ကြံကြံဖန်ဖန် သွားကြားထိုးတံကို မျိုချမိလို့ ...
အားကစားသမား ငယ်ငယ်ချောချောခန့်ခန့်လေး တစ်ယောက်ပာာ စားရင်းသောက်ရင်း သွားကြားထိုးတံ အသေးစားလေးတစ်ချောင်းကို မတော်တဆ မျိုချမိပြီး ဒုက္ခနဲ့လှလှရောက်ခဲ့ရတဲ့ အဖြစ်မျိုး ရှိဖူးပါသတဲ့။
၁၈ နှစ်အရွယ် ခန့်ချောလေးဟာ ခရီးထွက်နေရင်း ရုတ်တရက် ဖျားတာ၊ ဗိုက်နာတာ၊ ဝမ်းလျှောတာတွေ ကြုံရပြီး ဆေးရုံပြဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရောဂါ ဘာမှထွေထွေထူးထူး မတွေ့ရတဲ့အတွက် ထိုးဆေး၊ စားဆေးတွေနဲ့ပဲ ပြန်လာခဲ့ပါတယ်။ သွေးစစ်၊ ဆီးစစ်ခဲ့ပေမယ့် ဘာမှထွေထွေထူးထူး မတွေ့ရှိရပါ။
နောက်တစ်ခေါက်ကျတော့ သူဟာ ဗိုက်နာ၊ ခါးနာပြီး သွေးဝမ်းလျှောတာတွေ ကြုံအပြီး ဆေးရုံ ပြန်ရောက်လာခဲ့ပြန်ပါတယ်။ ဒီတခါတော့ ဓာတ်မှန်မှာ အူထဲတစ်နေရာက စိမ့်ထွက်နေတဲ့ လေနဲ့ အရည်တွေကို တွေ့ရှိခဲ့ရပါတယ်။
ဆရာဝန်တွေဟာ အူမကြီးမှန်ပြောင်းကြည့်ဖို့ စီစဉ်နေစဉ်မှာပဲ သူဟာ ရုတ်တရက် အခြေအနေ ဆိုးဝါးလာပြီး ချမ်းတုန်လာကာ အပြင်းအထန် သွေးဝမ်းသွားပါတော့တယ်။
သို့ပေမယ့် ဆရာဝန်တွေဟာ အခြေအနေကို ထိန်းချုပ်နိုင်လိုက်ပြီး အူမကြီးမှန်ပြောင်း ဆက်ကြည့်စစ်ဆေးမှုကို အမြန်လုပ်ဆောင်ပါတော့တယ်။
အူမကြီးမှန်ပြောင်း စစ်ဆေးချက်မှာတော့ အူထဲမှာ ထိုးဖောက်နေတဲ့ သွားကြားထိုးတံကို တွေ့ရှိခဲ့ရပါတယ်။ သွားကြားထိုးတံဟာ အူကို ထိုးဖောက်သွားပြီး သွေးကြောကို ထပ်ဖောက်ကာ လူနာကို အပြင်းအထန် ဝေဒနာခံစားစေတာ ဖြစ်ပါတယ်။ အူမကြီးမှန်ပြောင်း အကူအညီနဲ့ သွားကြားထိုးတံကို ဖယ်ရှားလိုက်ပြီးနောက် လူကို ခွဲစိတ်ခန်းကို ချက်ချင်းပို့ဆောင်ကာ သွားကြားထိုးတံအပေါက်ကို အရေးပေါ် ခွဲစိတ် ဖာထေးလိုက်ရပါတယ်။
လူနာဟာ အနာကနေတစ်ဆင့် ပိုးဝင်ကာ သွေးဆိပ်တက်ဝေဒနာအထိ ဆင့်ပွားခံစားခဲ့ရပြီး သေမင်းခံတွင်းဝ ရောက်လုဆဲဆဲထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
လူနာဟာ ဘယ်တုန်းကနေ ဘယ်လို သွားကြားထိုးတံ ဗိုက်ထဲရောက်သွားတယ်ဆိုတာ မမှတ်မိ၊ မသိရှိနိုင်ခဲ့တဲ့အတွက် ဆရာဝန်တွေအနေနဲ့ အတော့်ကို နားလည်ရခက်တဲ့ အခြေအနေကို ကြုံတွေ့ကုသခဲ့ရတယ်လို့ ဆိုရမှာပါ။
၂၀၁၄ တုန်းကဆို ဂျာမနီမှာ လူပေါင်း ၁၃၆ ယောက်ဟာ သွားကြားထိုးတံတွေ မတော်တဆ မျိုချမိပြီး ဆေးရုံရောက်ခဲ့ကြပါတယ်။ နောက်ပြဿနာက အာထရာဆောင်းတွေ၊ ဓာတ်မှန်တွေမှာ သွားကြားထိုးတံကို မြင်ရဖို့ အတော်ခက်ခဲပါတယ်။
အခုလူနာကတော့ ကံကောင်းထောက်မစွာ အသက်ရှင်သွားပြီး ဆေးရုံမှာ ဆယ်ရက်လောက် တင်ထားခဲ့ရပါတယ်။ အခုတော့ နေကောင်း ကျန်းမာလာပြီး အားကစားတွေတောင် ပြန်လုပ်နေပြီလို့ သိရပါတယ်။
ကဲ ... စားချင်တာစား ဝါးချင်ရာဝါး ... သွားကြားထိုးတံတော့ မျိုမချမိစေနဲ့နော် ...
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















