/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေထောက်သွေးပြန်ကြောအားနည်းလို့-ခြေထောက်သွေးကြောထုံးတာဟာ

ခြေထောက်သွေးပြန်ကြောအားနည်းလို့ ခြေထောက်သွေးကြောထုံးတာဟာ အလှပျက်ရုံလောက်ပဲ ဆိုးကျိုးရှိတာလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီက သွေးတွေကို သွေးပြန်ကြောကနေတစ်ဆင့် နှလုံးဆီကို ပြန်ပို့ပေးပါတယ်။ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေဟာ  ခြေထောက်ကသွေးတွေ နှလုံးဆီပို့နေတဲ့အချိန်မှာ သွေးတွေအောက်ပြန်မဆင်းစေဖို့ကို တာဝန်ယူဆောင်ရွက်ပေးပါတယ်။

ခြေထောက်သွေးပြန်ကြောနံရံ (သို့) ခြေထောက်သွေးပြန်ကြောထဲမှာရှိတဲ့ အဆို့ရှင်တွေ ပျက်စီးပြီး ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ နှလုံးဆီကို သွေးကောင်းကောင်းမပို့နိုင်တော့ပဲ သွေးတွေဟာ ခြေထောက်သွေးပြန်ကြောထဲမှာ အိုင်လာပါတယ်။ အောက်ဆီဂျင်မပါတဲ့သွေးတွေဖြစ်တာကြောင့် အရေပြားအောက်မှာရှိတဲ့ အပေါ်ယံသွေးပြန်ကြောတွေဟာ အပြာရောင် (သို့) ခရမ်းရောင်သွေးကြောအဖြစ် ဖောင်းပြီးတွန့်လိမ်လာပါတယ်။ ဒီအခြေအနေကို ခြေထောက်သွေးကြောထုံးတယ်လို့ ခေါ်တာပါ။

အများစုက ဒီလိုခြေထောက်သွေးကြောထုံးတာဟာ အလှပျက်ရုံလောက်ပဲဖြစ်ပြီး တခြားဘာအန္တရာယ်မှ မပေးနိုင်ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်က အဲ့လိုမဟုတ်ပါဘူး။ ခြေထောက်သွေးကြောထုံးတယ်ဆိုတာ ခြေထောက်သွေးပြန်ကြောအားနည်းရောဂါကြောင့် ဖြစ်တာပါ။ ရောဂါပြင်းထန်လာတာနဲ့အမျှ ရောဂါလက္ခဏာတွေဟာ ပိုပိုဆိုးလာပါတယ်။ အကယ်၍ မကုသဘဲထားခဲ့ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ပြင်းထန်လာပြီး နောက်ဆုံးမှာ ခြေထောက်ဖြတ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။

Daflon IA 1

>>  ခြေထောက်သွေးကြောထုံးခြင်းဟာ ဘယ်လိုလူတွေမှာ  ဖြစ်နိုင်သလဲ?
ခြေထောက်သွေးကြောထုံးတာဟာ အမျိုးသမီးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် အကယ်၍ မိမိဟာ မိသားစုဝင်ထဲမှာ ခြေထောက်သွေးကြောထုံးတဲ့ ရောဂါရာဇဝင်ရှိသူ၊ အဝလွန်သူ၊ ကိုယ်ဝန်ဆောင်ထားသူ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊ ဆေးလိပ်သောက်သူ၊ အချိန်အကြာကြီး မတ်တပ်ရပ် (သို့) ထိုင်နေရတဲ့သူ၊ အသက်  ၅၀ နှစ်နှင့်အထက်ရှိသူ ဖြစ်ခဲ့မယ်ဆိုရင်တော့ တခြားသူတွေထက်စာရင် ခြေထောက်သွေးကြောထုံးနိုင်ချေ ပိုများတာကို သတိပြုသင့်ပါတယ်။

>>  ခြေထောက်သွေးပြန်ကြောအားနည်းရောဂါမှာ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်သလဲ?
ခြေထောက်သွေးပြန်ကြော အားနည်းနေပြီ ဆိုရင်တော့ခြေထောက်တွေ ကိုက်ခဲနာကျင်ပြီး ညောင်းညာလာမယ်။  အချိန်အကြာကြီး မတ်တပ်ရပ်ပြီးတဲ့အခါမှာ ခြေထောက် လေးလံလာတာမျိုး၊ ခြေချင်းဝတ်နဲ့ ခြေထောက်တွေ ဖောရောင်လာတာမျိုးတွေ ဖြစ်လာမယ်။ ခြေထောက်သွေးကြော ထုံးလာမယ်။ ခြေထောက်အရေပြားဟာ သားရေပြားလိုဖြစ်လာပြီး အဖတ်အဖတ်တွေဖြစ်ကာ အရေခွံကွာလာမယ်။ အရေပြားယားယံလာပြီး ခြေထောက်မှာ အနာတွေ ဖြစ်လာနိုင်ပါတယ်။

Daflon IA 2

>>  ဘာနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်သလဲ?
ကုသမှုမခံယူခဲ့ရင် သွေးကြောထုံးရာကနေ အနာဖြစ်ခြင်း၊ သွေးထွက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ သွေးကြောထုံးထဲကသွေးတွေက မစီးဆင်းဘဲအိုင်နေတာကြောင့် အချိန်ကြာလာတဲ့အခါ သွေးခဲဖြစ်လာနိုင်ပါတယ်။ သွေးခဲကြောင့် ခြေထောက်မှာရှိတဲ့  အပေါ်ယံသွေးပြန်ကြောတွေ ရောင်ရမ်းလာပြီး နာကျင်မှုကို ခံစားရမှာပါ။ ခြေထောက်သွေးကြောထုံးတဲ့သူတွေဟာ ခြေထောက် အပေါ်ယံသွေးပြန်ကြောမှာသာမက အတွင်းနက်နက် သွေးပြန်ကြောမှာလည်း သွေးခဲဖြစ်ပေါ်နိုင်ချေ ရှိပါတယ်။ အတွင်းနက်နက်သွေးပြန်ကြောမှာ သွေးခဲဖြစ်ပြီဆိုရင်တော့ သွေးခဲပြုတ်ထွက်ပြီး အဆုတ်သွေးကြောကို သွားပိတ်နိုင်တာကြောင့် အချိန်မရွေး အသက်အန္တရာယ် ရှိနိုင်ပါတယ်။

>>  ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ?
ခြေထောက်သွေးကြောထုံးတာပဲရှိပြီး ကျန်တဲ့ဘာလက္ခဏာမှ မခံစားရဘူးဆိုရင်တောင် စမ်းသပ်စစ်ဆေးဖို့အတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အကယ်၍ သွေးကြောထုံးတာတစ်ခုတည်း မဟုတ်တော့ဘဲ သွေးထွက်ခြင်း၊ အပေါ်ယံအရေပြား အရောင်ပြောင်းလာခြင်း၊ အပေါ်ယံအရေပြား နီရဲပြီး ကိုင်ကြည့်တဲ့အခါ ပူနွေးနေခြင်း၊ အထိမခံနိုင်အောင် နာကျင်ခြင်း၊ ခြေထောက်ဖောရောင်လာခြင်းတွေ ရှိလာခဲ့ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)