ဆီးချိုသမားတွေ သရက်သီး စားလို့ရသလား
ဒီရာသီရောက်လာပြီဆိုရင် ချိုချိုမွှေးမွှေး ဝါထိန်ထိန် သရက်သီးဆိုတာ လူတိုင်းကြိုက်ကြ၊ စားကြ၊ နှစ်ခြိုက်ကြတဲ့ အစားအသောက်တစ်မျိုးပါ။ ဒါပေမဲ့ အချိုဓာတ်ကဲပြီး ကစီဓာတ်ပါဝင်မှုများလို့ ဆီးချိုသမားတွေနဲ့ တည့်၊ မတည့်ဆိုတာကတော့ ဆရာဝန်တွေနဲ့ အာဟာရပညာရှင်တွေရဲ့ အဆိုတွေကို ကြည့်ကြည့်ကြရအောင်။
Healing foods ဆိုတဲ့ စာအုပ်အဆိုအရ သရက်သီးမှာပါတဲ့ အင်ဇိုင်းက ပရိုတင်းတွေကို ဖြိုခွဲပေးပြီး အမျှင်ဓာတ်လည်းများလို့ အူမကြီးကင်ဆာနဲ့ နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။
လေ့လာမှုတွေအရဆိုရင်လည်း သရက်သီးဟာ သကြားဓာတ်များပေမယ့် အင်ဆူလင် တုံ့ပြန်မှုကိုကောင်းစေလို့ အချိုဓာတ်တောင် ထိန်းပေးသေးတယ်လို့ သိရပါတယ်။
အမေရိကန်ဆီးချိုအဖွဲ့အစည်းကတော့ သရက်သီးကို ဆီးချိုသမား စားလို့ရတဲ့ စာရင်းထဲမှာ ထည့်ထားပါတယ်။ ဒါပေမဲ့ တခြား အစေ့အဆံတို့၊ ကစီဓာတ်တို့၊ နို့ထွက်ပစ္စည်းတို့နဲ့ အလဲအလှယ် အစားထိုး စားပေးမှရမှာပါ။
>> ကျွမ်းကျင်သူတွေအဆို
● နယူးဒေလီက ကိုယ်အလေးချိန်ချဆေးခန်းက အာဟာရပညာရှင်ကတော့ ဆီးချိုကို ထိန်းဖို့ဆိုရင် ကစီဓာတ်နည်းတဲ့ အစားအသောက်တွေ စားပေးရမယ်လို့ ဆိုပါတယ်။ ကစီဓာတ် ၅ ဂရမ်တိုင်းက သွေးထဲအချိုဓာတ် ၁၀၀ ယူနစ် တက်စေတယ်လို့ ဆိုပါတယ်။ သရက်သီးမှာ ကစီဓာတ်တွေများလို့ သရက်သီး ၁၀၀ ဂရမ် စားပေးရင် ကစီဓာတ် ၂၀ ဂရမ် ရပါတယ်တဲ့။ ဆီးချိုသမားတစ်ယောက်အနေနဲ့ တစ်နေ့ကို ကစီဓာတ် ၁၀၀ ဂရမ်သာ စားပေးရမှာဖြစ်လို့ သရက်သီးစားချင်ရင် တခြားကစီဓာတ်တွေဖြစ်တဲ့ ဆန်တို့၊ ဂျုံတို့ကို လျှော့စားရပါမယ်။
● နောက်ထပ်အာဟာရပညာရှင်တစ်ဦးဖြစ်တဲ့ Dr. Anju Sood က ဘယ်အစားအသောက်မဆို မျှမျှတတ အသင့်အတင့်စားရင် ငြင်းစရာမရှိဘူးလို့ ဆိုပါတယ်။ သရက်သီးမှာလည်း သကြားဓာတ်လွန်ကဲလို့ အနည်းအကျဉ်းစားပေးပြီး တခြားကစီဓာတ်တွေဖြစ်တဲ့ ပါစတာတွေ၊ အချိုမုန့်တွေနဲ့ တွဲစားတာကို ရှောင်ရှားသင့်တယ်လို့ ဆိုပါတယ်။
● အာဟာရပညာရှင် Dr. Rupali Dutta က ဆီးချိုအရမ်းတက်နေသူတွေမှာတော့ သရက်သီး မစားသင့်ပါဘူးတဲ့။ သိပ်မဆိုးတဲ့ ဆီးချိုသမားတွေမှာတော့ အနည်းအကျဉ်း စားပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မစားခင်မှာ ကုနေကျ ဆီးချိုဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်လို့ အကြံပေးထားပါတယ်။
● အာဟာရပညာရှင် Jasleen Kuar ကတော့ ဆီးချိုသမားတွေမှာ အဓိကက အချိုဓာတ်ထိန်းဖို့ပါ။ အထူးသဖြင့် အသီးအနှံတွေ၊ အစေ့အဆံတွေ၊ ပြုပြင်ထားတဲ့ အစားအသောက်တွေမှာပါတဲ့ သကြားမုန့်တွေမှာပါတဲ့ ကစီဓာတ်တွေကို ထိန်းစားရမှာပေါ့။ အများကြီးစားရင်တော့ ဘယ်အစားအစာမဆို အချိုဓာတ် ဆောင့်တက်နိုင်လို့ နည်းနည်းနည်းနည်းစီ စားပေးဖို့လိုတယ်လို့ ဆိုပါတယ်။
● အိန္ဓိယနိုင်ငံဆီးချိုအဖွဲ့အစည်းရဲ့ဥက္ကဋ္ဌက သရက်သီးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် တစ်နေ့တာ စားရမယ့် ကစီဓာတ်ပမာဏကို သေချာမျှပြီး စားပေးရမယ်လို့ ဆိုပါတယ်။ စားတဲ့ပုံစံနဲ့လည်း ဆိုင်သေးတာမို့ ချေဖျက်ရလွယ်အောင် သေးသေးလေးတွေ တုံးစားပေးပါလို့ အကြံပေးထားပါတယ်။
● Dr Sanjay Kalra ရဲ့အဆိုအရ အရင်ကတော့ သရက်သီးမှာပါတဲ့ သကြားဓာတ်ဟာ ပေါင်းစပ်သကြားဓာတ်မဟုတ်ဘဲ ရိုးရိုးသကြားဓာတ်ဖြစ်တာမို့ သွေးထဲ လွယ်လွယ်စုပ်ယူနိုင်တာကြောင့်ရယ်၊ သူ့မှာပါတဲ့ သကြားဓာတ် ၃၀% လောက်က အသီးဖရက်တို့စ်အချိုဓာတ်ဖြစ်တာမို့ အသည်းထဲမှာ ချေဖျက်ပြီး ထရိုင်ဂလစ်စရိုက်အဆီဓာတ်ကို တက်လာစေနိုင်တာရယ်ကြောင့် ဆီးချိုသမား မစားသင့်ဘူးလို့ သတ်မှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကစီဓာတ်ရဲ့ ၁၅ ဂရမ်လောက်က အသီးကနေ ရသင့်တယ်လို့ သတ်မှတ်တာမို့ လုံးလုံးရှောင်တာမျိုး မဟုတ်တော့ဘဲ တစ်နေ့ကို သရက်သီး ၅၀-၇၅ ဂရမ်လောက် စားပေးနိုင်တယ်လို့ ဆိုပါတယ်။
>> နောက်ဆုံးနိဂုံးချုပ်ဆိုရရင်
● သရက်သီးမှာ သကြားနဲ့ကစီဓာတ်တွေ အများကြီး ပါပါတယ်။
● စားချင်ရင်တောင် ပုံမှန်ပမာဏလောက်သာ ချင့်ချိန်ပြီး နေ့ခင်းဘက်မှာသာ စားပေးပါ။
● ပြီးရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး တစ်နေ့တာ စားသောက်ပုံကို အပြောင်းအလဲ လုပ်ပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)














