ဗိုက်ခွဲပြီးကလေးမွေးတဲ့အခါ အနာကျက်မြန်စေဖို့
>> ဆေးရုံမှာအနာမြန်မြန်ကျက်အောင်
• လမ်းလျှောက်ပါ။ ဗိုက်ခွဲမွေးပြီးတဲ့အခါ ဆေးရုံမှာ ၂-၃ ရက်လောက်တော့နေရဦးမှာပါ။ မွေးပြီး ပထမ ၂၄ နာရီအတွင်းမှာ မတ်တပ်ရပ်ပြီးလမ်းလျှောက်လို့ရပါတယ်။ လှုပ်ရှားမှုလုပ်ခြင်းက ဝမ်းချုပ်ခြင်း၊ ဗိုက်ထဲမှာလေတွေပြည့်နေခြင်းစတဲ့ ခွဲမွေးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပြင်းထန်တဲ့ဆိုးကျိုးဖြစ်တဲ့ သွေးခဲခြငး်တွေကိုကာကွယ်နိုင်ပါတယ်။ ကိုယ့်ရဲ့သူနာပြုက ကိုယ့်လှုပ်ရှားမှုကိုစောင့်ကြည့်ပေးပါလိမ့်မယ်။ စလျှောက်စမှာတော့ လျှောက်ရတာမသက်သာပေမယ့် တဖြည်းဖြည်းနဲ့အနာလျော့သွားပါလိမ့်မယ်။
• မိခင်နို့တိုက်တဲ့အခါမှာ ဗိုက်ကအနာပေါ်ကိုဖိအားမသက်ရောက်စေဖို့ ဆရာမကိုအကူအညီတောင်းပါ။ ခေါင်းအုံးလေးခံပြီးတိုက်လို့ရပါတယ်။
• ဘာကာကွယ်ဆေးတွေထိုးဖို့လိုလဲမေးပါ။ ကလေးနဲ့မိခင်ရဲ့ကျန်းမာရေးအတွက် လိုအပ်တဲ့ကာကွယ်ဆေးတွေကို သေချာမေးပြီး ဆေးရုံမှာကတည်းက သေချာထိုးသွားပါ။
• သန့်သန့်ရှင်းရှင်းနေပါ။ ဘယ်သူ့ကိုမဆို ကိုယ့်ကိုမထိခင်၊ ကလေးကိုမကိုင်ခင်မှာ လက်သန့်စင်ဆေးရည်သုံးဖို့ပြောရမှာ မကြောက်ပါနဲ့။ ဆေးရုံကနေရတဲ့ရောဂါပိုးတွေကို လက်ဆေးခြင်းဆိုတဲ့ရိုးရှင်းတဲ့နည်းလေးနဲ့ပဲ ကာကွယ်နိုင်ပါတယ်။
• ဘယ်တော့ပြန်ပြရမလဲဆိုတာကို သေချာမေးပါ။ ဆေးရုံဆင်းပြီး ၄-၆ ပတ် လောက်မှာ ဆရာဝန်နဲ့တစ်ခါပြန်ပြဖို့လိုပါတယ်။
>> အိမ်မှာအနာမြန်မြန်ကျက်စေဖို့
• အနားယူပါ။ ဖြစ်နိုင်ရင် တစ်ညကို ၇နာရီ ၈ နာရီလောက်အိပ်ပါ။ အိပ်စက်ခြင်းက တစ်သျှူးတွေ ကြီးထွားမှုကိုအားပေးပြီးတော့ အနာကျက်မြန်စေပါတယ်။ အိပ်စက်ခြင်းက စိတ်ဖိစီးမှုတွေကိုလျော့နည်းစေတဲ့အတွက် ရောင်ရမ်းခြင်းကိုလျော့ကျစေကာ ကျန်းမာစေပါတယ်။ ဒါပေမယ့်လည်း မွေးကင်းစကလေးငယ်နဲ့ အိပ်ရေးဝဝအိပ်ဖို့ဆိုတာက တကယ်တမ်းတော့မလွယ်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ခင်ပွန်း၊ အိမ်ကလူတွေကို ညဘက်မှာထဖို့ပြောပါ။ ကလေးထိန်းဆရာမရှိရင်လည်း သူက ကလေးငိုရင်ခေါ်လာပေးပါလိမ့်မယ်။ ကလေးအိပ်ရင်ကိုယ်လည်းလိုက်အိပ်ပါ။ ကလေးကြည့်ပေးတဲ့သူတွေရှိရင် ကိုယ်အိပ်နေတဲ့အချိန်မှာ ကလေးကိုကြည့်ထားပေးဖို့ပြောပါ။
• အရည်များများသောက်ပါ။ ကလေးမွေးဖွားတဲ့အချိန်မှာ ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးဖို့နဲ့ ဝမ်းမချုပ်စေဖို့အတွက် ရေနဲ့အခြားအရည်တွေများများ သောက်ပေးပါ။ အိမ်ရောက်ရင်ကိုယ့်ဟာကိုသတိထားပြီး ရေသောက်ဖို့လိုပါတယ်။ ကလေးနို့တိုက်နေချိန်မှာဘေးမှာ ရေခွက်ဆောင်ထားပါ။ တစ်ယောက်ကို ရေဘယ်လောက်သောက်သင့်တယ်လို့တော့ တိတိကျကျသတ်မှတ်ထားတာမရှိပါဘူး။ ဆီးအရောင်ရင့်နေရင်တော့ ဒါက ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာဖြစ်လို့ ရေပိုသောက်ပေးရပါမယ်။ တစ်ခါတစ်လေတော့လည်း ဆရာဝန်က ရေလျှော့သောက်ဖို့၊ ရေတိုးမသောက်ဖို့ညွှန်ကြားတာတွေရှိနိုင်ပါတယ်။
• ကောင်းကောင်းစားပါ။ ခွဲစိတ်ပြီးပြန်ကောင်းတဲ့အချိန်မှာ အာဟာရပြည့်ဝတဲ့အစားအစာတွေစားဖို့အရေးကြီးပါတယ်။ အစာအိိမ်ကလက်မခံနိုင်သေးရင် အဆီနည်း၊ ကြိတ်ထားတဲ့ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ဒိန်ချဉ်၊ အသားပေါင်း စတာတွေစားပေးပါ။ ဝမ်းချုပ်ရင် အမျှင်ဓာတ်များများစားပါ။ အနာကျက်မြန်စေဖို့ ကိုယ်ဝန်ဆောင်အားဆေးကိုဆက်သောက်ပါ။ ချက်ပြုတ်ခြင်းက ကွေးရတာ၊ မရတာတွေရှိနို်င်တဲ့အတွက် ကိုယ့်ရဲ့ခင်ပွန်း၊ မိသားစုဝင်တွေကို အစားအစာ ချက်ပြုတ်ပြင်ဆင်ပေးဖို့ အကူအညီတောင်းပါ။
• နေ့တိုင်းလမ်းနည်းနည်းပိုလျှောက်ပေးပါ။ ဆေးရုံမှာလိုပဲ အိမ်မှာလည်းလှုပ်ရှားမှုလုပ်ဖို့လိုပါတယ်။ တစ်နေ့ကိုမိနစ်အနည်းငယ်တိုးပြီးတော့လမ်းလျှောက်ပါ။ လေ့ကျင့်ခန်းလုပ်ရမယ်လို့မဆိုလိုဘူးနော်။ စက်ဘီးစီးတာ၊ ခုန်တာ နဲ့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို ခွဲမွေးပြီး အနည်းဆုံး ၆ ပတ်ကြာတဲ့အထိမလုပ်ရပါဘူး။ တတ်နိုင်ရင် လှေကားလည်းမတက်ပါနဲ့ဦး။ ကိုယ့်ရဲ့အိပ်ခန်းက အပေါ်ထပ်မှာဆိုရင်တော့ ကလေးမွေးပြီး ပထမရက်သတ္တပတ်အနည်းငယ်လောက် အောက်ထပ်ကိုရွှေ့ပြီးတော့နေပါ။ တကယ်လို့ရွှေ့ဖို့မဖြစ်နိုင်ရင် လှေကားအတက်အဆင်းလုပ်တဲ့အကြိမ်ရေကိုလျှော့ချပါ။ ကိုယ့်ရဲ့ကလေးငယ်ထက်လေးတဲ့ဘယ်အရာကိုမှမမပါနဲ့ဦး၊ ဆောင့်ကြောင့်ထိုင်ပြီးမတာတွေမလုပ်ပါနဲ့။ အနာရှိတဲ့နေရာကိုဖိအားသက်ရောက်စေမယ့်အလုပ်တွေမလုပ်ပါနဲ့။
• နာလာရင်ဆေးသောက်လို့ရပါတယ်။ အနာသက်သာဆေးအများစုက ကလေးနို့တိုက်နေချိန်မှာစိတ်ချလက်ချသော် လို့ရပါတယ်။ ဒါပေမယ့်လည်း ခွဲစိတ်မှုလုပ်ပြီး အနည်းဆုံး ၁၀-၁၄ ရက်လောက်ကြာတဲ့အထိ Aspirin ပါတဲ့ဆေးတေ မသောက်ပါနဲ့။ နာကျင်မှုက နို့ထွက်စေတဲ့ ဟော်မုန်းထွက်တာကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် အနာသက်သာအောင်လုပ်ဖို့ အရေးကြီးပါတယ်။
• ကိုယ့်ရဲ့ဗိုက်ကိုသေချာထိန်းပါ။ အနာကိုသေချာထိန်းပေးတာက အနာသက်သာစေပြီးတော့ အနာပြန်မပွင့်အောင်ကာကွယ်ပေးပါတယ။် ချောင်းဆိုးတဲ့အခါ၊ အသက်ပြင်းပြင်းရှူတဲ့အခါတွေမှာ ခွဲရာပေါ်မှာခေါင်းအုံးလေးတင်ထားပေးပါ။ ဗိုက်စည်းတွေ၊ ခါးပတ်တွေက အသုံးဝင်တယ်ဆိုတာကို သက်သေပြချက်မရှိသေးပါဘူး။ ဒီတော့ဒါတွေမသုံးခင်မှာ ကိုယ့်ရဲ့ဆရာဝန်ကိုသေချာမေးပါ။
• အနာချုပ်ရိုးကို သန့်သန့်ရှင်းရှင်းထားပါ။ အနာချုပ်ရိုးကု ရေနွေး၊ ဆပ်ပြာရေတွေနဲ့နေ့စဉ်ဆေးပေးပြီး ခြောက်အောင်ပြန်သုတ်ပါ။ ဆရာဝန်က အနာပေါ်မှာပလာစတာကပ်ပေးလိုက်ရင် ဒီပလာစတာသူ့အလိုလိုကွာလာတာကိုစောင့်ပြီး တစ်ပတ်လောက်ကြာမှခွာလိုက်ပါ။ ပတ်တီးလေးကပ်ထားလို့လည်းရပါတယ်။ ဒါပေမယ့်နေ့တိုင်းလဲပေးဖို့တော့လိုပါတယ်။ ချုပ်ရိုးပေါ်ကို လိုးရှင်းတွေ၊ ပေါင်ဒါတွေမလိမ်းပါနဲ့။ ချုပ်ရိုးကို ပွတ်တိုက်တာ၊ ကုတ်တာ၊ ရေစိုတာ၊ နေရောင်ခံတာတွေက အနာကျက်နှေးစေပြီးတော့ ချုပ်ရိုးပြန်ပွင့်နိုင်ချေကို များစေပါတယ်။ hydrogen peroxide လိုမျိုး အနာကျက်နှေးစေတဲ့ သန့်စင်ဆေးတွေမသုံးပါနဲ့။ ပုံမှန်ရေချိုးသလိုပဲချိုးလို့ရပါတယ်။ ရေချိုးပြီးရင်တော့အနာကိုခြောက်အောင်သုတ်ပေးပးါ။ ချုပ်ရိုးကိုရေထဲမှာနစ်နေစေမယ့် ရေချိုးကန်ထဲစိမ်တာ၊ ရေကူးတာမျိုးတွေမလုပ်ပါနဲ့။
• ပွပွချောင်ချောင်အဝတ်တွေကိုဝတ်ပါ။ ချုပ်ရိုးကိုမပွတ်တိုက်စေမယ့် ချောင်တဲ့ အဝတ်ပျော့ပျော့တွေဝတ်ပါ။
• လိင်ဆက်ဆံခြင်းမလုပ်ပါနဲ့ဦး၊ ခွဲမွေးပြီးရင်ပဲဖြစ်ဖြစ် ရိုးရိုးပဲမွေးမွေး လိင်ဆက်ဆံမှုပုံစံအတော်များများကိုလက်ခံနို်င်ဖို့အတွက် ခန္ဓာကိုယ်က ပြန်ကောင်းလာဖို့အတွက် အနည်းဆုံး ၆ ပတ်လိုပါတယ်။ ခွဲမွေးတာဆိုရင် အနာကောင်းကောင်းကျက်ဖို့အတွက် အချိန်ပိုလိုပါတယ်။
• လစဉ်သုံးခံပါ။ ရိုးရိုးမမွေးရင်တောင်မှ ကလေးမွေးပြီးပထမလမှာ အောက်က သွေးဆင်းနိုင်ပါတယ်။ Tampon အတောင့်သုံးတာက ရောဂါပိုးဝင်နို်င်တဲ့အတွက် လစဉ်သုံးပဲသုံးပါ။ မိန်းမကိုယ်ကသွေးဆင်းတာများရင် (သို့) အနံ့နံရင် ၊ 100.4’F ထက်ဖျားတယ်ဆိုရင် ဆရာဝန်သွားပြပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)













