/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကြက်သီးထရခြင်း-အကြောင်းရင်းများ

ကြက်သီးထရခြင်း အကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ရာသီဥတုအေးရင်ဘဲဖြစ်ဖြစ်၊ ခံစားချက်တစ်ခုခုကြောင့်ဘဲဖြစ်ဖြစ် ကြက်သီးထလေ့ရှိပါတယ်။

          တကယ်တော့ ကြက်သီးထတယ်ဆို်တာ တိရစၧာန်တွေမှာတော့ အသုံးဝင်တဲ့ ခန္ဓာကိုယ်တုန့်ပြန်မှု တစ်ခုဖြစ်ပေမယ့် လူသားတွေအတွက်ကတော့ အသုံးမဝင်လှပါဘူး။ ကြက်သီးထတယ်ဆိုတာ ကြက်တွေကို အမွှေးနှုတ်လိုက်တဲ့အချိန်မှာတွေ့ရသလိုမျိုး အရေပြားမှာအသီးလေးတွေဖြစ်လာတာပါ။

          အမွှေးတစ်ခုချင်းစီမှာရှိတဲ့ ကြွက်သားသေးသေးလေးတွေကျုံ့သွားတဲ့အခါမှာ အရေပြားမှာ အချိုင့်လေးတွေဖြစ်သွားစေပြီး အချိုင့်ပတ်လည်နေရာလေးတွေက ဖုထွက်လာကာ အသီးအဖုလေးတွေ အဖြစ် မြင်ရခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ကအအေးကိုခံစားရချိန်တိုင်း ဒီကြွက်သားလေးတွေကကျုံ့ပြီး အမွှေးတွေထောင်လာပါတယ်။ တိရစၧာန်တွေမှာတော့ ဒီလိုအချိန်မှာ အမွှေးတွေထောင်ပြီးထူလာတဲ့အတွက် အနွေးဓာတ်ရစေပါတယ်။ အမွှေးထူလေလေ ပိုနွေးလေလေပါပဲ။ လူတွေကတော့ အမွှေးသိပ်မရှိတဲ့အတွက် အသုံးမဝင်ပါဘူး။

          တိရစၧာန်တွေမှာဆိုရင် အေးတဲ့အချိန်အပြင် ထိတ်လန့်စရာကြုံတွေ့ရချိန်မှာလည်း အမွှေးတွေထောင် လာပါတယ်။ (ဥပမာ - ကြောင်ကိုခွေးလိုက်ခံရတဲ့အခါ) ဒီအချိန်မှာ အမွှေးတွေထောင်၊ ကျောကုန်း ကုန်းထားတဲ့အခါ ကြောင်ကိုပိုကြီးတယ်လို့ထင်ရစေပါတယ်။

          လူတွေမှာလည်း မင်္ဂလာဆောင်မှာလျှောက်လမ်းပေါ်လျှောက်နေရချိန်၊ ထိတ်လန့်ဖွယ် ဇာတ်လမ်းတွေကြည့်နေရချိန် စသဖြင့် ခံစားချက်ပြင်းထန်တဲ့အချိန်တွေမှာ ကြက်သီးထလေ့ရှိကြပါတယ်။ တစ်ခါတလေမှာ ဟိုးအရင်ကကြည်နူးစရာဖြစ်ရပ်တစ်ခုခုကို ပြန်တွေးမိရင်တောင် ကြက်သီးထကြပါတယ်။

          ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ adrenaline ဆိုတဲ့ ဟော်မုန်းထွက် လာခြင်းကြောင့်ဖြစ်ပါတယ်။ Adrenaline ဟော်မုန်းကို ကျောက်ကပ်အပေါ်မှာရှိတဲ့ ပဲစေ့ပုံစံဂလင်းနှစ်ခုကထုတ်ပေးပြီး လူတွေရဲ့ခန္ဓာကိုယ်တုန့်ပြန်မှုအမျိုးမျိုးကို ထိန်းချုပ်ပါတယ်။

          တိရိစၧာန်တွေမှာတော့ အေးတဲ့အချိန် (သို့) အသက်အန္တရာယ်နဲ့ကြုံတွေ့ရချိန်မှာ ဒီဟော်မုန်း ထွက်လေ့ရှိပါတယ်။ လူတွေမှာလည်း ကြောက်ရင်ပဲဖြစ်ဖြစ်၊ အေးရင်ပဲဖြစ်ဖြစ်၊ စိတ်ခံစားမှုပြင်းထန်ရင်ပဲဖြစ်ဖြစ်၊ ဒီဟော်မုန်းထွက်လာပါတယ်။ Adrenaline ဟော်မုန်းထွက်လာခြင်းရဲ့ အခြားလက္ခဏာတွေကတော့ မျက်ရည်ကျခြင်း၊ လက်ဖဝါးတွင်ချေွးများထွက်လာခြင်း၊ လက်တုန်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ တလှပ်လှပ်ဖြစ်ခြင်းတို့ ဖြစ်ကြပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com