ကင်ဆာလက္ခဏာ ပေါ့ပေါ့မထားရာ
ခေတ်သစ်ကမ်ဘာမှာ ကင်ဆာဟာ အဖြစ်အများဆုံးရောဂါထဲမှာ အပါအဝင် ဖြစ်လာပါတယ်။ ရောဂါလက္ခဏာ ထင်ထင်ရှားရှားနဲ့ လာနိုင်သလို မသိမသာလက္ခဏာ ဒါမှမဟုတ် ဘာလက္ခဏာမှ မပြသဘဲလည်း လာတတ်တာကြောင့် အချိန်လွန်မှ ရောဂါကို သိကြပါတယ်။
အောက်ဖော်ပြပါ လက္ခဏာတွေဟာ ကင်ဆာရောဂါ ရှိနေတာကို ပြသနေတာ ဖြစ်နိုင်တာကြောင့် မပေါမဆ လျစ်လျူမရှုဘဲ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ဖို့ လိုအပ်ပါတယ်။
1. အရေပြားယားယံခြင်း
ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်က ရောဂါပိုးမွှားအမှတ်နဲ့ တုံ့ပြန်ပါတယ်။ ဒီကင်ဆာဆဲလ်တွေကို ခုခံတိုက်ခိုက်ဖို့အတွက် သွေးဖြူဥတွေကို အသုံးပြုပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်ပွားနေတဲ့နေရာမှာ သွေးလည်ပတ်မှု ပိုမိုကောင်းလာပြီး နီရဲပြီး ယားလာ၊ တင်းလာတတ်ပါတယ်။
2. အလုံးအကြိတ် ပေါ်လာခြင်း
ခန္ဓာကိုယ်က အပြောင်းအလဲတွေကို သိရှိနိုင်ဖို့အတွက် အမြဲတမ်းစမ်းသပ်ကြည့်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို စမ်းသပ်ကြည့်ရာမှ အလုံးအကြိတ်တွေကို စမ်းသပ်မိတတ်ကြပါတယ်။ ဗိုက်၊ ချိုင်းကြား၊ အရေပြား၊ ရင်သားနဲ့ လည်ပင်းတွေမှာ အလုံးအကြိတ်တွေ စမ်းသပ်မိပါက ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။
3. လျှာနဲ့ ပါးစပ်အတွင်း အဖုပေါက်ခြင်း
လည်ပင်း၊ ပါးစပ်နဲ့ သွားဖုံးတွေမှာ အဖုတွေ ပေါ်လာပါက ဆရာဝန်နဲ့ ပြသပါ။
4. အနာမကျက်ခြင်း
အနာတွေ၊ ပြတ်ရာရှရာတွေ လွယ်လွယ်နဲ့မကျက်ရင် သတိထားပါ။ အနာရှိပါက သေချာ သန့်သန့်ရှင်းရှင်း ထားပြီး အနာကျက်ဖို့ ကြာနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။
5. ဝမ်းအကျင့် ပြောင်းလဲခြင်း
ဝမ်းသွားတာ ရက်အနည်းငယ် ပြောင်းလဲနေပါက သတိထားရပါမယ်။ ဝမ်းထဲမှာ သွေးစတွေ ပါလာပါက အူလမ်းကြောင်းကင်ဆာတွေ ဖြစ်နိုင်တာကြောင့် စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဝမ်းထဲ ချွဲတွေ ပါလာတာ၊ ဝမ်းလျှောတာ၊ ဗိုက် မသက်မသာဖြစ်တာ၊ ဝမ်းအရောင်ဖျော့တာ၊ ရင့်တာတွေ ဖြစ်လာပါကလည်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
6. အစားအသောက်ပျက်ခြင်း၊ အစာမျိုရခက်ခြင်း
အစာချေစနစ်မှာ ပြဿနာ တစ်စုံတစ်ခု ဖြစ်ပေါ်လာပါက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေမရရှိဘဲ ပုံမှန်လုပ်ဆောင်မှုတွေကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
7. သွေးထွက်ခြင်း
ပုံမမှန် ဓမ္မတာလာခြင်း၊ ရင်သားနဲ့ သားအိမ်က သွေးထွက်ခြင်း စတာတွေ ဖြစ်ပေါ်လာပါက ချက်ချင်း ဆရာဝန်နဲ့ ပြသပါ။
8. ဆီး ပြောင်းလဲခြင်း
ဆီးသွားတဲ့အခါ ပုံမမှန် ဖြစ်နေခြင်းကလည်း ကင်ဆာလက္ခဏာ ဖြစ်တတ်ပါတယ်။ ဆီးထဲ သွေးပါတာ၊ အမြှပ်တွေ ပါတာ၊ အရောင်အနံ့ ပြောင်းလဲတာတွေ ရှိပါက စမ်းသပ်မှု ခံယူသင့်ပါတယ်။
9. ချောင်းဆိုးခြင်း
အအေးမိ၊ တုပ်ကွေးထခြင်းကြောင့် မဟုတ်ဘဲ ဆက်တိုက် ချောင်းဆိုးနေခြင်းဟာ အစာပြွန်၊ အစာအိမ်၊ ရင်ဘတ်နဲ့ လည်ချောင်းကင်ဆာတွေ ဖြစ်နေနိုင်ပါတယ်။
10. အသံပြောင်းခြင်း
အသံမှာ တစ်စုံတစ်ရာ ပြောင်းလဲလာခြင်းဟာ အသံအိုးကင်ဆာကြောင့် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို သိရှိပြီး ချက်ချင်း စမ်းသပ် စစ်ဆေးကြည့်ဖို့ အရေးကြီးတာကြောင့် မပေါ့ဆကြပါနဲ့လို့ ဆော်သြချင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















