/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကင်ဆာဆိုတာ-ကာကွယ်လို့-ရသလား

ကင်ဆာဆိုတာ ကာကွယ်လို့ ရသလား ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကင်ဆာဖြစ်တဲ့အခါ သေမိန့်ချခံရသလိုပဲ အားလုံးက အလွန်ကြောက်ကြတဲ့ လမ်းဆုံးရောဂါတစ်ခုလို့ပဲ အာလုံးက သတ်မှတ်ထားကြတာပါ။ နောက်ဆုံးပေါ် ကုထုံးတွေ ခွဲစိတ်တာတွေအပြင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေကိုတော့ လူသိနည်းကြပါတယ်။

          ကာကွယ်လို့ ရ၊ မရ ကြည့်ရအောင်ပါ။

 

>>    အရေပြားကင်ဆာ ဘာကြောင့်ဖြစ်သလဲ?

          နေလောင်ဒဏ်ဟာ အရေပြားကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းရင်းလို့ ဆိုရမှာပါ။

•        နေပူဒဏ်ကို ကာကွယ်ထားရင် အိုကေပြီပေါ့။

•        နေသိပ်ပူနေချိန် အပြင်မထွက်ပါနဲ့။

•        အရိပ်ရ အေးမြတဲ့နေရာမှာ နေပါ။

•        မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ အကျႌလက်ရှည်တွေ ၀တ်ဆင်ပါ။

•        အသားဖြူသူ၊ အသားလတ်သူတွေ ပိုသတိထားသင့်ပါတယ်။

 

          အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာတွေနဲ့ ပတ်သက်လို့ -

•        ကင်စာစားရင် ကင်ဆာ ဖြစ်တတ်ပါတယ်။

•        ကြပ်တင်ထားတဲ့ အသား၊ အကင်တွေ သိပ်စားလွန်းရင် အသားစားများပြီး အသီးအရွက်စားတာ နည်းရင် အူမကြီးကင်ဆာဖြစ်ဖို့ သေချာသလောက်ပါ။

•        လတ်လတ်ဆတ်ဆတ် အသီးအနှံစားပါ။ အမျှင်ဓာတ် ပုံမှန်ရရှိပါစေ။

•        မှိုတက်နေတဲ့ ငရုတ်သီးတွေမှာပါတဲ့ အဆိပ်ဓာတ်တစ်မျိုးဟာ အသည်းကင်ဆာ ဖြစ်စေပါတယ်။

•        ငရုတ်သီးခြောက်မှုန့်တွေ ရှောင်ပြီး လတ်ဆတ်တဲ့ သဘာ၀ငရုတ်သီးစားတာ အန္တရာယ်အကင်းဆုံး ဖြစ်ပါတယ်။

•        ခံတွင်းကင်ဆာ ကာကွယ်ဖို့ ကွမ်း မစားပါနဲ့။

•        အရက် အလွန်အကျွံ မသောက်ပါနဲ့။ အစာအိမ်၊ အစာရေမျိုနဲ့ အူ၊ အသည်းဟာ အရက်ကြောင့် ဆိုးကျိုးများစွာ ဖြစ်နိုင်တာကို သတိချပ်သင့်ပါတယ်။

 

>>    ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရ၊ မရ

          သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး မြန်မာပြည်မှာ ထိုးလို့ရနေပြီနော်။ ထိုးဖြစ်အောင် ထိုးစေချင်ပါတယ်။ ဈေးကြီးပေမယ့် ထိုက်တန်တာမို့ မိမိကျန်းမာရေးအတွက် အဲဒီလောက်တော့ ရင်းသင့်ပါတယ်။

          အသည်းကင်ဆာ ကာကွယ်ဖို့ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး ထိုးသင့်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုးဟာ အသည်းကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းထဲမှာ ထိပ်ဆုံးက ပါနေပါတယ်။ ဒီတော့ ကာကွယ်ဆေးထိုးပြီး ကာကွယ်ထားတာ အဆင်အပြေဆုံး ဖြစ်ပါတယ်။

          ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်တိုင်း အဆုတ်ကင်ဆာ မဖြစ်ပေမယ့် ဆေးလိပ် သောက်သူတိုင်းမှာတော့ အဆုတ်ကင်ဆာနဲ့ တခြားရောဂါတွေဖြစ်ဖို့ အခွင့်အလမ်း သိပ်များနေပါတယ်။ သင့်အဆုတ်ကို နေ့စဉ်မီးမြှိုက်နေသလို ဖြစ်နေတာကို လျစ်လျူမရှုသင့်ပါဘူး။

          နောက်ဆုံးအချုပ်အနေနဲ့ စားသောက်နေမှု ဂရုပြုကြရအောင် ... အရိုးရှင်းဆုံး လူတိုင်း သိပြီးသားအချက်တွေဟာ ကင်ဆာကာကွယ်ဖို့ အဓိက ကျနေပါတယ်။

•        အသီးအရွက်၊ သစ်သီး၀လံ များများစားပါ။

•        ရေများများ သောက်ပါ။

•        လှုပ်လှုပ်ရှားရှား နေပါ။

•        အိပ်ရေး၀အောင် တစ်နေ့ 8 နာရီ အိပ်စက်ပါ။

•        တရားထိုင်ပြီး စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပါ။

•        အကင်တွေ၊ ချဉ်ဖတ်၊ စည်သွတ်ဘူး တာရှည်ခံအောင် ပြုလုပ်ထားတဲ့ စားစရာတွေ တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။

•        သင့်အရေပြားကို နေ မလောင်အောင် ကာကွယ်ပါ။

•        ကာကွယ်ဆေးတွေ ထိုးပါ။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနဲ့ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး ထိုးသင့်ပါတယ်။

•        ဆေးလိပ်၊ အရက်နဲ့ ကွမ်း ရှောင်ကြဉ်ပါ။

•        နောက်ဆုံးအနေနဲ့ စာဖတ်ပါ။ ဘယ်အစားအစာတွေ အပြုအမူ၊ အနေအထိုင်တွေက ကင်ဆာဖြစ်ဖို့ တွန်းအားပေးတယ်ဆိုတာ သိရှိထားသင့်ပါတယ်။ ခေတ်မီတဲ့ ကျန်းမာရေး ဗဟုသုတဟာ သင့်ကို ကောင်းကျိုးများစွာ ဆောင်ကျဉ်းပေးနိုင်ပါတယ်။

          ကိုယ်လုပ်နိုင်တာလေးတွေ ပြုပြင်ကာကွယ်ထားခြင်းဖြင့် ကင်ဆာကို တတ်နိုင်သလောက် တားဆီးကြရအောင် ...။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)