ကျန်းမာရေးအတွက် အကျင့်ဆိုးများ
ကျွနု်ပ်တို့ အများစုမှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အလေ့အကျင့်တွေကို သတိမထားမိဘဲ နေ့စဉ် ပြုလုပ်လေ့ရှိတဲ့အကျင့်တွေ ရှိနေပါတယ်။ ဘယ်သူကမှ နေ့တစ်နေ့ကို မကျန်းမမာဖြစ်စေပြီး မစတင်ချင်ကြပါဘူး။ ဒီအတွက် အများစုက လေ့ကျင့်ခန်း လုပ်ကြတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ကြတယ်၊ ပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စည်းမျည်းစည်းကမ်းတွေကို လေ့လာလိုက်စားကြပါတယ်။ ဒါပေမဲ့လည်း တစ်ခါတလေတော့ ကောင်းဖို့လုပ်ပေမယ့် ကျန်းမာရေးအတွက် အန္တရာယ်ရှိတာမျိုးလည်း ရှိပါတယ်။ ဒီတော့ အောက်ပါအချက်တွေ လုပ်မိနေတယ်လို့ ကိုယ့်ကိုယ်သိရင် ပြောင်းလဲဖို့ အချိန်တန်ပါပြီ။
♦ အသုပ်ဆိုင်များမှ အသုပ်များ
ဂေါ်ဖီ၊ ဆလတ်ရွက်၊ မုန်လာဥ စတဲ့ အာဟာရ ပြည့်ဝတဲ့အစားအစာတွေ စားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသုပ်တွေစားဖို့ ရွေးချယ်ကြပါတယ်။ အမှန်တကယ်တော့ အသုပ်ဘားအများစုမှာ ရှိတဲ့ အဆီများတဲ့ အစားအစာတွေဖြစ်တဲ့ ခရင်မ်ပြည့်ဝသော အာလူးသုပ်များ၊ ဆီတွေ ဆော့တွေ စိမ့်ဝင်အောင် လုပ်ထားတဲ့ အရွက်သုပ်တွေ စတာတွေက ဘာဂါ စားတာထက်တောင် ပိုပြီးဆိုးသွားစေပါတယ်။
♦ အထိုင်များခြင်း
လူတိုင်းက လေ့ကျင့်ခန်းလုပ်ဖို့ အရေးကြီးတာနဲ့ လေ့ကျင့်ခန်းမလုပ်ရင် ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေးပြဿနာတွေအကြောင်းကို သိကြပါတယ်။ ဒါပေမဲ့ အထိုင်များခြင်းက ဘယ်လောက် ဆိုးတယ်ဆိုတာကို သေချာမသိကြပါဘူး။ လေ့လာမှုတွေအရ မကြာခဏထိုင်ခြင်းက နှလုံးရောဂါနှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်နို်င်ခြေများခြင်း၊ စိတ်ကျန်းမာရေး လျော့ကျလာခြင်းတွေနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိရပါတယ်။
လေ့ကျင့်ခန်း ပုံမှန်လုပ်နေပေမယ့်လည်း နေ့ဘက်တွေမှာ အထိုင် များနေတယ်ဆိုရင်လည်း ကျန်းမာရေးပြဿနာတွေ ဖြစ်နို်င်ခြေ များတုန်းပါပဲ။ ကျွမ်းကျင်သူတွေက အထိုင်များခြင်းကို ဆေးလိပ်သောက်နည်းသစ်လို့တောင်မှ သမုတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အထိုင်များတဲ့သူတွေက ဆေးလိပ်သောက်သူတွေလိုပဲ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ဒီတော့ အလုပ်မှာ ထိုင်ဖို့ လိုတယ်ဆိုရင်တောင် တတ်နိုင်သမျှ မတ်တပ်ရပ်ဖို့ ကြိုးစားပါ။ ထိုင်တာနဲ့စာရင် မတ်တပ်ရပ်တာက တစ်နာရီကို 20 ကယ်လိုရီ အပိုလောင်ကျွမ်းစေပါတယ်။ ဒါကြောင့် မတ်တပ်ရပ်ပြီး မကြာခဏ လှုပ်ရှားမှုလုပ်ဖို့ လမ်းလျှောက်ဖို့ ကြိုးစားပေးပါ။ ကော်ဖီသောက်ရင် ဆွေးနွေးမယ့်အစား လမ်းလျှောက်ပြီး ဆွေးနွေးပါ။ နေ့လယ်စာ စားချိန်တွေမှာ လမ်းလျှောက်ပါ။ နေ့တိုင်း လှေကားထစ် အနည်းငယ်တက်ပါ။
♦ Skinny ဂျင်းများ ဝတ်ခြင်း
တင်းကျပ်တဲ့ ဒီဘောင်းဘီတွေက ကြည့်လို့ကောင်းစေပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ဒီတင်းကျပ်တဲ့ ဂျင်းဘောင်းဘီတွေက ဆောင့်ကြောင့်ထိုင်တဲ့အခါမှာ အာရုံကြောတွေ အများကြီးရှိတဲ့ ဒူးခေါင်းအောင်နေရာကို ဖိအားတွေ သက်ရောက်စေပါတယ်။ ဒီဖိအားတွေကြောင့် ခြေထောက်အောက်ပိုင်းတွေ ထုံကျဉ်မှုဖြစ်စေပြီး ဆေးရုံတက်ရတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆောင့်ကြောင့်ထိုင်ဖို့၊ ထိုင်ဖို့ အများကြီး လိုတယ်ဆိုရင် တင်းကျပ်လွန်းတဲ့ဘောင်းဘီတွေ မဝတ်ပါနဲ့လို့ ဆရာဝန်က အကြံပေးထားပါတယ်။
♦ လက်သည်း ကိုက်ခြင်း
လက်သည်း ကိုက်လိုက်ခြင်းအားဖြင့် လက်က တစ်နေ့လုံး နေရာမျိုးစုံ ထိတွေ့ထားတာတွေကို ပါးစပ်ထဲမှာ အဆုံးသတ်လို်က်တဲ့ သဘောပါပဲ။ လက် ပုံမှန်ဆေးကြောတယ် ဆိုရင်တောင် အများစုက လက်သည်းအောက်ကို သေချာဆေးကြောမှု မရှိတဲ့အတွက် ဘက်တီးရီးယားပိုးတွေက လက်သည်းအောက်မှာ အများကြီး ခိုအောင်းနေနိုင်ပါတယ်။
♦ နှာချေချင်တာကို ချုပ်တည်းထားခြင်း
နှာချေချင်တာကို မချေဘဲ ချုပ်ထားတဲ့အခါမှာ ခေါင်းက ပေါက်ကွဲထွက်မတတ် ခံစားရနိုင်ပါတယ်။ နှာချေတဲ့အခါမှာ နှာချေလိုက်တဲ့အရှိန်က တစ်နာရီကို မိုင် 100 နှုန်းလောက် ရှိတဲ့အတွက် ဒါကိုမချေဘဲနဲ့ ရပ်တန့်ခံလိုက်ရတဲ့အခါမှာ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။
နှာနုရိုးကျိုးခြင်း၊ နှာခေါင်း သွေးယိုခြင်းတွေအပြင် မျက်ကြည်လွှာ ကွာထွက်သွားတာမျိုးတောင်မှ ဖြစ်ဖူးပါတယ်။ ဒီတော့ နှာချေတာကို ချုပ်တည်းထားရမယ့် အခြေအနေမျိုး ရင်ဆိုင်ရရင် အသံတိုးသွားစေဖို့ အဝတ်နဲ့ဖြစ်ဖြစ် အုပ်ပြီး ချေလိုက်ပါ။
♦ မျက်ကပ်မှန် တပ်ဆင်မှု များခြင်း
မျက်ကပ်မှန် မကြာခဏ တပ်ဆင်ခြင်းကလည်း မကောင်းပါဘူး။ မျက်လုံးပေါ်မှာ မှန်ဘီလူး တပ်ဆင်ထားခြင်းကြောင့် မျက်လုံးတစ်သျှူးတွေကို အောက်ဆီဂျင်ရဖို့ ပိတ်ဆို့ထားပါတယ်။ ဒါက ကောင်းတဲ့အချက် မဟုတ်ပါဘူး။ မျက်ကပ်မှန် မကြာခဏတပ်ခြင်းကြောင့် မျက်ကြည်လွှာ နာကျင်ခြင်း၊ ခြောက်သွေ့ခြင်းတွေအပြင် ထိခိုက်မှုတွေပါ ဖြစ်စေနိုင်ပါတယ်။ မျက်ကပ်မှန်ကို နညး်နည်းပဲတပ်ပြီး မျက်မှန်ပို တပ်ခြင်းအားဖြင့် မျက်လုံးကို အနားပေးလိုက်ပါ။
♦ အဝတ်လျှော်စက််ကို သန့်ရှင်းရေး မလုပ်ခြင်း
အဝတ်လျှော်စက်တွေမှာ ဘက်တီးရီးယားပိုးတွေ ပြည့်နေပြီး အဝတ်စိုတွေဆီကိုရောက်ကာ ဒီကမှတစ်ဆင့် ကျွနု်တို့ရဲ့ခန္ဓာကိုယ်တွေပေါ်ကို ရောက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ A, Norovirus, Rotavirus, Salmonella စတဲ့ ပိုးတွေက အဝတ်လျှော်စက်မှာ ကပ်ငြိနေနိုင်ပါတယ်။ ဒီပိုးတွေကို ဖယ်ရှားချင်တယ်ဆိုရင် အဝတ်လျှော်စက်ကို အစွန်းချွတ်ဆေးနဲ့ ရေပူသုံးပြီး ဆေးကြောပေးပါ။ ပုံမှန်ဆပ်ပြာမှုန့်တွေက ဒီပိုးတွေကို မနိုင်ပါဘူး။ အစွန်းချွတ်ဆေး မဟုတ်ရင် Peroxide ပါတဲ့ Clorox 2 ကို သုံးပါ။ ရေနဲ့ အစွန်းချွတ်ဆေး သုံးပြီး အဝတ်လျှော်စက်ကို ပုံမှန်ဆေးကြောပေးပါ။ သဘာဝနည်းအတိုင်း ပိုးသေစေဖို့အတွက် အဝတ်တွေကို နေပူပူမှာ လှန်းပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)















