ဘာကြောင့် ကိုယ်ဝန်ပျက်ကျတာလဲ နှင့် တလွဲအယူအဆများ
ကိုယ်၀န်ပျက်ကျတာနဲ့ ပတ်သတ်တဲ့ အများထင်မှားတတ်ကြတဲ့ အယူအဆ တလွဲတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ စိတ်သိပ်ပူတတ်တဲ့ မိခင်လောင်းလေးတွေ ဖတ်ဖို့ပါ။
● အဝလွန်တာနဲ့ ကလေးပျက်ကျတာ ဘာမှမဆိုင်ပါဘူး။ ဝဝလှလှ ကိုယ်ဝန်ဆောင်လေးတွေ အဲလောက် စိတ်မပူပါနဲ့လို့။ ဆက်စပ်မှုရှိတယ်ဆိုတဲ့ တိကျတဲ့အဖြေ မရှိသေးပါဘူး။
● တီဗီအကြည့်များရင် တီဗီကထွက်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့် ကလေး ပျက်တတ်တယ်ဆိုတာ မှားပါတယ်။ အဲဒီအတွက် တိတိကျကျ သိပ္ပံနည်းကျ အချက်အလက် မရှိသေးပါဘူး။
● အရင်က ကလေးဖျက်ချဘူးရင် အချိန်တန်တဲ့အခါ ကလေးပျက်တယ်ဆိုတာ မဟုတ်ပါဘူး။ ကလေးဖျက်ချရာမှာ သုံးတဲ့ ဆေးဝါးတွေဟာ အချိန်တန်တဲ့အခါ အာနိသင်ပြယ်သွားပြီး နောက်ထပ် ကိုယ်ဝန်အပေါ်မှာ ကိုယ်ဝန်ပျက်ကျတာအတွက် သက်ရောက်မှုမရှိပါဘူး။
● စိတ်ဖိစီးလို့ စိတ်ညစ်စရာများလို့ သုတေသနတွေ ရှိပေမယ့်လည်း တိတိပပ အကြောင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ ကိုယ်ဝန်ကို စိတ်ညစ်ရင်ထွက်တဲ့ ကော်တီဇောပမာဏဟာ ဘယ်လောက် ထိခိုက်စေတယ်ဆိုတာကို မသိရသေးလို့ပါ။ ဒါပေမဲ့ စိတ်ချမ်းသာနေရသူ ကိုယ်ဝန်ဆောင်လေးတွေဟာ စိတ်ညစ်ရ၊ စိတ်ဆင်းရဲသူလေးတွေထက်တော့ ပိုကျန်းမာနေတတ်မှာ အသေအချာပါ။
● ကိုယ်ဝန်ဆောင်နေတုန်း အက်စပရင်သောက်ရင် ကလေးပျက်တယ်ဆိုတာ မှားပါတယ်။ သွေးရောဂါတစ်ခုမှာ သုံးတဲ့ အက်စပရင်ဆေးဝါးဟာ ကလေးပျက်တာကိုတောင် ကာကွယ်နိုင်ပါသေးတယ်။ ကလေးကို တကယ်ထိစေတာက အကိုက်အခဲပျောက်ဆေးတွေသာ ဖြစ်ပါတယ်။
● တားဆေးတွေ သောက်လွန်းရင် ကလေးပျက်ကျတာ မရှိပါဘူး။ လုံးဝမဆိုင်တဲ့ကိစ္စပါ။
● တခြားကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်နေရင်း ကလေးကြီးကို နို့တိုက်ရင်လည်း ပျက်မကျနိုင်ပါဘူး။
● လေ့ကျင့်ခန်းနဲ့ ကိုယ်ဝန်ပျက်ကျတာ မသက်ဆိုင်ပါဘူး။ သိပ်ပြင်းပြင်းထန်ထန် မလုပ်ဖို့သာ ဂရုထားရမှာပါ။
● ရေနွေးနွေးလေးက အကြောပြေစေပါတယ်။ အပူချိန် ၁၀၀ အောက် နွေးရုံလေးနွေးတဲ့ ရေနွေးနဲ့ ၁၀ မိနစ်လောက်ချိုးရုံနဲ့ ကလေး မပျက်တတ်ပါဘူး။
● ကိုယ်ဝန်ဆောင်လေးတွေ နို့နဲ့ နို့ထွက်ပစ္စည်း စားရင် ပျက်ကျတတ်တယ်ဆိုတာ မှားပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ နွားနို့၊ ဒိန်ခဲတွေ စားတာက ဘာမှထူးပြီး အန္တရာယ်မပေးတတ်ပါဘူး။
● ကိုယ်ဝန်သည်လေးတွေဟာ ချစ်သူ ခင်ပွန်းနဲ့ အတူနေလို့ ရပါတယ်။ ဘာမှ မဖြစ်တတ်ပါဘူး။ ကလေးပျက်ကျမှာ မပူပါနဲ့။ အချင်း ရှေ့ရောက်ရင်တော့ နေလို့မရဘူးနော်။
● ပရိုဂျက်စထရုန်း ခရင်တွေ လူးဆေးတွေက ကလေး မပျက်အောင် မကာကွယ်နိုင်ပါဘူး။ တိကျတဲ့ သုတေသနအဖြေလည်း မရှိပါဘူး။ သုံးချင်တယ်ဆိုရင် သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
● ဖျားရင်း ကလေး ပျက်ကျတတ်တယ်။ မှားပါတယ်။ သားအိမ်မှာ ပိုးဝင်တာ အနံ့ဆိုးတဲ့ အဖြူဆင်းတာတွေ ဆိုရင်တော့ ကလေးပျက်ကျနိုင်ချေ ရှိပေမယ့် ရိုးရိုးနှာစေး ချောင်းဆိုး အဖျားလောက်က ကလေးကို ဘာမှမထိခိုက်စေပါဘူး။
● ကိုယ်ဝန်ဆောင်လေးတွေ ဗိုက်ကို ထိခိုက်မိရင် ကလေး ပျက်တတ်တယ်။ များသောအားဖြင့် အားမများရင် ပျက်ဖို့ အလွန်ခဲယဉ်းပါတယ်။ ခိုင်တဲ့ကိုယ်ဝန်က ခိုင်ကို ခိုင်တာပါ။ ပြင်းပြင်းထန်ထန် ထိခိုက်မိရင်တော့ အချင်းကွာတာတွေဖြစ်နိုင်ပြီး ပျက်ကျနိုင်ခြေ ရှိပါတယ်။
● အသက် ၃၅ ကျော်မှ ဗိုက်ကြီးရင် ပျက်ကျတတ်တယ်။ အသက်် ၃၂ အောက် ကိုယ်ဝန်ဆောင်တာ အကောင်းဆုံးပေမယ့် ၃၅ နှစ်ကျော် ကိုယ်ဝန်ဆောင်ပြီး ကျန်းကျန်းမာမာ မွေးဖွားလာသူတွေ တစ်ပုံကြီးပါ။ ဂရုတစိုက် စောင့်ရှောက်မှုပေးဖို့သာ လိုပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















