ခြေမ နာရင် မပေါ့ပါနဲ့
ခြေမရဲ့အရေးပါပုံကို တော်တော်များများက ပေါ့သေးသေးအောက်မေ့ကြပါတယ်။ ဒါပေမဲ့ ခြေမ နာနေလာပြီဆိုရင် လမ်းလျှောက်မရ၊ ထိုင်မရပြုမရ၊ အိပ်မရ ဖြစ်လာတတ်တာကို သတိထားဖို့ လိုတယ်နော်။
ခြေဆစ်ရောင်တဲ့အခါ ခြေမရဲ့အောက်ခြေဖြစ်တဲ့ ခြေဆစ်အဆက်အရိုးနေရာမှာ ရောင်လေ့ရှိပါတယ်။ ဒီအခါမှာ လမ်းတစ်လှမ်းလျှောက်တိုင်း ကိုယ်ခန္ဓာအလေးချိန်ရဲ့ ၅၀% ကို ထိန်းထားပေးရတဲ့ ခြေမလေးအတွက် ပြဿနာဖြစ်ပြီပေါ့။
>> ဒီလို ခြေမ နာရတဲ့အကြောင်းရင်းတွေကတော့ -
၁။ အရိုးကျီးပေါင်း
ခြေမဆိုတာ အရိုးအဆစ် အမြစ်ရောင်ရမ်းခြင်းကို အဓိကခံရတဲ့နေရာ ဖြစ်ပါတယ်။ နာကျင်၊ ရောင်ရမ်း၊ တောင့်တင်း (အထူးသဖြင့် မနက်ခင်းအိပ်ရာနိုးချိန်) စတဲ့ လက္ခဏာတွေနဲ့ လာတတ်ပါတယ်။
၂။ အဆစ်အမြစ် လေးဖက်နာ
ဒီရောဂါဟာ ကိုယ်ခံစွမ်းအား ကမောက်ကမဖြစ်ပြီး ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်တိုက်နေတတ်တဲ့ရောဂါတစ်မျိုးပါ။ အဆစ်အမြစ် လေးဖက်နာရောဂါမှာ အဆစ်အမြစ် အကာအရံတွေကို တိုက်ခိုက်တဲ့အတွက် ရောင်ရမ်းပြီး နာကျင်တာတွေ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် ခြေ၊ လက်တွေမှာပေါ့။ ဘေးတစ်သျှူးတွေကိုပါ ထိခိုက်လာတဲ့အခါ ခြေချောင်းတွေအတွင်းကို ကုတ်လာပြီး ပုံမမှန် ဖြစ်လာတတ်ပါတယ်။
၃။ Hallus rigidus လို့ခေါ်တဲ့ ခြေမ တောင့်တင်းရောဂါ
အသက် ၅၀ ကျော်သူ အယောက် ၄၀ မှာ တစ်ယောက်ဖြစ်တတ်ပြီး ကြာလာတာနဲ့အမျှ တောင့်တင်းနာကျင်ပြီး ကွေးမရ၊ လမ်းလျှောက်မရ ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ အရိုးကျီးပေါင်း၊ အဆစ်အမြစ်လေးဖက်နာ၊ အသုံးများခြင်းနဲ့ ထိခိုက်ဒဏ်ရာတွေကြောင့် ဖြစ်လာနိုင်ပါတယ်။
၄။ ခြေမဆစ် ချော်ထွက်ခြင်း
အကယ်၍ ခြေမအောက်ခြေနားက ကြီးလာပြီး နာကျင်နေတယ်ဆိုရင် ခြေမဆစ် ချော်ထွက်တာ ဖြစ်နိုင်ပါတယ်။ အဆစ်လွဲလာတဲ့အခါ ခြေမဟာ ခြေညှိုးနားကပ်လာတာ၊ ခြေညှိုးအောက်ဝင်သွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဖိနပ်အကြပ်စီးတာကြောင့် ဖြစ်လေ့ရှိ၊ ရှိပြီးသားကလည်း ပိုဆိုးလာတတ်ပါတယ်။
Alaxan IA (1)
၅။ အရိုးအတက်ထွက်ခြင်း
အရိုးအခြေနားကနေ အရိုးသေးသေးချွန်ချွန်လေး စူထွက်နေတာကို အရိုးအတက်ထွက်တယ်လို့ ဆိုပါတယ်။ အရိုးကျီးပေါင်းတို့၊ ထိခိုက်ဒဏ်ရာတို့ကြောင့် အရိုးအချင်းချင်း ပွတ်တိုက်မိတတ်ပါတယ်။ ဒီလိုပွတ်တိုက်တဲ့အခါ အရိုးကို ပြန်လည်ပြုပြင်လိုစောနဲ့ အရိုးအသစ်တွေ ထပ်ထုတ်တဲ့အခါ ဖြစ်တတ်ပါတယ်။ နာတာ၊ ထုံကျဉ်တာတွေ ဖြစ်တတ်ပေမယ့် ရောဂါလက္ခဏာဟာ လူတိုင်းမှာတော့ ရှိမနေတတ်ပါဘူး။ အရိုးအတက်ကြောင့် ခြေမကို ကွေးမရတဲ့အခါ အပေါ်မှာပြောခဲ့တဲ့ ခြေမ တောင့်တင်းတဲ့ရောဂါ ဖြစ်လာပါတော့တယ်။
၆။ ဂေါက်လေးဖက်နာရောဂါ
ဂေါက်ရောဂါဆိုတာ ယူရစ်အက်ဆစ်ပုံဆောင်ခဲလေးတွေ အဆစ်အမြစ်မှာလာပုံပြီး ရောင်ရမ်းတဲ့ ရောဂါတစ်မျိုးပါ။ ခြေမမှာ အများဆုံးဖြစ်တတ်ပြီး တံတောင်ဆစ်၊ ဒူးဆစ်၊ လက်ကောက်ဝတ်၊ ခြေချင်းဝတ် စတာတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဂေါက်ရောဂါထရင် ရုတ်တရက် ညလယ်ခေါင်အိပ်နေရင်း ထထဖြစ်တတ်ပြီး ဆေးရုံကို ချက်ချင်းပြေးရလောက်အောင် ဆိုးတတ်ပါတယ်။ နောက်ပိုင်း ဒီလိုရောဂါထထမဖောက်အောင် သွေးတွင်းယူရစ်အက်ဆစ်ပမာဏ လျှော့ချပေးတဲ့ဆေးတွေ သောက်ပေးသင့်ပါတယ်။ မျိုးရိုးဗီဇ၊ အဝလွန်ခြင်း၊ ဆီးဆေးသောက်ခြင်း စတာတွေဟာ ဂေါက်ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေပါပဲ။
>> ခြေမနာကျင်ခြင်းကို ကုသနည်း ၃ နည်း
အဆစ်အမြစ်လေးဖက်နာရောဂါ၊ ဂေါက်ရောဂါတွေကြောင့် ခြေမ နာကျင်ခဲ့ရင် အဆစ်အမြစ်အထူးကူဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။ ဒါ့အပြင် လုပ်နိုင်တဲ့အချက် ၃ ချက်ကတော့ -
၁။ ဖိနပ်
ဖိနပ် ရွေးချယ်တဲ့အခါ ခြေမကို ဖိအားသက်ရောက်မှုနည်းစေဖို့ ခြေခုံထူထူ၊ ခြေထိပ်ကျယ်ကျယ်ဖိနပ်တွေကို ရွေးချယ်ပေးပါ။ ဒေါက်ဖိနပ်တွေကို ဝေးဝေးမှာထားပါ။ ခြေမဆစ်လွဲခြင်းနဲ့ အသားမာတွေ၊ ကြွက်နို့တွေကို ပွတ်တိုက်မှုမဖြစ်စေရန် pad တစ်ခုခု ခံထားပေးပါ။
၂။ အကိုက်အခဲပျောက်ဆေး
ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးတွေ၊ အိုင်ဗျူပရိုဖန်လို အရောင်ကျဆေးတွေ ဝယ်သောက်နိုင်ပါတယ်။
၃။ ရေခဲကပ်ပါ။
မိနစ် ၂၀ လောက် ရေခဲကပ်ပေးခြင်းအားဖြင့် နာကျင်ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ အပူကပ်ပေးလည်း ရပါတယ်။
ဒီနည်းလမ်းတွေနဲ့မှ မသက်သာဘူးဆိုရင်လည်း ဆရာဝန်က အဆစ်အမြစ်ထဲ စတီးရွိုက်ဆေး ထိုးပေးတာတို့၊ ခွဲစိတ်တဲ့နည်းတို့ကို သုံးနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Alaxan IA (2)
(Zawgyi)
ေျခမရဲ႕အေရးပါပုံကို ေတာ္ေတာ္မ်ားမ်ားက ေပါ့ေသးေသးေအာက္ေမ့ၾကပါတယ္။ ဒါေပမဲ့ ေျခမ နာေနလာၿပီဆိုရင္ လမ္းေလွ်ာက္မရ၊ ထိုင္မရျပဳမရ၊ အိပ္မရ ျဖစ္လာတတ္တာကို သတိထားဖို႔ လိုတယ္ေနာ္။
ေျခဆစ္ေရာင္တဲ့အခါ ေျခမရဲ႕ေအာက္ေျချဖစ္တဲ့ ေျခဆစ္အဆက္အ႐ိုးေနရာမွာ ေရာင္ေလ့ရွိပါတယ္။ ဒီအခါမွာ လမ္းတစ္လွမ္းေလွ်ာက္တိုင္း ကိုယ္ခႏၶာအေလးခ်ိန္ရဲ႕ ၅၀% ကို ထိန္းထားေပးရတဲ့ ေျခမေလးအတြက္ ျပႆနာျဖစ္ၿပီေပါ့။
>> ဒီလို ေျခမ နာရတဲ့အေၾကာင္းရင္းေတြကေတာ့ -
၁။ အ႐ိုးက်ီးေပါင္း
ေျခမဆိုတာ အ႐ိုးအဆစ္ အျမစ္ေရာင္ရမ္းျခင္းကို အဓိကခံရတဲ့ေနရာ ျဖစ္ပါတယ္။ နာက်င္၊ ေရာင္ရမ္း၊ ေတာင့္တင္း (အထူးသျဖင့္ မနက္ခင္းအိပ္ရာႏိုးခ်ိန္) စတဲ့ လကၡဏာေတြနဲ႔ လာတတ္ပါတယ္။
၂။ အဆစ္အျမစ္ ေလးဖက္နာ
ဒီေရာဂါဟာ ကိုယ္ခံစြမ္းအား ကေမာက္ကမျဖစ္ၿပီး ကိုယ့္ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ျပန္တိုက္ေနတတ္တဲ့ေရာဂါတစ္မ်ိဳးပါ။ အဆစ္အျမစ္ ေလးဖက္နာေရာဂါမွာ အဆစ္အျမစ္ အကာအရံေတြကို တိုက္ခိုက္တဲ့အတြက္ ေရာင္ရမ္းၿပီး နာက်င္တာေတြ ျဖစ္လာတတ္ပါတယ္။ အထူးသျဖင့္ ေျခ၊ လက္ေတြမွာေပါ့။ ေဘးတစ္သွ်ဴးေတြကိုပါ ထိခိုက္လာတဲ့အခါ ေျခေခ်ာင္းေတြအတြင္းကို ကုတ္လာၿပီး ပုံမမွန္ ျဖစ္လာတတ္ပါတယ္။
၃။ Hallus rigidus လို႔ေခၚတဲ့ ေျခမ ေတာင့္တင္းေရာဂါ
အသက္ ၅၀ ေက်ာ္သူ အေယာက္ ၄၀ မွာ တစ္ေယာက္ျဖစ္တတ္ၿပီး ၾကာလာတာနဲ႔အမွ် ေတာင့္တင္းနာက်င္ၿပီး ေကြးမရ၊ လမ္းေလွ်ာက္မရ ျဖစ္တတ္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ အ႐ိုးက်ီးေပါင္း၊ အဆစ္အျမစ္ေလးဖက္နာ၊ အသုံးမ်ားျခင္းနဲ႔ ထိခိုက္ဒဏ္ရာေတြေၾကာင့္ ျဖစ္လာႏိုင္ပါတယ္။
၄။ ေျခမဆစ္ ေခ်ာ္ထြက္ျခင္း
အကယ္၍ ေျခမေအာက္ေျခနားက ႀကီးလာၿပီး နာက်င္ေနတယ္ဆိုရင္ ေျခမဆစ္ ေခ်ာ္ထြက္တာ ျဖစ္ႏိုင္ပါတယ္။ အဆစ္လြဲလာတဲ့အခါ ေျခမဟာ ေျခညႇိဳးနားကပ္လာတာ၊ ေျခညႇိဳးေအာက္ဝင္သြားတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ ဖိနပ္အၾကပ္စီးတာေၾကာင့္ ျဖစ္ေလ့ရွိ၊ ရွိၿပီးသားကလည္း ပိုဆိုးလာတတ္ပါတယ္။
၅။ အ႐ိုးအတက္ထြက္ျခင္း
အ႐ိုးအေျခနားကေန အ႐ိုးေသးေသးခြၽန္ခြၽန္ေလး စူထြက္ေနတာကို အ႐ိုးအတက္ထြက္တယ္လို႔ ဆိုပါတယ္။ အ႐ိုးက်ီးေပါင္းတို႔၊ ထိခိုက္ဒဏ္ရာတို႔ေၾကာင့္ အ႐ိုးအခ်င္းခ်င္း ပြတ္တိုက္မိတတ္ပါတယ္။ ဒီလိုပြတ္တိုက္တဲ့အခါ အ႐ိုးကို ျပန္လည္ျပဳျပင္လိုေစာနဲ႔ အ႐ိုးအသစ္ေတြ ထပ္ထုတ္တဲ့အခါ ျဖစ္တတ္ပါတယ္။ နာတာ၊ ထုံက်ဥ္တာေတြ ျဖစ္တတ္ေပမယ့္ ေရာဂါလကၡဏာဟာ လူတိုင္းမွာေတာ့ ရွိမေနတတ္ပါဘူး။ အ႐ိုးအတက္ေၾကာင့္ ေျခမကို ေကြးမရတဲ့အခါ အေပၚမွာေျပာခဲ့တဲ့ ေျခမ ေတာင့္တင္းတဲ့ေရာဂါ ျဖစ္လာပါေတာ့တယ္။
၆။ ေဂါက္ေလးဖက္နာေရာဂါ
ေဂါက္ေရာဂါဆိုတာ ယူရစ္အက္ဆစ္ပုံေဆာင္ခဲေလးေတြ အဆစ္အျမစ္မွာလာပုံၿပီး ေရာင္ရမ္းတဲ့ ေရာဂါတစ္မ်ိဳးပါ။ ေျခမမွာ အမ်ားဆုံးျဖစ္တတ္ၿပီး တံေတာင္ဆစ္၊ ဒူးဆစ္၊ လက္ေကာက္ဝတ္၊ ေျခခ်င္းဝတ္ စတာေတြမွာလည္း ျဖစ္ႏိုင္ပါတယ္။ ေဂါက္ေရာဂါထရင္ ႐ုတ္တရက္ ညလယ္ေခါင္အိပ္ေနရင္း ထထျဖစ္တတ္ၿပီး ေဆး႐ုံကို ခ်က္ခ်င္းေျပးရေလာက္ေအာင္ ဆိုးတတ္ပါတယ္။ ေနာက္ပိုင္း ဒီလိုေရာဂါထထမေဖာက္ေအာင္ ေသြးတြင္းယူရစ္အက္ဆစ္ပမာဏ ေလွ်ာ့ခ်ေပးတဲ့ေဆးေတြ ေသာက္ေပးသင့္ပါတယ္။ မ်ိဳး႐ိုးဗီဇ၊ အဝလြန္ျခင္း၊ ဆီးေဆးေသာက္ျခင္း စတာေတြဟာ ေဂါက္ေရာဂါျဖစ္ေစႏိုင္တဲ့ အေၾကာင္းရင္းေတြပါပဲ။
>> ေျခမနာက်င္ျခင္းကို ကုသနည္း ၃ နည္း
အဆစ္အျမစ္ေလးဖက္နာေရာဂါ၊ ေဂါက္ေရာဂါေတြေၾကာင့္ ေျခမ နာက်င္ခဲ့ရင္ အဆစ္အျမစ္အထူးကူဆရာဝန္နဲ႔ ျပသဖို႔လိုပါတယ္။ ဒါ့အျပင္ လုပ္ႏိုင္တဲ့အခ်က္ ၃ ခ်က္ကေတာ့ -
၁။ ဖိနပ္
ဖိနပ္ ေရြးခ်ယ္တဲ့အခါ ေျခမကို ဖိအားသက္ေရာက္မႈနည္းေစဖို႔ ေျခခုံထူထူ၊ ေျခထိပ္က်ယ္က်ယ္ဖိနပ္ေတြကို ေရြးခ်ယ္ေပးပါ။ ေဒါက္ဖိနပ္ေတြကို ေဝးေဝးမွာထားပါ။ ေျခမဆစ္လြဲျခင္းနဲ႔ အသားမာေတြ၊ ႂကြက္ႏို႔ေတြကို ပြတ္တိုက္မႈမျဖစ္ေစရန္ pad တစ္ခုခု ခံထားေပးပါ။
၂။ အကိုက္အခဲေပ်ာက္ေဆး
ပါရာစီတေမာလို အကိုက္အခဲေပ်ာက္ေဆးေတြ၊ အိုင္ဗ်ဴပ႐ိုဖန္လို အေရာင္က်ေဆးေတြ ဝယ္ေသာက္ႏိုင္ပါတယ္။
၃။ ေရခဲကပ္ပါ။
မိနစ္ ၂၀ ေလာက္ ေရခဲကပ္ေပးျခင္းအားျဖင့္ နာက်င္ေရာင္ရမ္းတာေတြကို သက္သာေစႏိုင္ပါတယ္။ အပူကပ္ေပးလည္း ရပါတယ္။
ဒီနည္းလမ္းေတြနဲ႔မွ မသက္သာဘူးဆိုရင္လည္း ဆရာဝန္က အဆစ္အျမစ္ထဲ စတီး႐ြိဳက္ေဆး ထိုးေပးတာတို႔၊ ခြဲစိတ္တဲ့နည္းတို႔ကို သုံးႏိုင္ပါတယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)















