စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်ရဲ့ဒုက္ခများ
ကျွနု်ပ်တို့ရဲ့ အတွင်းစိတ်ထဲမှာ ခံစားနေရတာတွေက ထင်ထားတာထက် ပိုပြီး ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အကြောင်းရင်းရှာမရတဲ့ ရောဂါတွေဟာ စိတ်ဖိစီးမှုကြောင့်ဆိုတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှာ ပြတတ်တဲ့လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဖြစ်တယ်လို့ သိထားရင် အဖြေရှာနိုင်စေဖို့ပါ။
1. ပင်ပန်းနွမ်းနယ်ခြင်း
ကိုယ်တွင်းစနစ်တွေအပေါ်မှာ အမြဲဖိအားသက်ရောက်နေတဲ့အခါမှာ အချိန်တိုင်း ပင်ပန်းနွမ်းနယ်မှုကို ခံစားရစေပါတယ်။ စိတ်ဖိစီးမှုက ဒီပြဿနာကိုပဲ အချိန်တိုင်း ထပ်ခါထပ်ခါ ခေါင်းထဲရောက်နေတဲ့အတွက် အိပ်မပျော်လည်း ဖြစ်စေပါတယ်။ ဦးနှောက်က အဖြေကို ရဖို့အတွက် အချိန် ပိုပြီးအလုပ်လုပ်နေရလို့ ဖြစ်ပါတယ်။
2. သွားကြိတ်ခြင်း
သွားကြိတ််တာကတော့ စိတ်ဖိစီးမှုကြောင့် အိပ်ရေးပျက်တာနဲ့ ဆက်နွယ်နေပါတယ်။ အာရုံကြောတွေက အနားမရဘဲ အလုပ်လုပ်ရတဲ့အခါမှာ ပါးစပ်မှာ လာပြီး အလုပ်လုပ်စေပါတယ်။ သွားကြိတ်ခြင်းကြောင့် သွားပြဿနာတွေ ဖြစ်စေနိုင်သလို မေးရိုးတွေကိုလည်း နာကျင်စေပါတယ်။
3. ခေါင်းကိုက်ခြင်း
တင်းအားကြောင့် ခေါင်းကိုက်ခြင်းကလည်း စိတ်ဖိစီးမှုကြောင့်ပါ။ ခေါင်းတစ်ခြမ်းစီမှာ ဖိထားသလိုမျိုး ကိုက်နေပြီး ခေါင်းတစ်ခါ ကိုက်ရင် နာရီဝက်ကနေပြီး နာရီအနည်းငယ်အထိ ကြာတတ်ကာ လည်ပင်းနဲ့ ပခုံးများ တောင့်တင်းခြင်းနဲ့ တွဲပြီး ဖြစ်တတ်ပါတယ်။ ဒီလိုခေါင်းကိုက်တာမျိုးကို ပုံမှန်ခံစားရနေပြီ ဆိုရင်တော့ စိတ်ဖိစီးမှုတွေ ရှိနေလို့ ဖြစ်ပါတယ်။
4. မူးဝေခြင်း
မူးဝေခြင်းက စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဆက်စပ်နေပါတယ်။ အရမ်းပင်ပန်းလာတဲ့အခါမှာ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတွေကို ခံစားရလေ့ရှိပါတယ်။
5. အူပြဿနာများ
စိတ်ဖိစီးမှု ဖြစ်တဲ့အခါမှာ ဗိုက်အောင့်ခြင်း၊ ဗိုက်ကယ်ခြင်း၊ ဝမ်းပျက်ခြင်းနဲ့ ဝမ်းချုပ်ခြင်း စတာတွေကို ခံစားရပါတယ်။
6. ကာမဆက်ဆံလိုစိတ် မရှိခြင်း
စိတ်ဖိစီးတဲ့အခါမှာ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဟော်မုန်းတွေ ထွက်လာပြီး ဟော်မုန်းညီမျှမှုကို ထိခိုက်စေကာ ကာမဆက်ဆံလိုစိတ်မရှိ ဖြစ်စေနိုင်ပါတယ်။
7. အစား စားချင်စိတ် နည်းခြင်း (သို့) များခြင်း
ခဏတာ စိတ်ဖိစီးမှု ခံရချိန်မှာတော့ အစာစားချင်စိတ်မရှိ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အချိန်အတော်ကြာအောင် စိတ်ဖိစီးမှုတွေ ဖြစ်လာတဲ့အခါကျတော့ အစာစားချင်စိတ် (အထူးသဖြင့် ချိုပြီး ကစီဓာတ်များတဲ့ အစာများ) ပိုများစေတဲ့ cortisol လို့ခေါ်တဲ့ ဟော်မုန်းတွေ ထွက်လာစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကြောင့် အစား အသားကုန်စားကြခြင်း ဖြစ်ပါတယ်။
8. ဆံပင်ကျွတ်ခြင်း
စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်စေနိုင်တဲ့ အခြေအနေအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဆံပင်ကျွတ်တာ၊ ထိပ်ကွက်ထိပ်ပြောင်ဖြစ်တာက ကျန်းမာရေးကို မထိခိုက်စေနိုင်ပေမယ့် ဘဝအရည်အသွေးနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဆံပင်ကျွတ်ပုံကျွတ်နည်း အမျိုးမျိုး ရှိပါတယ်။ အချို့က ဆံပင် အများကြီး ရုတ်တရက် စကျွတ်ပြီး အချို့ကတော့ နေ့စဉ် ပုံမှန်ကျွတ်နေကျထက် ပိုပြီးကျွတ်လာပါတယ်။
9. နေမကောင်း ဖြစ်လွယ်ခြင်း
နေမကောင်း ဖြစ်လွယ်ခြင်း၊ ဒဏ်မခံနိုင်ခြင်း စတာတွေကလည်း စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအားစနစ် အားနည်းသွားလို့ ဖြစ်နိုင်ပါတယ်။
10. နှလုံးခုန်မြန်ခြင်း
စိတ်ဖိစီးမှု ဖြစ်တဲ့အခါမှာ သွေးစီးကြောင်းထဲကို ထွက်လာတဲ့ ဓာတုဓာတ်တွေက နှလုံးခုန် မြန်စေနိုင်သလို အသက်ရှူလည်း မြန်စေပါတယ်။
11. အာခြောက်ခြင်း
စိတ်ဖိစီးမှု ဖြစ်တဲ့အခါမှာ ဖြစ်တဲ့ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကြောင့် ပါးစပ်ထဲမှာ တံတွေးထွက်တာ နည်းသွားစေပြီး အစားအစာတွေ မျိုချရတဲ့အခါမှာ မသက်မသာ ခံစားရစေနိုင်သလို ဘက်တီးရီးယားပိုး ဝင်ခြင်း၊ မှိုစွဲခြင်း စတာတွေလည်း ဖြစ်စေနိုင်ပါတယ်။
ဒီလက္ခဏာတွေထဲက ဘယ်လက္ခဏာမဆို စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေပြီး ဒါတွေ ခံစားရပါက ကြိတ်ခံမနေပါနဲ့။ စိတ်ဖိစီးမှုကို လျော့ကျစေဖို့ နည်းလမ်းပေးနိုင်ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်ခြင်းကို ဆောင်ကြဉ်းပေးနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)















