ညည ဘာလို့အိပ်မပျော်တာလဲ
>> အိပ်မပျော်ဘူးဆိုတာ ...
ညအိပ်မပျော်ခြင်းဟာ နေ့စဉ်ဘဝကို အင်မတန်မှ ထိခိုက်စေနိုင်ပါတယ်။ အိပ်မပျော်တာပဲဖြစ်ဖြစ်၊ ခဏခဏ ပြန်ပြန်နိုးနေတာပဲဖြစ်ဖြစ် ယေဘုယျကျန်းမာရေး၊ လူမှုဆက်ဆံရေး၊ အလုပ်အကိုင်တွေမှာ ထိခိုက်မှုတွေ ဖြစ်လာတတ်ပါတယ်။ ဆရာဝန်နဲ့ ပြကြည့်မယ်ဆိုရင် ဘာကြောင့်အိပ်မပျော်တာလဲဆိုတာကို ရှာဖွေပေးပါလိမ့်မယ်။ အောက်ခံအကြောင်းရင်းမရှိဘဲ အိပ်မပျော်ခြင်းဆိုတာလည်း ရှိပါတယ်။ ဒီလိုအိပ်မပျော်ခြင်းဟာ ယာယီခဏရုတ်တရက်ဖြစ်တာ ဖြစ်နိုင်သလို နာတာရှည်ဖြစ်နိုင်ပါတယ်။ ရုတ်တရက် ခဏယာယီထဖြစ်တဲ့ အိပ်မပျော်ခြင်းကတော့ ရက်ပိုင်း၊ ရက်သတ္တပတ်ပိုင်းလောက်ပဲ ကြာတတ်ပါတယ်။
အောက်ခံအကြောင်းရင်းတစ်ခုခုကြောင့် အိပ်မပျော်ခြင်းဆိုတာလည်း ရှိပါသေးတယ်။ အဖြစ်အများဆုံးပဲပေါ့။ ဒါလည်း ယာယီခဏဖြစ်နိုင်သလို ရေရှည်နာတာရှည်ဖြစ်နိုင်ပါတယ်။ ဘယ်လိုအောက်ခံအကြောင်းရင်းတွေကြောင့် ဖြစ်တတ်သလဲဆိုရင် -
>> စိတ်ဖိစီးမှုနဲ့စိတ်ပူပန်မှု
စိတ်ပူပင်စရာတွေဟာ ညဘက်မှာ အိပ်မပျော်နိုင်ဖြစ်စေတတ်ပါတယ်။
>> စိတ်ဓာတ်ကျခြင်း
စိတ်ဓာတ်ကျခြင်းဟာလည်း ညအိပ်မပျော်ခြင်းရဲ့ အဓိကအကြောင်းရင်းပါပဲ။ နောက်တစ်ချက်က ကြောက်ရွံ့မှုတွေ၊ စိတ်ပင်ပန်းစရာအတွေးတွေကလည်း ညဘက်ကို ကောင်းကောင်းအိပ်မပျော်နိုင်အောင် တားဆီးနိုင်ပါတယ်။
>> ယောကျ်ားမိန်းမ လိင်ကွာခြားမှု
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ညအိပ်မပျော်ဖို့ ၂ ဆ ပိုများတတ်ပါတယ်။ ဓမ္မတာစက်ဝန်း ဟော်မုန်းအပြောင်းအလဲနဲ့ သွေးဆုံးချိန်ဟော်မုန်းအပြောင်းအလဲတွေကြောင့်လည်းတစ်ကြောင်း ဖြစ်နိုင်ပါတယ်။
>> အသက်အရွယ်
ညအိပ်မပျော်ခြင်းဟာ အသက်နဲ့လိုက်ပြီး အိပ်ချိန်ပြောင်းလဲတာကနေလည်း ဖြစ်တတ်ပါတယ်။ လူကြီးပိုင်းတွေဟာ ၈ နာရီလုံးလုံး တောက်လျှောက်အိပ်နိုင်ဖို့ မလွယ်ကူတော့ပါဘူး။
>> ဆေးဝါးများ
ဆေးတချို့က ညအိပ်မပျော်တဲ့ဝေဒနာကို ဖြစ်စေနိုင်တတ်ပါတယ်။ အကိုက်အခဲပျောက်ဆေး၊ နှာစေးပျောက်ဆေးတွေနဲ့ ဝိတ်ချဆေးတွေမှာ ကဖိန်းတွေ၊ တခြားစိတ်ကိုနိုးကြားစေတတ်တဲ့ဆေးတွေ ပါဝင်နေတတ်ပါတယ်။ နှာစေးပျောက်ဆေးတွေကတော့ အစပိုင်းမှာ အိပ်ချင်စေတတ်ပေမယ့် ညဘက်မှာ မကြာမကြာ ဆီးသွားစေတတ်တာမို့ အိပ်ရေးပျက်စေတတ်ပါတယ်။
>> နောက်ထပ် အိပ်ရေးပျက်စေတဲ့ သောက်ဆေးတွေကတော့ -
● စိတ်ကျရောဂါပျောက်ဆေး
● နှလုံးရောဂါနဲ့သွေးတိုးကျဆေး
● ဓာတ်မတည့်ပျောက်ဆေး
● စိတ်နိုးကြွစေတတ်တဲ့ဆေးတွေ ပါပါတယ်။
>> စိတ်ကို နိုးကြွစေတဲ့အစားအသောက်များ
ကဖိန်းဓာတ်ပါပြီး စိတ်ကိုနိုးကြွစေတတ်တဲ့ သောက်စရာတွေကတော့ -
● ကော်ဖီ
● လက်ဖက်ရည်
● အအေးတွေ
● ခွန်အားဖြည့်အချိုရည်တွေပါ။
အရက်ဟာ အစပိုင်းမှာ အိပ်ချင်ငိုက်မြည်းစေတတ်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်စေနိုင်ပါဘူး။ ကောင်းကောင်းအနားရဖို့ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှရပါတယ်။
>> ရောဂါဘယများ
တချို့ရောဂါဘယတွေက ညအိပ်မပျော်ဖြစ်စေနိုင်တတ်ပါတယ်။
● နာတာရှည်နာကျင်ကိုက်ခဲမှုများ
● အသက်ရှူမဝတဲ့ရောဂါများ
● ညအိပ်ချိန် အသက်ရှူရပ်ရပ်သွားတတ်တဲ့ရောဂါ
● အဆစ်အမြစ်ရောင်ခြင်း
● ဆီးချို
● နှလုံးရောဂါ
● အဝလွန်ခြင်း
● ကင်ဆာ
● မကြာမကြာဆီးသွားခြင်း
● ရင်ပူခြင်း
● သိုင်းရွိုက်ဓာတ်လွန်ကဲခြင်း
● သွေးဆုံးခြင်း စတဲ့ရောဂါတွေက ညအိပ်မပျော်စေတတ်ပါဘူး။
>> အဝလွန်ခြင်း
ရောဂါဘယထိန်းချုပ်ကာကွယ်ရေးအဖွဲ့ချုပ်ကြီး CDC ရဲ့ အဆိုအရ အိပ်ရေးပြဿနာတွေဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။
>> အိပ်ရေးပျက်စေတဲ့ရောဂါများ
Restless leg syndrome ခြေဂနာမငြိမ်ရောဂါလိုမျိုး အိပ်ရေးပြဿနာတွေက အိပ်ရေးပျက်စေနိုင်တတ်ပါတယ်။ အိပ်ချိန်ရောက်ရင် ခြေထောက်မှာ တရွရွတက်လာသလို ခံစားချက်ဖြစ်ပြီး လှုပ်လိုက်မှ သက်သာတဲ့ရောဂါမျိုးမှာပေါ့။ နောက်တစ်ခုကတော့ အကျယ်ကြီး ဟောက်ပြီးတော့ တစ်ချက်တစ်ချက် အသက်ရှူရပ်ရပ်သွားတဲ့ sleep apnea syndrome မျိုးလည်း ပါပါသေးတယ်။
>> ပတ်ဝန်းကျင်အပြောင်းအလဲ
ညဘက်အလုပ်လုပ်ရတာ၊ အကြာကြီး ခရီးသွားရတာတွေကြောင့် ကိုယ်ခန္ဓာရဲ့ အိပ်ချိန်နရီပြောင်းလဲသွားတတ်ပါတယ်။
>> အိပ်ပုံအလေ့အကျင့်
အိပ်ရေးမဝမှ ာစိုးရိမ်ခြင်းကလည်း ပိုပိုပြီးအိပ်မပျော်စေတာကို ဖြစ်စေတတ်ပါတယ်။ ဒီလိုသာဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့အိပ်ပုံကို ပြောင်းလဲရပါမယ်။ အိပ်ခါနီးကို -
● အိပ်ခါနီး ရေလေး အေးအေးဆေးဆေးချိုးပါ။
● အေးချမ်းတဲ့သီချင်းလေးတွေ နားထောင်ပါ။
● အိပ်ခါနီး တီဗီကြည့်တာ၊ အိပ်ရာထဲမှာ အလုပ်လုပ်တာမျိုးကို ရှောင်ပါ။
● အိပ်ခါနီးစားတာမျိုးကို ရှောင်ပါ။ အိပ်ပျော်ရမယ့်အချိန်မှာ ကိုယ်ခန္ဓာက အစာခြေဖျက်ပြီး အလုပ်ရှုပ်နေတတ်ပါတယ်။ ဒါ့အပြင် အိပ်ခါနီးစားတာကလည်း ရင်ပူတာမျိုး ဖြစ်စေတတ်ပါတယ်။
>> နောက်ဆုံးနိဂုံးချုပ်ရမယ်ဆိုရင်
အိပ်မပျော်တာ ရက်ပိုင်းပဲဖြစ်ဖြစ်၊ နာတာရှည်ပဲဖြစ်ဖြစ် အဝလွန်နေရင် ကိုယ်အလေးချိန်လျော့ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်ချိန်အလေ့အကျင့်ကို ကျင့်ပါ။ စိတ်ကို လှုံ့ဆော်တဲ့အရာတွေကို အလွန်အကျွံသုံးစွဲခြင်းကလည်း အိပ်ရေးပျက်စေနိုင်ပါတယ်။ ဘာကြောင့် အိပ်မပျော်ဘူးလဲဆိုတာကို ဆရာဝန်နဲ့တိုင်ပင်ပြီး ရောဂါတစ်ခုခုကြောင့်လား၊ ဆေးဝါးတွေကြောင့်လားဆိုတာကို ရှာဖွေဖို့လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















