/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/နှလုံးမှာ-ဒီလိုပြဿနာတွေဖြစ်ရင်-ကိုယ်ဝန်ဆောင်ဖို့-ဖြစ်နိုင်သလား

နှလုံးမှာ ဒီလိုပြဿနာတွေဖြစ်ရင် ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်သလား

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          နှလုံးရောဂါ ရှိတယ်၊ နှလုံးမှာ ပြဿနာတွေရှိတယ်ဆိုရင် ကလေးမွေးပြီး မိသားစုဘဝလေး မပိုင်ဆိုင်ရမှာကို စိတ်ပူကြပါတယ်။ ဒါပေမဲ့လည်း အရမ်းကြီးတော့ စိတ်မပူပါနဲ့၊ နှလုံးရောဂါရှိတာနဲ့ ကိုယ်ဝန်ဆောင်လို့မရနိုင်ဘူးလို့ မဆိုလိုပါဘူး။

          အမှန်တော့ နှလုံးရောဂါရှိတဲ့ အမျိုးသမီးအများစုက ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီးတော့ ကလေး ယူနိုင်ကြပါတယ်။ ဒါပေမဲ့ နှလုံးရောဂါရှိသူမှာ ကိုယ်ဝန်ဆောင်ရင်တော့ အန္တရာယ်တချို့တော့ ရှိတာပေါ့လေ။

          ကိုယ်ဝန်ဆောင်ချိန်မှာ နှလုံးနဲ့ သွေးကြောမှာ အပြောင်းအလဲတွေကြောင့် နှလုံးက ပိုပြီးအလုပ်လုပ်ရပါတယ်။ ဒီအပြောင်းအလဲတွေကတော့ -

●        ခန္ဓာကိုယ်ထဲက သွေးပမာဏ များလာတယ်။

●        တစ်မိနစ်မှာ နှလုံးကနေ ညှစ်ထုတ်ရတဲ့ သွေးပမာဏက များလာတယ်။

●        နှလုံးခုန်နှုန်း မြန်လာတယ်။

●        သွေးပေါင်ချိန် တက်လာတယ်။

          ဒီလိုပြောင်းလဲမှုတွေက ကလေးလေးဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ အလုံအလောက်ရအောင်လို့ ပြောင်းလဲလာတာပါ။

 

>>    ကိုယ်ဝန်မဆောင်ခင်မှာ -

          နှလုံးရောဂါရှိတယ်ဆိုရင် ကိုယ်ဝန်ဆောင်တဲ့အခါမှာ နှလုံးပေါ်ကို ထပ်ပြီးသက်ရောက်မှု ဖိအားတွေ၊ ဒဏ်တွေကို ကိုယ့်ရဲဲ့နှလုံးက ခံနိုင်မလားဆိုတာကို ကိုယ်ဝန် မယူခင်ကတည်းက သေချာ စစ်ဆေးထားဖို့ လိုပါတယ်။

          နှလုံးအထူးကုဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး အစီအစဉ်ဆွဲရပါမယ်။ စစ်ဆေးပြီးတဲ့အခါမှာ အဖြေက ဒီ ၃ မျိုးထဲက တစ်မျိုး ထွက်ပါလိမ့်မယ်။

1.       အဆင်ပြေပါတယ်။ ကိုယ်ဝန်ဆောင်လို့ရတယ်လို့ ဆရာဝန်က ပြောပါလိမ့်မယ်။

2.       ကိုယ်ဝန်မဆောင်ခင်မှာ ကုသမှုတချို့ အရင်လုပ်ရမယ်။

3.       ကိုယ်ဝန်ဆောင်မယ့်အစား အငှားကိုယ်ဝန်ဆောင်တာ (သို့) ကလေးမွေးစားတာတွေကိုပဲ စဉ်းစားသင့်ပါတယ်။

          နှလုံးရောဂါရှိသူတွေအနေနဲ့ ကိုယ်ဝန်မယူခင်မှာ ကြိုတင်စစ်ဆေးသင့်တဲ့ အကြောင်းအရင်း နောက်တစ်ချက်ကတော့ တချို့နှလုံးရောဂါဆေးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ မသောက်သင့်တဲ့ဆေးတွေ ရှိပါတယ်။ ဒီတော့ ကိုယ်ဝန်ယူမယ်ဆိုရင် ကလေးလေး အန္တရာယ်ကင်းစေဖို့အတွက် တခြားဆေးတစ်မျိုးမျိုးကို ပြောင်းသောက်ဖို့ လိုပါတယ်။ ဥပမာဆိုရင် တချို့သွေးကျဲဆေးတွေဆိုရင် ဆေးပြောင်းသောက်ဖို့ လိုပါတယ်။

 

>>    ကိုယ်ဝန်ယူတာက ဘယ်အချိန်မှာဆိုရင် အရမ်းအန္တရာယ်များလဲ?

          တချို့နှလုံးရောဂါအမျိုးအစား‌ေးတွက ကိုယ်ဝန်ယူဖို့အတွက် အမေရော၊ ကလေးရောအတွက်ပါ အရမ်းအန္တရာယ်များပါတယ်။ အစကတည်းကတောင်မှ နှလုံးက ကောင်းကောင်း အလုပ်မလုပ်ရင် ကိုယ်ဝန်ဆောင်ချိန်မှာ ထပ်ပြီးရလာမယ့်ဒဏ်တွေကို ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့ လိုပါတယ်။

 

>>    နှလုံးရောဂါရှိတဲ့သူတွေမှာ အစီအစဉ်မရှိဘဲ ကိုယ်ဝန်ယူလိုက်ရင် ဘာဖြစ်နိုင်သလဲ?

          ကိုယ့်မှာ နှလုံးရောဂါကလည်း ရှိတယ်၊ အစီအစဉ်မရှိဘဲ ကိုယ်ဝန်လည်း ရသွားဦးတယ်ဆိုရင်တော့ နှလုံးအထူးကုကို ချက်ချင်းသွားပြပါ။ သားဖွားမီးယပ်ဆရာဝန်နဲ့လည်း ပြဖို့လိုပါတယ်။ ဆရာဝန်နှစ်ယောက်က ကိုယ်ဝန်အတွက် သင့်လျော်တဲ့ဆုံးဖြတ်ချက်ကိုချဖို့ ကူညီပေးပါလိမ့်မယ်။

 

>>    ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတဲ့ နှလုံးရောဂါလက္ခဏာများ

          ကျန်းမာတဲ့အမျိုးသမီးအများစုမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်တာနဲ့ မောနေခြင်း၊ ရင်တုန်ခြင်း၊ မူးဝေခြင်း၊ ခြေထောက်တွေ ဖောရောင်ခြင်း၊ အသက်ရှူမြန်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရရင် နှလုံးရောဂါလက္ခဏာနဲ့ တူပါတယ်။

          ဒီလက္ခဏာတွေ ခံစားရပြီး ပိုဆိုးလာတယ် (သို့) နေ့စဉ်လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်စွမ်းမှာပါ လာပြီး သက်ရောက်နေတယ်ဆိုရင်တော့ သမားတော်သွားပြဖို့ လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)