နို့တိုက်မိခင်တွေ ဘာအစားအစာတွေနဲ့ အရည်တွေရှောင်ရမလဲ?
ကလေးနို့တိုက်နေတုန်းမှာ အချို့သောအစားအစာနဲ့ဖျော်ရည်တွေကို သတိထားပြီး စားသုံးဖို့လိုပါတယ်။
• အရက် - အရက်ကနို့ထဲမှာ ဘယ်လောက်ပမာဏပဲပါရင် ကလေးအတွက် အန္တရာယ်မရှိဘူးဆိုတဲ့သတ်မှတ်ချက်မရှိပါဘူး။ တကယ်လို့ အရက်သောက်ထားတယ်ဆိုရင် နို့ရည်ထဲမှာ အရက်ပါဝင်မှုလုံးဝကုန်လောက်တဲ့အထိ ကလေးကိုနို့မတိုက်ပါနဲ့။ ဒီအချိန်က ခန္ဓာကိုယ်အလေးချိန်အပေါ်မူတည်ပြီး 5% ဘီယာ 355 ml, 11% ဝိုင် 148ml, 40% အရက် 44 ml အတွက်ဆိုရင် ၂-၃ နာရီလောက်ကြာပါတယ်။နို့ညှစ်ထုတ်ခြင်းက ခန္ဓာကိုယ်အတွင်းကနေ အရက်တွေဖယ်ထုတ်ဖို့အတွက် အရှိန်မမြန်စေနိုင်ပါဘူး။
• ကဖင်း - ကဖင်းပါတဲ့ဖျော်ရည်တွေကို တစ်နေ့ကို ၂-၃ ခွက်ထက်ပိုမသောက်ပါနဲ့။ နို့ထဲမှာပါသွားတဲ့ကဖင်းဓာတ်က ကလေးအပေါ်သက်ေ၇ာက်မှုရှိပြီး ကလေးအိပ်ချိန်ကိုလည်း နှောင့်ယှက်ပါတယ်။
• ငါး - ပင်လယ်စာတွေက အသားဓာတ်နဲ့ omega-3 fatty acid အတွက် ကောင်းမွန်တဲ့အရင်းအမြစ်တွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပင်လယ်စာအများစုမှာ ပြဒါးနဲ့အခြားအညစ်အကြေးတွေအများကြီးပါဝင်ပါတယ်။ မိခင်နို့ကတစ်ဆင့် ကလေးကို ပြဒါးဓာတ်နဲ့ထိတွေ့မှုများရင် ကလေးရဲ့ဖွံဖြိုးဆဲဖြစ်တဲ့အာရုံကြောစနစ်အတွက် အန္တရာယ်ဖြစ်နိုင်ချေရှိပါတယ်။ ဒါကြောင့်ကလေးကို ပြဒါးနဲ့ထိတွေ့မှုကိုရှောင်ကြဉ်ဖို့အတွက် ပြဒါးပါဝင်မှုများတဲ့ swordfish, mackerel , tilefish စတာတွေကို ကန့်သတ်စားပါ။ ဒေသထွက်တဲ့ငါးတွေစားရင်လည်း တပတ်ကို ၆ အောင်စ (170 g) ထက်ပိုမစားပါနဲ့။
မိခင်စားတဲ့အစားအစာကြောင့်ကလေးမှာ ဓာတ်မတည့်တာနဲ့ ဂဏှာမငြိမ်တာမျိုးဖြစ်နိုင်သလား?
မိခင်စားတဲ့အစားအစာထဲမှာပါတဲ့အချို့သောအစားအစာတွေက ကလေးကို ဓာတ်မတည့်တာတွေဖြစ်နိုင်ပါတယ်။ နို့တိုက်ပြီးနောက်မှာ ကလေးကိုယ်မှာ အစက်အပြောက်တွေထွက်လာတယ်၊ ဝမ်းပျက်တယ် (သို့) နှာပိတ်တယ် စတာတွေဖြစ်လာရင် ဆရာဝန်နဲ့ပြသပါ။
ကိုယ်စားလိုက်တဲ့အစားအစာထဲက တစ်ခုခုက ကလေးကိုသွားပြီး သက်ရောက်မှုရှိတယ်လို့ထင်ရင် ဒီအစားအစာ၊ ဖျော်ရည်ကို တစ်ပတ်လောက်ရှောင်ပြီး ကလေးရဲ့အမူအကျင့်ပြောင်းလဲမှုရှိမရှိစောင့်ကြည့်ပါ။ နွားနို့နဲ့လုပ်တဲ့အစားအစာတွေ၊ မြေပဲ၊ ပဲပိစပ်၊ ဂျုံ၊ ဥ (သို့) ပြောင်းဖူးစတာတွေကို စားတဲ့အစားအစာထဲက ဖယ်ထုတ်ဖို့စဉ်းစားပါ။ နို့တိုက်မိခင်အများစုက အပူအစပ်စာတွေ၊ ကြက်သွန်၊ ဂေါ်ဖီစတဲ့လေထစာတွေကိုရှောင်လိုက်ရင် အဆင်ပြေသွားတယ်လို့ပြောပေမယ့် သုတေသနတွေအရတော့ သက်သေမပြနိုင်သေးပါဘူး။
မိခင်စားတဲ့အစားအစာနဲ့ ကလေးရဲ့အမူအကျင့်အကြားဆက်စပ်မှုကို သိချင်ရင် အစားအစာမှတ်တမ်းလေးထားထားပါ။ မိမိစားတဲ့အစားအစာအားလုံးနဲ့ ကလေးရဲ့တုန့်ပြန်မှုတွေကို သေချာချမှတ်ထားပါ။ တစ်ခုခုရှောင်လိုက်လို့ ကလေးမှာထူးခြားမှုမရှိဘူးဆိုရင် ဒါကိုပြန်စားပြီး အခြားအစားအစာတစ်ခုခုကိုပြန်စဉ်းစားပါ။
အရေးကြီးတဲ့အချက်ကတော့ နို့တိုက်မိခင်တွေအတွက် အထူးသီးသန့် အစားအစာဆိုပြီးမရှိပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ရွေးချယ်စားသောက်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)















