/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကော်ဖီဆိုရင်-ခါးခါးသောက်သင့်တယ်

ကော်ဖီဆိုရင် ခါးခါးသောက်သင့်တယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဒီနေ့ခေတ်မှာ ကော်ဖီကို ကြိုက်သူ များပါတယ်။ ကြိုက်လို့သောက်သောက်၊ လန်းချင်လို့သောက်သောက် ကော်ဖီသောက်မယ် ဆိုရင်တော့ ကော်ဖီမစ်ထက် ကော်ဖီခါးခါး (Black Coffee) ကို သောက်ဖို့ အကြံပေးလိုပါတယ်။

          သကြား မထည့်တဲ့ ကော်ဖီကြမ်းတစ်ခွက်က အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ်။ သကြား ထည့်သောက်ခြင်းက ဆီးချို၊ သွားပြဿနာ၊ အသည်းပြဿနာ၊ အ၀လွန်ခြင်းနဲ့ နှလုံးရောဂါ ကဲ့သို့သော ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။

          သကြား မထည့်ထားတဲ့ ကော်ဖီကြမ်းတစ်ခွက်ရဲ့ အကျိုးကျေးဇူးတွေကတော့ -

1.      မှတ်ဉာဏ်အား ကောင်းစေပါတယ်။

          ကဖင်းဓာတ်က ရေရှည်မှတ်ဉာဏ်အပေါ်မှာ ကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ရှိတတ်ပါတယ်။

 

2.      ကိုယ်အလေးချိန် ကျဖို့အတွက် အထောက်အကူ ဖြစ်ပါတယ်။

          ကော်ဖီကြမ်း သောက်ခြင်းက ကယ်လိုရီ လောင်ကျွမ်းမှုကို မြင့်တက်စေပါတယ်။

 

3.      နှလုံးကို ကျန်းမာစေတယ်။

          ကဖင်းဓာတ်က နှလုံးကို ထိခိုက်စေတဲ့ ရောင်ရမ်းခြင်းတွေကို လျော့ကျစေခြင်းအားဖြင့် နှလုံးသွေးကြော ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။ ကဖင်းဓာတ်က အဆီနဲ့ ကိုလက်စထရောတွေ သွေးထဲမှာ ခဲပြီးတော့ လေဖြတ်ခြင်းနှင့် နှလုံး တိုက်ခိုက်ခံရခြင်း ကဲ့သို့သော ပြင်းထန်ဆိုးရွားတဲ့ပြဿနာတွေ မဖြစ်စေဖို့အတွက် ဇီ၀ကမ္မဖြစ်စဉ်ကို အားမြှင့်ပေးပါတယ်။

 

4.      အားအင်ကို သိသာစွာ မြှင့်တင်ပေးပါတယ်။

          ကဖင်းဓာတ်က ကိုယ်ကာယပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို 11% - 12% မြင့်တက်စေတဲ့အတွက် အားဖြည့်အနေနဲ့ သောက်သုံးကြပါတယ်။

 

5.      အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

          ကဖင်းဓာတ်က သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရာမှာ အရေးကြီးတဲ့ အင်ဆူလင် အပြောင်းအလဲအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။

 

6.      အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ပါ၀င်ပါတယ်။

          လက်ဖက်ရည်လိုပဲ ကော်ဖီထဲမှာလည်း အင်တီအောက်ဆီးဒင့်တွေ ပါ၀င်ပါတယ်။ ဒါကြောင့် နေ့တစ်နေ့ကို ကော်ဖီနဲ့ အစပြုခြင်းဖြင့် ခန္ဓာကိုယ်ကို free radical တွေရဲ့ ဒဏ်ကနေပြီး ကာကွယ်ပေးပါတယ်။

 

7.      အစာချေစနစ်ကို သန့်စင်စေတယ်။

          ကော်ဖီမှာ ဆီးသွားစေတတ်တဲ့ဓာတ် ပါ၀င်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့အရည်တွေ ထွက်သွားဖို့အတွက် လှုံ့ဆော်ပေးပြီး ဆီး မကြာခဏ သွားစေပါတယ်။ ဆီးသွားတဲ့ အကြိမ်ရေ များတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

 

8.      ကင်ဆာကို ကာကွယ်ဖို့ အထောက်အကူပြုတယ်။

          သကြား မပါတဲ့ ကော်ဖီကြမ်း သောက်ခြင်းက ကင်ဆာရောဂါမျိုးစုံကနေ ကာကွယ်ပေးပါတယ်။ ကော်ဖီသောက်ခြင်းက ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ ဆက်စပ်နေတဲ့ အူမကြီးကင်ဆာတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

 

9.      အသက်အရွယ် အိုမင်းခြင်းနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေမှာ ကာကွယ်ပေးပါတယ်။

          အသက်ကြီးလာတာနဲ့အမျှ အယ်လ်ဇိုင်းမားရောဂါ၊ Parkinson's ရောဂါ စတဲ့ အာရုံကြော ပျက်စီးတဲ့ရောဂါတွေ ပိုပြီးဖြစ်နိုင်ခြေ များလာပါတယ်။ ကံကောင်းတဲ့အချက်က ကော်ဖီကြမ်း သောက်ခြင်းက Parkinson's ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပြီး အယ်လ်ဇိုင်းမားရောဂါကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

 

10.    စိတ်ပျော်ရွှင် လန်းဆန်းစေတယ်။

          စိတ်ပျော်အောင် လုပ်ပေးနိုင်တဲ့အချက် များစွာထဲမှာ အလွယ်ဆုံး နည်းလမ်းတစ်ခုကတော့ နေ့သစ်ကို ကော်ဖီတစ်ခွက်နဲ့ စတင်လိုက်ခြင်းပါ။ ကဖင်းဓာတ်က စိတ်လုံခြုံခြင်း၊ ပျော်ရွှင်ခြင်းနဲ့ လန်းဆန်းတက်ကြွခြင်း စတာတွေနဲ့ ဆက်စပ်တဲ့ဓာတ်တွေ ထွက်ဖို့ လှုံ့ဆော်ပေးပါတယ်။

 

11.    ပိုပြီးစမတ်ကျစေတယ်။

          ကဖင်းဓာတ်က အလုပ်နဲ့ဆိုင်တဲ့ မှတ်ဉာဏ်စွမ်းရည်ကို တက်စေတဲ့အတွက် အလုပ်ထဲမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ပိုချနိုင်ပြီး အောင်မြင်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။

 

12.    မရှိမဖြစ် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။

          ကော်ဖီတစ်ခွက်ထဲမှာ ဗီတာမင် B2, B3, B5, မဂ္ဂနိစ်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တွေ ပါ၀င်ပါတယ်။

 

13.    အသည်းကို ကာကွယ်ပေးတယ်။

          ကော်ဖီသောက်ခြင်းဖြင့် အသည်းခြောက်ရောဂါ ဖြစ်နိုင်ခြေကို 80% လောက် လျော့ကျစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)