်ဖို့ ဆောင်းတွင်းမှာ အဓိကထား စားသင့်တာလေးတွေကတော့ -
● အရိုးစွပ်ပြုတ် ပူပူနွေးနွေး
● အသားဟင်း ရေလည်ဆီလည်
● ဗီတာမင်စီ ပြည့်ဝသော အသီးအနှံများ၊ ရာသီစာ၊ လိမေ္မာ်သီး၊ စတော်ဘယ်ရီ၊ ထောပတ်သီး။
● အစိမ်းရောင်ရင့်သော အသီးအရွက်များ
● ဘရိုကိုလီ၊ ဟင်းနုနွယ်၊ ပန်းမုန်လာ၊ ဆလပ်ရွက်၊ မုန်လာဥနီ၊ ငရုတ်သီးစိမ်း၊ ကန်ဇွန်းဥ
● ရွှေဖရုံသီး
● ကြက်ဥ/ဘဲဥ
● ပဲအမျိုးမျိုး
● သေချာကျိုချက်ထားသော နွားနို့
● နေကြာစေ့လှော်၊ ဖရုံစေ့လှော်
>> ရှောင်ရန်တွေကတော့ -
● အေးတယ်ဆိုပြီး ဝိုင်/အရက် မသောက်ရပါဘူး။ ကလေးအတွက် အန္တရာယ် ရှိတတ်ပါတယ်။
● ဆီ များလွန်း၊ ဆား လေးလွန်းတာတွေ မစားရပါ။
● ကော်ဖီ၊ လက်ဖက်ရည် လျှော့သောက်ပါ။
● ကြက်ဥ အစိမ်းသောက်တာ၊ အကင်၊ ဆာတေး၊ ဂျပန်ဆူရှီ
● ဝက်အသားပြား
● အသင့်စား ဝက်အူချောင်း၊ ကြက်အူချောင်း
● ယိုးဒယား အကင်ချောင်းများ
အစားတစ်လို်င်းလေး မှတ်ပြီးရင် ဆောင်းတွင်းမှာ မိခင်လောင်းတို့ ပုံမှန်လုပ်ပေးသင့်တဲ့ အရာလေးတွေကို ထပ်လိုက်နာကြည့်ရအောင်။
● ရေများများသောက်ပါ၊ အေးတော့ ရေသောက် နည်းနေတတ်တယ်လေ။ တစ်ရက်ကို ရေ (၈) ဖန်ခွက်သောက်ပါ။ စွပ်ပြုတ်ရည်ကျဲကျဲ၊ အုန်းရည်တွေလည်း သောက်လို့ရပါတယ်။
● တုပ်ကွေး ကာကွယ်ဆေး ထိုးပါ။ သိပ်အေးတဲ့ရက်တွေမှာ အပြင်ထွက် လမ်းမလျှောက်ပါနဲ့။ အအေးမိတာနဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ ဆောင်းမှာ အလွယ်တကူ ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပြီး မိခင်နဲ့ကလေးကို ထိခိုက်စေပါတယ်။
● အစိုဓာတ်ထိန်း လိမ်းဆေးလိမ်းပါ။ အဆီများတဲ့ လိုးရှင်းလိမ်းပါ။ ခြောက်သွေ့တဲ့ အသားအရေကြောင့် ယားယံတာ၊ ပက်ကြားအက်၊ သွေးထွက်တာတွေ ဖြစ်တတ်လို့ပါ။
● ယောဂလို အပျော့စားလေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။ ခြေထောက်လေးမြှင့်အိပ်ပါ။ အိမ်တွင်းမှာပဲ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း အပျော့စား တစ်ခုခုလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။
● နေမကောင်းသူရှိတဲ့အခါ ဝေးဝေးနေပါ။ အိပ်ရေးဝဝအိပ်ပါ။ စိတ်အေးလက်အေး အနားယူပါ။
● ပေါ့ပါးချောင်ချိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ သိပ်ကြပ်တဲ့ အနွေးထည်ကြပ်ကြပ်တွေ မဝတ်ပါနဲ့။ အနွေးထည်တိုင်းဟာ ဝတ်ရတာ သက်သောင့်သက်သာရှိပြီး ပေါ့ပါးနေသင့်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















