ကင်ဆာကို ကာကွယ်ဖို့ လူနေမှုပုံစံများ
ကြောက်စရာကောင်းတဲ့ ကင်ဆာရောဂါဆိုးတွေရဲ့ ၃ ပုံ ၁ ပုံကနေ တစ်ဝက်လောက်က ကာကွယ်လို့ရတယ်လို့ ပြောရင် အံ့သြသွားမလား?
တကယ်တော့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်း အတော်များများက လူနေမှုပုံစံနဲ့ စပ်ဆိုင်နေပါတယ်နော်။ ဒါဆိုရင် ဘယ်လိုကာကွယ်ကြမလဲ ကြည့်ကြရအောင်ပါနော်။
1. ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်ကြောင့်ဖြစ်တဲ့ ကင်ဆာကလည်း အများသားပါ။ အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယ မုန့်ချိုအိတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ပါးစပ်ကင်ဆာ၊ အစာပြွန်ကင်ဆာ၊ လည်ချောင်းကင်ဆာ စသဖြင့် ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဖြတ်ရခက်တယ်ဆိုပေမယ့် ဆေးလိပ်ဖြတ်ခြင်းဖြင့် ကင်ဆာတွေကို ကာကွယ်ပါ။
2. ကောင်းကောင်းစားပါ။
● အသီးအရွက်တွေ၊ ပဲအမျိုးမျိုး၊ ငါး၊ ကြက်၊ ဘဲ၊ အဆံပြည့်ဂျုံ၊ ပြောင်း၊ စပါးတွေ များများစားပါ။
● အမဲ၊ ဆိတ်၊ ဝက်၊ သိုး စတဲ့ အသားအနီရောင်တွေကို ရှောင်ပါ။
● ဝက်ပေါင်ခြောက်၊ ဟော့ဒေါ့၊ ဝက်အူချောင်း စတဲ့ ပြုပြင်ထားတဲ့အသားတွေကို ရှောင်ပါ။
● အရောင်ချွတ်ပြုပြင်ထားတဲ့ဂျုံ၊ ပြောင်း၊ စပါး စတာတွေကို လျှော့စားပါ။
● အချို လျှော့စားပါ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝအစားအသောက်တွေကို စားပေးခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်နိုင်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပြည့်ပြည့်ဝဝ ရရှိနိုင်မှာပါ။
3. ကိုယ်အလေးချိန်ကိုလည်း ကျန်းမာရေးနဲ့အညီ ထိန်းသိမ်းပါ။
အဝလွန်သူတွေ၊ အထူးသဖြင့် တင်ပါးအဆီ၊ ပေါင်အဆီထက် ဗိုက်နဲ့ခါး အဆီပိုများသူတွေမှာ ကင်ဆာတချို့ ပိုဖြစ်နိုင်ပါတယ်။
ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် စားသောက်တာ၊ လှုပ်လှုပ်ရှားရှားနေတာ စတဲ့ နည်းလမ်းတွေနဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ပါတယ်။ လုပ်ရခက်မယ်ဆိုတာ သိပေမယ့် တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့ဆိုတဲ့ အတိုင်းပေါ့။
4. လှုပ်လှုပ်ရှားရှားနေပါ။
နေ့တိုင်းနေ့တိုင်း လှုပ်လှုပ်ရှားရှားနေပေးခြင်းက ကင်ဆာ အတော်များများကို ကာကွယ်ပေးနိုင်ပါတယ်တဲ့။
အထူးသဖြင့် အမျိုးသမီးတွေမှာဆိုရင် လှုပ်လှုပ်ရှားရှားလည်းနေ၊ အိပ်ရေးလည်း ဝဝအိပ်ပေးတာက ကင်ဆာကာကွယ်ရေးမှာ အရေးပါပါသတဲ့။
5. အရေပြားကို ကာကွယ်ပါ။
အရေပြားကင်ဆာအများစုဟာ နေရောင်နဲ့ အထိအတွေ့များလို့ ဖြစ်တာချည်းပါပဲ။ ဒါကြောင့် -
● နေ့ခင်းဘက် အထူးသဖြင့် နေ့လယ် ၁၁ နာရီနဲ့ ၃ နာရီကြားမှာ အပြင်ထွက်တာကို တတ်နိုင်သလောက် ရှောင်ပါ။
● မရှောင်နိုင်ရင် ဦးထုပ်ပြန့်ပြန့်ကြီးဆောင်းတာ၊ အင်္ကျီ ဘောင်းဘီရှည် ဝတ်တာ၊ ထီးဆောင်းတာ လုပ်ပါ။
● မကာကွယ်နိုင်တဲ့နေရာတွေကို နေရောင်ကာခရင်မ် အနည်းဆုံး ၃၀ ပါတဲ့ အမျိုးအစားကို လိမ်းပေးပါ။
● နေကာမျက်မှန် တပ်ပေးပါ။
● နေရောင်ကာနှုတ်ခမ်းအဆီ ဆိုးပေးပါ။
6. အရက်ကို ချင့်ချိန်သောက်ပါ။
အရက်ကြောင့်ဖြစ်တဲ့ ကင်ဆာတွေလည်း အတော်များပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အရက်သောက်တဲ့အခါ အီစထရိုဂျင်ဓာတ် ပိုများတတ်တာကြောင့် ရင်သားကင်ဆာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဆို တစ်နေ့ကို အရက်တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။ အထူးသဖြင့် မိမိကိုယ်နှိုက်မှာ၊ မိသားစုထဲမှာ ရင်သားကင်ဆာရာဇဝင် ရှိရင်ပေါ့။
7. လိင်မှုကိစ္စ သတိထားပါ။
လိင်မှုကိစ္စသတိထားခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ HPV ပိုးကို ကာကွယ်နိုင်ပြီး အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်နိုင်မှာပါ။
8. ပုံမှန်ကျန်းမာရေး စစ်ဆေးပါ။
ဆရာဝန်နဲ့ ပုံမှန်ပြပြီး ကျန်းမာရေးစစ်ဆေးမှုကို ခံယူမယ်ဆိုရင် ကင်ဆာတချို့ကို စောစောစီးစီး တွေ့ရှိနိုင်မှာပါ။ ဥပမာအားဖြင့် ရင်သားကင်ဆာအတွက် ရင်သားဓာတ်မှန်ရိုက်တာ၊ အူမကြီးကင်ဆာအတွက် ဝမ်းစစ်တာမျိုးပေါ့။
စောစောသိခြင်းအားဖြင့် စောစောကုသနိုင်ပြီး ပျောက်ကင်းနိုင်မှာပါ။
အူမကြီးကင်ဆာအတွက် ရှာဖွေနည်းတွေ အများကြီးရှိပေမယ့် တိတိကျကျသိနိုင်ပြီး တစ်ပြိုင်နက် ကုသလို့ ရတာကတော့ အူလမ်းကြောင်း မှန်ပြောင်းကြည့်တာပါပဲ။ ကင်ဆာမဖြစ်ခင် အကျိတ်ကလေးတွေကို တစ်ခါတည်း ခွဲထုတ်ပစ်လို့ ရပါတယ်။
9. ကာကွယ်ဆေးထိုးပါ။
HPV ကာကွယ်ဆေးဟာ လိင်မှတစ်ဆင့် ကူးစက်တဲ့ HPV ကြွက်နို့ပိုးကို ကာကွယ်နိုင်တာကြောင့် သားအိမ်ခေါင်းကင်ဆာ၊ ပါးစပ်ကင်ဆာတွေအပြင် ရှားရှားပါးပါး မိန်းမကိုယ်ကင်ဆာနဲ့ စအိုကင်ဆာတွေကိုပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးကို အသက် ၉ နှစ်ကနေ ၂၆ နှစ်အတွင်း ထိုးသင့်ပြီး ဒီအရွယ်အတွင်း မထိုးခဲ့မိရင်လည်း ၂၇ နှစ်မှ ၄၅ နှစ်အတွင်း ထိုးလို့ရပါတယ်။
10. အလုပ်မှာရော၊ အိမ်မှာပါ အဆိပ်အတောက်တွေကို ရှောင်ရှားပါ။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့နေရာမှာ နေရထိုင်ရ၊ လုပ်ရကိုင်ရတာ နေမကောင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို တတ်နိုင်သလောက် ရှောင်ရှားပါ။
● အဆောက်အအုံဟောင်းကြီးတွေ တချို့မှာတွေ့ရတဲ့ asbestos မီးခံကျောက်တွေကြောင့် အဆုတ်ကင်ဆာတွေ၊ တခြားရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
● အနီးအနား စက်ရုံ၊ အလုပ်ရုံတွေကနေ ပြန့်လာတဲ့ ပိုးသတ်ဆေးတွေ၊ အဆိပ်အတောက်တွေပါတဲ့ရေကို သောက်မိရင်လည်း ကင်ဆာ ဖြစ်လာနိုင်ပါတယ်။
● သန့်ရှင်းရေးပစ္စည်းတွေ၊ အရည်တွေ၊ ပိုးသတ်ဆေးတွေ သုံးတဲ့အခါလည်း ဖြစ်နိုင်ရင် အိမ်တွင်းမှာ မသုံးပါနဲ့။ အိမ်တွင်းမှာ သုံးရင်လည်း အနံ့ပြင်းပြင်းကြီးတွေကို လေအားကောင်းကောင်းနဲ့ ထုတ်ပစ်ပါ။ အိမ်သုတ်ဆေးတွေဟာ လပေါင်းများစွာ ဂတ်စ်ငွေ့တွေ ထုတ်လွှတ်နိုင်တယ်ဆိုတာလည်း မမေ့ပါနဲ့။ အငွေ့ပြန့်လွယ်တဲ့ အော်ဂန်းနစ်ဓာတ်ပေါင်းမပါတဲ့ အမျိုးအစားကို ရွေးချယ်ပါ။
● ဆေးလိပ်ငွေ့တွေ၊ လောင်စာတွေ၊ ပန်းချီဆေးတွေ၊ အိတ်ဇော့ဓာတ်ငွေ့တွေမှာပါတဲ့ ဘန်ဇင်းဓာတ်ကလည်း ကင်ဆာ ဖြစ်စေနိုင်တယ်နော်။
● ကျောက်၊ မြေကြီး၊ ရေနဲ့ တချို့အဆောက်အအုံတွေ၊ သဘာဝဓာတ်ငွေ့တွေမှာ တွေ့ရတဲ့ ရေဒန်ဓာတ်ငွေ့ဟာလည်း ကင်ဆာ ဖြစ်နိုင်ပါတယ်တဲ့။
Dr. Mya Phoo Ngon (www.drmyanmar.com)















