သက်ကြီးကိုယ်ဝန်
အသက်၃၅နှစ်ကျော်မှ ကိုယ်ဝန်ဆောင်သူ သက်ကြီးကိုယ်ဝန်လို့ ခေါ်ပြီး အန္တရာယ်များတဲ့ကိုယ်ဝန်လည်း ဖြစ်ပါတယ်။ အသက်၃၅နှစ်ကျော်မှ ကိုယ်ဝန်ဆောင်ရတာဟာ မလွယ်ကူလှပါဘူး။ အမျိုးသမီးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ကိုယ်ဝန်ဆောင်ဖို့ ခဲယဉ်းလာတတ်ကြပြီး အထူးသဖြင့် အသက်၃၅နှစ်ကျော်လာရင် ပိုပိုခဲယဉ်းလာတတ်ကြပါတယ်။
>> အသက်၃၅နှစ်ကျော်မှကလေးယူလို့ရမလား?
အသက်၃၅နှစ်ကျော်လာတဲ့အခါ ကလေးရဖို့ အခွင့်အလမ်း နည်းပါးလာတဲ့အပြင် ကိုယ်ဝန်ရှိလာတဲ့အခါမှာလည်း ကလေးမှာ ဒေါင်းရောဂါစု(Down’s syndrome)နဲ့ အခြားမွေးရာပါချို့ယွင်းချက်တွေ ပါလာတတ်သလို အမေ့မှာလည်း ကိုယ်ဝန်ဆောင်သွေးတိုး၊ သွေးဆိပ်တက်၊ ဆီးချိုနဲ့ အခြားနောက်ဆက်တွဲတွေ အများကြီးဖြစ်လာနိုင်ပါတယ်။
>> ကလေးဒေါင်းရောဂါစုဖြစ်ဖု့ိ ဘယ်လောက်အခွင့်အလမ်းရှိသလဲ?
အသက်ကြီးလာတာနဲ့အမျှ မိဘတွေကြောက်ကြတဲ့ ဉာဏ်ရည်ချို့တဲ့တဲ့ ဒေါငး်ရောဂါစု ဖြစ်နှုန်းပိုများလာပါတယ်။ အသက်၂၀အရွယ်ကိုယ်ဝန်ဆောင် ၁၀,၀၀၀ မှာ ၁ယောက်သာမွေးနိုင်ပေမယ့် အသက်၃၅နှစ်အရွယ် ကိုယ်ဝန်ဆောင် ၁,၀၀၀ မှာ ၃ယောက်မွေးနိုင်ပြီး အသက်၄၀အရွယ်ကိုယ်ဝန်ဆောင် ၁၀၀ မှာ ၃ယောက်မွေးနို်င်ပါတယ်။
>> အသက်၃၅နှစ်ကျော်ပြီးနောက် ကလေးရနိုင်အောင် ဘာတွေလုပ်နိုင်မလဲ?
အသက်ကြီးလာလေလေ ကလေးရဖို့ အခွင့်အလမ်းနညး်လေလေဆိုပေမယ့် လုံးလုံးမဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ဒီအသက်မှာ ကိုယ်ဝန်ဆောင်နိုင်ဖို့ ပထမဆုံးမကောင်းတဲ့အကျင့်တွေဖြစ်တဲ့ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးတွေကို ရှောင်ရှားရပါမယ်။ နောက် ရာသီရက်တွေမှန်ဖို့လည်း အရေးကြီးပါတယ်။ ရာသီမှန်ခဲ့ရင် သားဥကြွေမယ့်ရက်ကို ခန့်မှန်းနိုင်ပြီး အတူနေခြင်းဖြင့် ကိုယ်ဝန်ရနိုင်ခြေများစေပါတယ်။
ဒါတွေအပြင် လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ သနေ္ဓအောင်စေတဲ့ အစားအသောက်တွေစားပေးခြင်း စတဲ့နည်းလမ်းတွေကလည်း ကလေးရစေဖို့ အထောက်အကူပြုပါတယ်။ ယောဂဆော့ခြင်းကလည်း ကောင်းပါတယ်။ ကိုယ်ခန္ဓာကျန်းမာရေးတင်မကပါဘူး။ စိတ်ကျန်းမာရေးကိုပါ အထူးဂရုပြုရပါမယ်။
ဒီလိုကြိုးစားနေပါလျက်နဲ့ ကလေးမရနိုင်ရင် အမျိုးသားရဲ့ သုတ်ပိုးအရေအတွက်နဲ့ အခြားအချက်တွေကို လိုက်ရှာသင့်ပါတယ်။
>> ဘယ်နောက်ဆက်တွဲတွေကိုစောင့်ကြည့်ရမလဲ?
အသက်ကြီးမှကိုယ်ဝန်ဆောင်ခြင်းဟာ နောက်ဆက်တွဲဆိုးကျိုးတွေ အင်မတန်များပါတယ်။ ကိုယ်ဝန်ပျက်ကျနိုင်ခြေများသလို နေရာမှားသနေ္ဓတည်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လမပြည့်ဘဲကလေးမွေးတာမျုးိလည်း ဖြစ်တတ်ပါတယ်။ သွေးဆိပ်တက်ခြင်း၊ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါတွေ၊ ရေမြွာရည်နည်းခြင်းနဲ့ အချင်းရှေ့ရောက်ခြင်းတွေလည်း ဖြစ်နိုင်ပါသေးတယ်။
ဒါကြောင့် အသက်၃၅နှစ်ကျော်မှ ကိုယ်ဝန်ဆောင်ခဲ့ရင် ဆရာဝန်ညွှန်ကြားသမျှ လိုက်နာပြီး ကျန်းမာရေးနဲ့ညီညွတ်အောင်နေ၊ ဖြစ်တတ်တဲ့နောက်ဆက်တွဲတွေကို သေချာသတိထားစောင့်ကြည့်ပါက ပေါင်ပြည့်လစေ့ ကျန်းမာတဲ့သားသားမီးမီးလေးတွေကို မွေးထုတ်နိုင်မှာ ဧကန်မုချပဲဖြစ်ပါတယ်။
(Unicode)
















