/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/၀၀-ကစ်ကစ်-ဗိ်ုက်ဗိုက်တို့-သတိထားဖို့

၀၀ ကစ်ကစ် ဗိ်ုက်ဗိုက်တို့ သတိထားဖို့ ...

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်၀န်ဆောင်ချိန်တွင် အ၀လွန်ခြင်းဟာ မိခင်ရော၊ သနေ္ဓသားအတွက်ပါ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အ၀လွန်လေလေ ကျန်းမာရေးဆိုင်ရာပြဿနာ များလေလေပါပဲ။

          ကိုယ်၀န်ဆောင်မိခင်တွင် ရှိရမယ့် သင့်လျော်တဲ့ ကိုယ်အလေးချိန်ကို ကိုယ်၀န်မဆောင်ခင်ကရှိတဲ့ အလေးချိန်၊ BMI နဲ့ အထွေထွေ ကျန်းမာရေး စတဲ့ အချက်တွေကိုကြည့်ပြီး ဆုံးဖြတ်ပါတယ်။ ကိုယ်၀န်ဆောင်ချိန်အတွင်း တိုးလာရမယ့် ကိုယ်အလေးချိန်ပမာဏဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ ပုံမှန် BMI ရှိတဲ့ အမျိုးသမီးရဲ့ ကိုယ်၀န်ဆောင်ချိန် တိုးလာမယ့် အလေးချိန်ဟာ 24 ပေါင်ကနေ 33 ပေါင်ထိ တိုးဖို့ လိုအပ်ပါတယ်။ နဂို၀တဲ့ အမျိုးသမီးတွေကတော့ 11 ပေါင်ကနေ ပေါင် 20 အထိသာ တိုးဖို့ လိုအပ်ပါတယ်။

          ကိုယ်၀န်ဆောင်ချိန်မှာ ပိန်လွန်းမယ် ဒါမှမဟုတ် အ၀လွန်နေမယ်ဆိုရင် မိခင်နဲ့ သနေ္ဓသားကို ထိခိုက်နိုင်ပါတယ်။ အ၀လွန်ခြင်းရဲ့ ဆိုးကျိုးတွေကတော့ မိခင်မှာ ကိုယ်၀န်ဆိပ် တက်နိုင်ပါတယ်။ ကိုယ်၀န်ဆိပ် တက်ချိန်မှာ သွေးပေါင် အလွန်အမင်းတက်ပြိး မကုသဘဲထားပါက ကလေးရော၊ မိခင်ပါ ထိခိုက်နိုင်ပါတယ်။ အချိန်မတိုင်မီ ကလေး စောမွေးရနိုင်ပါတယ်။ ဆီးချို ဖြစ်နိုင်ပါတယ်။

          ကိုယ်၀န်ဆောင်ဆီးချိုလို့ ခေါ်ပါတယ်။ အရင်က ဆီးချိုရောဂါမရှိတဲ့ အမျိုးသမီးဟာ ကိုယ်၀န်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ် မြင့်မားလာပြီး ဆီးချိုဖြစ်လာပါတယ်။ အများစုက ကလေးမွေးပြီးချိန် ပျောက်သွားတယ်ဆိုပေမယ့် နောက်ပိုင်း ဆီးချိုရောဂါဖြစ်ဖို့ အလားအလာ ရှိပါတယ်။ ကိုယ်၀န်ပျက်ကျနိုင်ခြေ များပါတယ်။

          Sleep Apnea လို့ခေါ်တဲ့ အိပ်နေစဉ် နှာခေါင်း၊ ပါးစပ်မှ အဆုတ်သို့ လေ၀င်လေထွက်မှု ပိတ်ဆို့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အိပ်နေရင်းနဲ့ အသက်ရှူ ရပ်ရပ်သွားတာမျိုး ဖြစ်ပါတယ်။ အိပ်ရေးမ၀တာကြောင့် နုံးချိတာ၊ မောပန်းတာကို ခံစားရမှာပါ။

 

>>    ဒါ့အပြင် ကလေးလေးအတွက်ကကော အောက်ပါပြဿနာတွေ ဖြစ်စေမှာပါ။

          37 ပတ်မတိုင်မီ ကလေးမွေးဖွားခြင်း - လမစေ့မီ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ မွေးရာပါ နှလုံးအပေါက်ပါခြင်း၊ ကိုယ်ခံအားစနစ် ကောင်းစွာဖွံ့ဖြိုးမှုမရှိခြင်း စတဲ့ ပြဿနာတွေ ရင်ဆိုင်ရတတ်ပါတယ်။

          သနေ္ဓသား အလွန်အမင်း ထွားကျိုင်းခြင်း - မိခင် အ၀လွန်တာကြောင့် ဖြစ်ပါတယ်။ မွေးဖွားရ ခက်ခဲပြီး မွေးဖွားချိန်မှာ ကလေးငယ်ကို ထိခိုက်တတ်ပါတယ်။

          ကလေးငယ်တွင် ကျောရိုးပေါက်မပိတ်တာ (Neural tube elefect) နှင့် မွေးရာပါ နှလုံးချို့ယွင်းမှုတွေ ဖြစ်နိုင်ပါတယ်။ အမေ အ၀လွန်နေတာကြောင့် အာထရာဆောင်း ရိုက်ရာမှာလည်း ခက်ခဲလေ့ရှိပါတယ်။

          ကလေးအသေမွေးနိုင်ချိန်လည်း ရှိတာကြောင့် မဖြစ်မနေ ၀ိတ်ထိန်းသင့်ပါတယ်။ ဆရာ၀န်နှင့် တိုင်ပင်ပါ။ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်ခင်မှာ အသိနှင့်ယှဉ်ပြီး ကြိုတင်တားဆီးပါ။ မိခင်ရော ကလေးပါ ကျန်းမာနေဖို့ ကျန်းမာတဲ့ အလေးချိန်ကို ထိန်းထားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။

www.drmyanmar.com