နို့ဦးရေအစွမ်းအံ့မခမ်း
ကလေးငယ်တွေအတွက် အလွန်အဖိုးတန်တဲ့ နို့ဦးရေအကြောင်းပြောပြချင်ပါတယ်။
1.ကလေးမမွေးဖွားမီကတည်းက နို့ဦးရေကထွက်နှင့်ပါတယ်။
ကိုယ်ဝန်ဆောင်ဒုတိယ ၃ လပတ်မှာ ခန္ဓာကိုယ်မှာ နို့ဦးရေစပြီးထုတ်ပါတယ်။
2.နို့ဦးရေဟာ ကလေးငယ်အတွက် ပထမဆုံးသောကာကွယ်ဆေးလို့တောင်တင်စားနိုင်ပါတယ်။
နို့ဦးရေမှာ ခုခံအားကိုပေးစွမ်းနိုင်တဲ့အချက်တွေမြင့်မားစွာပါဝင်ပါတယ်။ ဘက်တီးရီးယားပိုးတွေဗိုင်းရပ်စ်ပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ သွေးဖြူဥတစ်မျိုးလည်း ကြွယ်ဝပါတယ်။ ဒါ့အပြင် ကလေးကိုပိုးမွှားတွေက လည်ချောင်း၊ အဆုတ်နဲ့အူနံရံတွေကို တိုက်ခိုက်တဲ့ အန္တရာယ်ကနေကာကွယ်ပေးနိုင်တဲ့ Ig A ဆိုတဲ့ပဋိပစ္စည်းလည်းပါဝင်ပါသေးတယ်။
3.နို့ဦးရေက ကလေးဝမ်းစသွားသွားခြင်းမှာ လွယ်ကူစေဖို့အတွက် ဝမ်းပျော့ဆေးလည်းဖြစ်ပါသေးတယ်။
နို့ဦးရေက သဘာဝဝမ်းပျော့ဆေးတစ်မျိုးအဖြစ်နဲ့ ဘီလီရူဘင်လို့ခေါ်တဲ့အဝါဓာတ်တစ်မျိုး ခန္ဓာကိုယ်ထဲမှာ ကျန်မနေစေဘဲ ကလေးငယ်ချီးနဲ့အတူပါသွားစေဖို့အတွက် အထောက်အကူပြုပါတယ်။ ဒီလိုဘီလီရူဘင်တွေဖယ်ရှားခြင်းက အသားဝါဖြစ်တာကိုကာကွယ်ပေးနိုင်တဲ့အတွက် အလွန်အရေးပါပါတယ်။
4.နို့ဦးရေမှာ ကလေးငယ်အတွက်ပြည့်စုံတဲ့အာဟာရဓာတ်တွေပါဝင်ပြီး အစာချေရလွယ်စေပါတယ်။
ကလေးရဲ့ပထမဆုံးနေ့ရက်တွေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေအရည်ဓာတ်တွေအားလုံးကို နို့ဦးရည်တစ်မျိုးတည်းနဲ့ပေးစွမ်းနိုင်ပါတယ်။ နို့ဦးရည်မှာ နောက်မှထွက်တဲ့နို့ရည်ထက်စာရင် အသားဓာတ်များများ၊ သကြားဓာတ်နည်းနည်း၊ အဆီဓာတ်နည်းနည်းပါဝင်ပါတယ်။
5.နို့ဦးရေက ကလေးရဲ့အူနံရံတွေကို အခြားပြင်ပအရာဝတၳုတွေရဲ့အန္တရာယ်ကနေကာကွယ်ပေးတဲ့ တံတိုင်းကြီးလည်းဖြစ်ပါတယ်။
မွေးမွေးချင်းမှာ ကလေးရဲ့ အူလမ်းကြောင်းက စိမ့်ဝင်လွယ်တဲ့အတွက် ပိုပြီးထိခိုက်ခံစားလွယ်ပါတယ်။ နို့ဦးရည်က ကလေးရဲ့အစာချေလမ်းကြောင်းကို အခြားပြင်ပအရာဝတၳုတွေထိုးဖောက်ဝင်ရောက်ခြင်းဒဏ်ကနေ တံတိုင်းသဖွယ်ကာရံပေးထားပြီး မိခင်စားတဲ့အစားအစာတွေကိုလည်း ပိုပြီးခံစားရစေနိုင်ပါတယ်။
ဒါကြောင့်အမေတွေအနေနဲ့ ကိုယ့်ကလေးငယ်ကို နို့ဦးရည်သေချာတိုက်ကျေွးဖို့အရေးကြီးပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)
















