ကိုယ် ဘယ်လိုလူစားလဲ သိချင်သူများအတွက်
စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ သုတေသနပြုလုပ်ချက်တွေအရ ကိုယ် ဘယ်လိုလူစားဖြစ်မလဲ စဉ်းစားတွက်ချက်ကြည့်ကြမလား။ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အမူအကျင့်တွေ အားသာချက်၊ အားနည်းချက်တွေကို ပြောပြကြည့်မယ်နော်။
1. ပွင့်လင်းသူ
● တီထွင်ဖန်တီးချင်တယ်။
● အသစ်တွေ မက်တယ်။
● အန္တရာယ်နဲ့ ကစားရတာ နှစ်သက်တယ်။
● အပြောင်းအလဲတွေလုပ်ဖို့ နောက်မတွန့်ဘူး။
● တစ်သမတ်တည်း သွားရတာ သဘောမကျဘူး။
မြုံစိစိသမားတွေကျ အပွင့်ဓာတ် အားနည်းနေပေမယ့် အပြောင်းအလဲ မကြိုက်ဘူး။ အသစ်အဆန်းတွေကို မလုပ်ရဲဘူး။ အိုင်ဒီယာအသစ်တွေထုတ်ဖို့ တွန့်ဆုတ်သူတွေ ဖြစ်လာကြပါတယ်။
2. အတွေးသမား
● တစ်ခုခုဆို တွေးရင်း သေချာပြင်ဆင်တယ်။
● အရေးကြီးတာကို အရင်ရွေးချယ်လုပ်တယ်။
● အသေးစိတ်တွေကို အာရုံ သိပ်စိုက်လွန်းတယ်။
● မူဝါဒတွေ သဘောတရားတွေကို တိတိပပ လိုက်နာတယ်။
မူဝါဒစိတ်ဓာတ် အားနည်းရင်တော့ ရှုပ်ပွေတယ်။ အရေးတကြီး မထားဘူး၊ အလုပ်မပြီးဘူး အရေးသိပ်မလုပ်တဲ့သူတွေ ဖြစ်လာကြပါတယ်။
3. အဖော်မက်သူ
● စိတ်လှုပ်ရှားတက်ကြွတယ်။
● လေပေါတယ်။
● အလွန်အကျွံ စိတ်အားသန်တတ်တယ်။
● အပြင်ထွက်ပြီး ဒွန့်ရတာသူတို့ဝါသနာ။
● သူတို့ကိုယ်သူတို့ အာရုံစိုက်ခံရတာ သဘောကျတယ်။
● သူငယ်ချင်းအသစ်တွေ မကြာခဏရှာတယ်။
ဒွန့်ချင်စိတ် နည်းပါးနေရင်တော့ တစ်ကိုယ်တည်းနေပြီး စကားပြောရတာ ရှက်ရွံသူ အရာရာ သံသယများသူ ချောင်ကုပ်နေသူတွေ ဖြစ်လာကြပါတယ်။
4. လိုက်လျောလွယ်တဲ့ စိတ်ထား
● ပတ်ဝန်းကျင်က လူတွေကို အာရုံစိုက်တယ်။
● သနားတတ်တယ်၊ ကြင်နာမှု ပြည့်ဝတယ်။
● အကူအညီပေးဖို့ အသင့်ရှိတယ်။
● တခြားသူတွေရဲ့ ပျော်ရွှင်မှုကို ကြံဖန်ဖန်တီးပေးတတ်တယ်။
ဒီလို လိုက်လျောလွယ်တဲ့စိတ်ထား အားနည်းရင်တော့ အကူအညီ တောင်းရခက်တဲ့သူ၊ သူများပြဿနာ စိတ်မဝင်စားသူ၊ နားမလည်ပေးတတ်သူ၊ အပြစ်တင်တတ်သူတွေ ဖြစ်လာကြပါတယ်။
5. မတည်ငြိမ်တတ်၊ ပူပန်တတ်သူ
● စိတ်ပူလွယ်တယ်။
● အပြောင်းအလဲ မြန်တယ်။
● စိတ်တိုတယ်။
● စိတ်ဆတ်တယ်။
● စိတ်ဖိစီးလွယ်တယ်။
● ဘာမှန်းမသိတာတွေ ပူပန်နေတတ်တယ်။
ဒီလိုစိတ်အားနည်းတဲ့သူတွေကျ တည်ငြိမ်ပြီး စိတ်သိပ်မပူတတ်တော့ပါဘူး။ ကောင်းသွားတာပေါ့။
စိတ်ပညာရှင်တွေရဲ့ အဆိုအရ ဒီလိုစိတ်နေစိတ်ထား၊ အနိမ့်အမြင့်တွေဟာ အသက်ရလာတာနဲ့ တဖြည်းဖြည်း ညီညွတ်မျှတသွားတတ်ပါသတဲ့။ မမျှော်မှန်းထားတဲ့၊ မထင်မှတ်တဲ့ ကိစ္စတစ်ခုခု ကြုံတွေ့တဲ့အခါ ကိုယ့်ရဲ့ မူရင်းအားသန်နေတဲ့ စိတ်နေစိတ်ထားဟာ ရုတ်တရက် ပေါ်လွင်ထင်ရှားလာတတ်ပါတယ်။
နောက်ပြီး လူတစ်ဦးထဲမှာပဲ စိတ်နေစိတ်ထား၊ ကိုယ်ရည်ကိုယ်သွေး သုံးလေးမျိုးခန့် ပေါင်းစပ်ပြီး တည်ရှိနေတတ်တာကိုလည်း တွေ့ရတတ်ပါတယ်။
အားသန်သွားတဲ့ စိတ်အပိုင်းက မိမိရဲ့ကိုယ်ရည်ကိုယ်သွေးကို ဆုံးဖြတ်သွားတာဖြစ်ပါတယ်။ ဒီတော့ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးထဲမှာ ဘယ်လိုစိတ်ထားတွေကို အားသန်အောင် ကြိုးစားကြည့်မယ်ဆိုရင် မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေကို ကွက်ကွက်ကွင်းကွင်းသိရှိပြီး တဖြည်းဖြည်း ပြုပြင်ယူရမယ် ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















