မီးတွင်း သွေးသွန်တာ ဘာကြောင့်လဲ
လောကကြီးထဲကို အသစ်စက်စက် ရောက်ရှိလာတဲ့ သားသား သို့မဟုတ် သမီးလေးတွေကို မွေးဖွားပြီးတဲ့အခါ မိခင်တွေအနေနဲ့ အတိုင်းအတာတစ်ခုထိ ပင်ပန်းနွမ်းလျသွားတတ်ကြပါတယ်။ ခွဲမွေးတာက ရိုးရိုးမွေးတာထက် နှစ်ဆပိုမိုပြီး သွေးဆုံးရှုံးပါသတဲ့။ မွေးပြီး ၂၄ နာရီအတွင်းမှာ သွေးသွန်တတ်သလို တစ်လအတွင်းထိလည်း သွေးအများကြီး ဆင်းနိုင်သေးတဲ့ အကျိုးအကြောင်းတွေ ရှိပါတယ်။
သားအိမ်က မောပန်းသွားပြီး မညှစ်နိုင်တော့တာကတော့ အဓိကအကြောင်းပေါ့။ မွေးပြီးတဲ့အခါ သားအိမ်လေးက လုံးကျစ်ပြီး တင်းလာမှ သွေးကြောတွေကို ကျုံ့သွားစေပြီး သွေးဆင်း ရပ်သွားစေပါတယ်။ သားအိမ်လေးက သိပ်မောသွားရင် ပျော့ဖတ်သွားပြီး သွေးတွေ အများကြီးဆင်းလာတာပေါ့။
● အမြွှာကိုယ်ဝန်ဆောင်တွေ
● ကလေး အရမ်းထွားနေရင်
● မွေးချိန်ကြာတဲ့အခါ
● ရေမြွှာရည် သိပ်များတဲ့အခါ
● ကလေးငါးယောက်နဲ့အထက် မွေးထားသူမိခင်တွေမှာ ... သားအိမ်လေးက အဆမတန် ဝန်ထမ်းရတော့ မောပန်းသွားပြီလေ။ ဒီတော့ သူက ပုံမှန်အတိုင်း ကျုံ့မသွားနိုင်တော့ဘူး။ အချင်းကွာတဲ့အခါ သားအိမ်လေးကပါ ကျုံ့သွားမှ သွေးထွက်သက်သာတာ။ နို်မို့ရင် အချင်းကွာတာနဲ့ သွေးတွေ ဒလဟော ဆင်းလာပါရောလား။
သွေးသွန်တဲ့နောက်ထပ်အကြောင်းတွေ ရှိပါသေးတယ်။
● မွေးရာပါ သွေးမတိတ်ရောဂါ ခံစားရသူတွေ ... မိခင်ရဲ့ သွေးက နဂိုကတည်းက သွေးမတိတ်တော့ မီးတွင်းမှာ သွေးပိုဆင်းနိုင်တာပေါ့။
● သားအိမ်ခေါင်း သားအိမ်နံရံနဲ့ မိန်းမကိုယ်နှုတ်ခမ်းတွေ စုတ်ပြတ်သွားတာ။ ကလေးသိပ်ကြီးရင် ကိရိယာအကူအညီနဲ့ မွေးရင် ပိုဆိုးလေ့ရှိတယ်။ ဒီတော့ စုတ်ပြဲဒဏ်ရာတွေကို ချုပ်ပေးရတယ်။ အချုပ်မတော်ရင်လည်း သွေးမတိတ်ဘဲ အဲဒီဒဏ်ရာကနေ သွေးဆက်ဆင်းနေမှာပါ။
● သားအိမ်ထဲမှာ အချင်းစလေးကျန်တဲ့အခါ အဲဒီအချင်းလေးကွာတော့ သွေးကြောတွေ ပွင့်သွားပြီး အဆက်မပြတ် သွေးဆင်းလာမှာ ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ အချင်းစကွာလို့ သွေးဆင်းတာက မထင်မှတ်တဲ့ အန္တရာယ်အနေအထားအထိ သိပ်ဆိုးသွားနိုင်ပါတယ်။
● ပိုးဝင်တဲ့အခါ ... ဘက်တီးရီးယား ပိုးဝင်တဲ့အခါ သားအိမ်နံရံရောင်ပြီး သွေးဆင်းတတ်ပါသေးတယ်နော်။
● မွေးဖွားချိန် သားအိမ် မတော်တဆ ကွဲသွားရင်လည်း သွေးအကြီးအကျယ် ဆင်းနိုင်ပါတယ်။
မီးတွင်းမှာ ဘာကြောင့်ပဲ သွေးဆင်းဆင်း အလွန်အကျွံဖြစ်မလာခင် ချက်ချင်းသိရှိကုသနိုင်ဖို့ တကယ်လိုအပ်ပါတယ်။ ပုလင်းချိတ်ခြင်း၊ အချင်းစဖယ်ရှားဖို့ သားအိမ်ခြစ်ခြင်း၊ ဆေးသွင်းခြင်း၊ ပဋိဇီဝဆေးထိုးခြင်းတို့ လိုအပ်သလို သွေးသွင်း၍ သွေးအားပြန်လည်ဖြည့်ဆည်းခြင်း တွေနဲ့ အချိန်မီကုသရပါတယ်၊ မီးတွင်း သွေးထွက်လွန်ပြီး မိခင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်လို့ အရမ်းကို အရေးကြီးပါတယ်။ မီးတွင်းမှာ အနည်းအကျဉ်း သွေးဆင်းတာ ပုံမှန်ပေမယ့် သွေးနည်းနည်းများတယ် ထင်တာနဲ့ မိသားစုနဲ့ဆရာဝန်ကို အသိပေးဖို့ လိုပါတယ်နော်။ သတိဆိုတာရှိလို့ မမှားဘူး မဟုတ်ပါလား။
သားသားမီးမီး အသစ်စက်စက်လေးကို မွေးဖွားပြီးနောက် ကြည်နူးစရာ မီးတွင်းလေးကို လှလှပပဖြတ်သန်းနိုင်ဖို့ သွေးသွန်တာကို အမြန်သတိထားနိုင်ဖို့ လိုအပ်ပါတယ်နော်။ သိပြီဆိုတာနဲ့ စောစောကုသနိုင်ရင် အန္တရာယ်တောထဲကနေ လွတ်မြောက်နိုင်မှာပါ မေမေတို့ရေ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)
















