တရုတ်နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ HMPV ဗိုင်းရပ်ဆိုတာ . . .
Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ
လွန်ခဲ့တဲ့ရက်တွေက သတင်းတွေ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် တရုတ်နိုင်ငံရှိဆေးရုံတွေမှာ လူနာတက်ရောက်မှု များပြားနေတယ်ဆိုတဲ့သတင်းကို တွေ့ကြတော့ ဒီရောဂါဟာ ကိုဗစ်-19 လိုပဲ ကမ္ဘာ့ကပ်ရောဂါဖြစ်လာမလားလို့ လူအများက စိတ်ပူနေကြပါတယ်။ ဒါကြောင့် ဒီဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကို မျှဝေပေးချင်ပါတယ်။
HMPV ဆိုတာ ဘာလဲ ?
• လက်ရှိ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတာကတော့ Human metapneumovirus (HMPV) ကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးအသစ်မဟုတ်ဘဲ ၂၀၀၁ ခုနစ်က စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့အခါ ရာသီတုပ်ကွေးလိုလက္ခဏာတွေ ခံစားရလေ့ရှိပြီး ကလေးငယ်လေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာ ပိုမိုကူးစက်နိုင်ပါတယ်။
HMPV ရဲ့လက္ခဏာတွေက ဘာတွေလဲ ?
• သာမန်အအေးမိတုပ်ကွေးလိုပဲ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာစေးနှာပိတ်ခြင်း၊ မောခြင်း အစရှိတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ပြင်းထန်ရင်တော့ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းအထိ ဖြစ်နိုင်ပါတယ်။
HMPV က ဘယ်လိုကူးစက်နိုင်သလဲ ?
• ချောင်းဆိုး၊ နှာချေရာကနေတစ်ဆင့် ကူးစက်နိုင်သလို တစ်ဦးနဲ့တစ်ဦး အနီးကပ်ထိတွေ့ဆက်ဆံတာ၊ ရောဂါပိုးရှိနေတဲ့ မျက်နှာပြင်တွေကို ထိတွေ့ပြီး မျက်လုံး၊ ပါးစပ်နဲ့ နှာခေါင်းတို့ကို ပြန်ကိုင်မိရာကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။
ဘယ်လိုကာကွယ်လို့ရသလဲ ?
• ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး စက္ကန့် (၂၀) ကြာအောင် လက်ဆေးပါ။ မကြာခဏ လက်ဆေးပါ။
• လက်မဆေးဘဲ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ။
• ဖျားနာနေသူတွေနဲ့ ခပ်ဝေးဝေးနေပါ။
• လူအများကိုင်တွယ်လေ့ရှိတဲ့ မျက်နှာပြင်တွေကို သန့်ရှင်းပိုးသတ်ပါ။
• မိမိတို့မှာ အအေးမိတုပ်ကွေးလက္ခဏာများရှိပါက တခြားသူတွေကို မကူးစက်စေရန် ပါးစပ်နဲ့ နှာခေါင်းစည်းတပ်ပါ။ အိုးခွက်ပန်းကန်တွေ၊ တစ်ကိုယ်ရည်အသုံးအဆောင်တွေ မျှဝေသုံးစွဲခြင်းကို ရှောင်ကြဥ်ပါ။
လက်ရှိမှာတော့ ကုသရန်ဆေးဝါးဆိုပြီး မရှိသလို ကာကွယ်ဆေးလည်း မရှိသေးပါ။ ရောဂါဖြစ်လာတဲ့အခါ ရောဂါလက္ခဏာတွေကို သက်သာစေတဲ့ ဆေးဝါးတွေကို ညွှန်ကြားချက်အတိုင်း သောက်သုံးပေးနိုင်ပါတယ်။ ကိုယ်ခံအားကောင်းအောင်နေထိုင်ပြီး ကာကွယ်ရန်နည်းလမ်းတွေကိုသာ စနစ်တကျလိုက်နာမယ်ဆိုရင် ရောဂါပိုးကူးစက်ခံရခြင်းမှ အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။
Ref: CDC,NDTV