ကင်ဆာအရိပ်ဆိုးကို အောင်နိုင်ခဲ့သူများ
ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကလေးဘဝက ကင်ဆာရောဂါဆိုးကြီးကို အောင်နိုင်၊ ကျော်ဖြတ်လာခဲ့နိုင်သူ အများအပြား ရှိကြပါတယ်။ ဒီလို လူတကာ ကြောက်လန့်ကြတဲ့ ကင်ဆာရောဂါကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ခဲ့သူတချို့ဟာ ကင်ဆာအရိပ်ဆိုးကြီးရဲ့ ခြောက်လန့်မှုကို ဆက်လက် ခံစားနေရတတ်ပါတယ်။ ဒါတွေဟာ မိရိုးဖလာ ယုံကြည်မှု အစွဲမှားကြီးတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အယူမှား၊ အစွဲမှားတွေကို သိရှိနိုင်ဖို့ ခွဲခြားပြောပြချင်ပါတယ်။
အယူမှား : ကင်ဆာရောဂါ ပျောက်ကင်းသူတွေမှာ ရောဂါဟာ အမြစ်တွယ်ပြီး တခြားလူတွေကို ကူးစက်စေနိုင်တယ်။ တချို့အသိုင်းအဝိုင်းတွေမှာ ကင်ဆာဟာ သရဲ တစေၧ သိုက်စတဲ့ မကောင်းဆိုးဝါး ပြုစားချက်ကြောင့် ဖြစ်တယ်လို့တောင် လွဲမှား ယုံကြည်နေတတ်ကြပါတယ်။
အယူမှန် : ကင်ဆာဟာ ကူးစက်စေတတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေ၊ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ ဒါကြောင့် ကင်ဆာရောဂါ ဖြစ်ဖူးသူတွေကို ခွဲခြားဆက်ဆံတာမျိုး လုပ်စရာ မလိုအပ်ပါဘူး။
အယူမှား : ကင်ဆာရောဂါ ဖြစ်ဖူးသူတွေဟာ ကလေး မရနိုင်ဘူး။
အယူမှန် : ကလေးရနိုင်ခြေဟာ ဖြစ်တဲ့ကင်ဆာအမျိုးအစားနဲ့ ကုသမှုပုံစံတွေအပေါ် မူတည်နေပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်ဖူးသူ အများစုမှာတော့ ဒီယူဆချက်ဟာ မမှန်ကန်ပါဘူး။
အယူမှား : ကင်ဆာ ဖြစ်ဖူးသူတွေဟာ အသက်တိုတယ်။
အယူမှန် : ကလေးဘဝမှာ ကင်ဆာဖြစ်ခဲ့ဖူးသူ 3 ယောက်မှာ 2 ယောက်ခန့်ဟာ နောက်ပိုင်းမှာ ကင်ဆာရဲ့ နောက်ဆက်တွဲတွေ၊ ကင်ဆာ ပြန်ဖြစ်တာမျိုးတွေ ဖြစ်တတ်ပေမယ့် အသက်တိုတာမျိုးတော့ မရှိပါဘူး။
အယူမှား : ကလေးဘဝမှာ ကင်ဆာရောဂါ ကုသအောင်မြင်ခဲ့သူတွေဟာ ရောဂါ လုံးဝပျောက်သွားပြီး ရက်ချိန်းတွေ ဆက်ပြစရာ မလိုဘူး။
အယူမှန် : အမြဲတမ်း ပုံမှန်ရက်ချိန်းပြပြီး စမ်းသပ်စစ်ဆေး ကြည့်ရှုနေခြင်းဟာ ကင်ဆာရောဂါ ဖြစ်ဖူးသူတွေအတွက် အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။
အယူမှား : ကင်ဆာရောဂါ ဖြစ်ဖူးသူတွေဟာ သာမန်လူကောင်းအတိုင်း မနေနိုင်ဘဲ အမြဲတမ်း စိတ်ညစ်ဝမ်းနည်းဖွယ်ဘဝကို ပိုင်ဆိုင်ရမယ်။
အယူမှန် : ကင်ဆာဖြစ်ဖူးသူတွေဟာလည်း သာမန်ကျန်းမာသူတွေလိုပဲ ကျောင်းပြန်တက်နိုင်ပါတယ်။ ပုံမှန်လှုပ်ရှား ဆော့ကစားနိုင်တယ်။ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ပုံမှန်ပေါင်းသင်း ဆက်ဆံနိုင်ပါတယ်။
အယူမှား : ကင်ဆာဖြစ်ဖူးသူတွေဟာ ကျောင်းမှာ စာမလိုက်နိုင်တာ၊ အလုပ် မလုပ်နိုင်တာမျိုးတွေ ဖြစ်တတ်တယ်။
အယူမှန် : ဒီအချက်ဟာ လူတိုင်းအတွက်တော့ မမှန်ပါဘူး။ ကင်ဆာရောဂါ ဖြစ်ဖူးသူတချို့မှာတော့ ဉာဏ်ရည်နိမ့်ပါးတာ၊ မှတ်ဉာဏ်စွမ်းရည် နည်းပါးတာမျိုး ဖြစ်တတ်ပေမယ့် အများစုမှာတော့ ပုံမှန်ကျောင်းတက်၊ အလုပ်လုပ်နိုင်ပါတယ်။
အယူမှား : ကလေးတွေ၊ ဆယ်ကျော်သက်တွေမှာ ကင်ဆာရောဂါဖြစ်တဲ့အခါ ကင်ဆာရှိနေကြောင်း မပြောပြသင့်ဘူး။
အယူမှန် : ကိုယ့်ရောဂါအကြောင်း ကိုယ်သိပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ဖို့ သူတို့ကိုလည်း ပြောပြထားဖို့ လိုအပ်ပါတယ်။
အယူမှား : ကလေးဘဝက ကင်ဆာရောဂါ ဖြစ်ပွားခဲ့ဖူးသူတွေဟာ သူတို့တစ်ဘဝလုံး အရိပ်မဲကြီးတစ်ခုလို ဖြစ်နေမှာဖြစ်တယ်။ သူတို့ကို လူမှုအဖွဲ့အစည်းတွေ၊ အလုပ်တွေ၊ ကျောင်းတွေကနေ ဖယ်ခွာထားခြင်း ခံရတတ်ပါတယ်။
အယူမှန် : နိုင်ငံအတော်များများမှာ ကင်ဆာကုသ ပျောက်ကင်းသူ ကလေးငယ်တွေကို ရောဂါဆိုးကို တိုက်ဖျက်နိုင်တဲ့ သူရဲကောင်းများသဖွယ် အလေးပေး ဆက်ဆံလေ့ရှိကြပါတယ်။ ကင်ဆာရောဂါကို အရှုံးမပေးသင့်ဘူးဆိုတာကို သက်ရှိထင်ရှား ပြသနေကြတဲ့ သက်သေအထောက်အထားပဲ ဖြစ်ပါတယ်။ တချို့ အယူမှား၊ အစွဲမှား ရှိနေဆဲ နိုင်ငံတွေမှာ ကင်ဆာပျောက်ကင်းသွားသူ ဝေဒနာရှင်တွေဟာ ကိုယ့်အခွင့်အရေးကို ရဲရဲဝင့်ဝင့် ထုတ်ဖော်ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















