ဇီကာဒေသကပြန်လာလျှင် တစ်လကြာမှသာ သွေးလှူရမည်
အမေရိကန်နိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သွေးလှူဒါန်းမှုအားလုံးအတွက် ဇီကာဗိုင်းရပ်(စ်) စစ်ဆေးခြင်းကို ပုံမှန်သွေးစစ်ဆေးမှု တိုင်းတွင် ထည့်သွင်းသင့်ကြောင်း အကြံပြုပြောကြားထားသည်။ ဖေဖော်ဝါရီလမှစတင်၍ လှူဒါန်းသောသွေးများ အတွင်း၌ ဗိုင်းရပ်(စ်)ပိုးရှိ/မရှိ စစ်ဆေးခြင်းကို ဇီကာဗိုင်းရပ်(စ်)ပျံ့နှံ့လျက်ရှိသောနေရာဒေသများတွင် စတင်စစ်ဆေးခဲ့သော်လည်း ယခုအခါသွေးလှူဒါန်းမှုတိုင်းကို စစ်ဆေးရန်လိုအပ်ကြောင်း တရား၀င် ထပ်မံအသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
အမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဇီ၀ဗေဒဆိုင်ရာသုတေသနအဖွဲ့၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာပီတာမာ့(ခ်)၏ပြောကြားချက်အရ ဇီကာဗိုင်းရပ်(စ်)ပိုး၏ သဘာ၀နှင့် ကူးစက်ပြန့်ပွားမှုနှုန်းကို သေချာတွက်ဆ၍မရသေးကြောင်းသိရပါသည်။
ယခုအချိန်တွင် လှူဒါန်းသောသွေးများအားလုံးကို စစ်ဆေးခြင်းသည် သွေးသွင်းရန် လိုအပ်သည့်လူနာများအတွက် လုံခြုံစိတ်ချရသောသွေးကို ရရှိစေရန်ရည်ရွယ်၍ ဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောကြားသည်။
လှူဒါန်းသောသွေးများအားလုံးစစ်ေ်ဆးခြင်းကို ဖလော်ရီဒါနှင့် ပါတိုရီကိုတို့တွင်သာမက အခြားဒေသများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်များအရ သိရပါသည်။ ယခုကဲ့သို့ တိုးချဲ့စစ်ဆေးခြင်းသည် ဇီကာဗိုင်းရပ်(စ်)ပျံ့နှံ့ခြင်းကို ထိန်းချုပ်ရာ၌ များစွာအထောက်အကူပြုနိုင်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာလူစီရာနာ ဘိုရီယိုကမူ ဇီကာဗိုင်းရပ်(စ်)နှင့် ပတ်သက်သောအခြေခံအကြောင်းတရားနှင့် အချက်အလက် တချို့ကိုသိရှိပြီးဖြစ်သည်နှင့်အညီ ကြိုတင်ကာကွယ်မှုများကိုပိုမိုဂရုပြုလုပ်ဆောင်သင့်ကြောင်း အသိပေးနှိုးဆော်ထားပါသည်။
ဇီကာဗိုင်းရပ်(စ်)သည် ပုံမှန်အားဖြင့် အေဒီး(စ်)ဟုခေါ်သော ခြင်ကိုက်ခံရခြင်းမှတဆင့် ကူးစက်နိုင်သည်ဟု သိရှိထားကြသော်လည်း လိင်ဆက်ဆံခြင်းနှင့်သွေးသွင်းခြင်းတို့မှလည်း ပြန့်ပွားနိုင်ချေ ရှိကြောင်း အထောက်အထားအချို့ ထွက်ပေါ်နေခဲ့သည်။
ဖေဖော်ဝါရီလမတိုင်မီတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအဖွဲ့မှ ဇီကာဗိုင်းရပ်(စ်)ဖြစ်ပွားနှုန်း မြင့်တက်နေသောနေရာဒေသသို့သွားရောက်ခဲ့သောသူများနှင့် ရောဂါ လက္ခဏာရှိသည်ဟု သံသယရှိသူများကို သွေးလှူဒါန်းမှု တစ်လတိတိမပြုလုပ်ရန် တားဆီးခဲ့သည်။
ခြင်မှတဆင့်ကူးစက်တတ်သော ဇီကာဗိုင်းရပ်(စ်)သည် မွေးကင်းစကလေးများတွင် ဦးခေါင်းသေးခြင်းနှင့် ဉာဏ်ရည်ဖွ့ံဖြိုးမှုနိမ့်ကျခြင်း စသောမွေးရာပါချို့ယွင်းမှုများကိုဖြစ်စေနိုင်သည်။ ၎င်းဗိုင်းရပ်(စ်)ကြောင့်ပင် “ဦးခေါင်းခွံသေး၍ ဦးနှောက်ဖွ့ံဖြိုးမှုနှောင့်နှေးခြင်း” ဟု လူသိများသောရောဂါတစ်မျိုးသည် ထောင်ပေါင်းများစွာသော မွေးကင်းစကလေးငယ်တို့တွင် ဖြစ်ပွားလျက်ရှိသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြောကြားချက်အရ အောက်ပါအပြုအမူတို့သည် ဇီကာဗိုင်းရပ်(စ်)ကူးစက်နိုင်ရဖွယ်များသော အကြောင်းအခြင်းအရာများဖြစ်သည်ဟု သိရှိရပါသည်။
1. လွန်ခဲ့သောလေးပတ်အတွင်း ဇီကာဗိုင်းရပ်(စ်)ကူးစက်မှုရှိနေဆဲနေရာဒေသများသို့ သွားရောက်ခြင်း
2. လွန်ခဲ့သောသုံးလအတွင်း ဇီကာဗိုင်းရပ်(စ်) ဖြစ်ပွားလျက်ရှိသော နေရာဒေသများတွင်နေထိုင်နေသောသူ (သို့) သွားရောက်လည်ပတ်ခဲ့သောသူနှင့် လိင်ဆက်ဆံခြင်း
3. လွန်ခဲ့သော လေးပတ်အတွင်း ဇီကာဗိုင်းရပ်(စ်) ရောဂါလက္ခဏာများဖြစ်ပေါ်လာခြင်း
ထို့ပြင် ဇီကာအပါအ၀င်အခြားဗိုင်းရပ်(စ်) အများအပြားကူးစက်ခံရသော အဓိကအကြောင်းအရင်းမှာ သွေးမှတဆင့်ပျံ့နှံ့ခြင်းဖြစ်သည်ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တရား၀င်ပြောကြားထားပါသည်။
ဗိုင်းရပ်(စ်)ပိုးကူးစက်ခံရသူ ငါးဦးအနက် လေးဦးမှာ မည်သည့်ရောဂါလက္ခဏာမျှမပြသောကြောင့် မည်သူ၏သွေးအတွင်း၌ ရောဂါပိုးကိုသယ်ဆောင်ထားသည်ကို ပြောကြားရန်အလွန်ခက်ခဲကြောင်း လည်းဖော်ပြထားသည်။
Dr. Thinzar Wynn















