တက်တူးမထိုးခင် သိစေချင် ...
တက်တူးကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးအန္တရာယ်များမှာ အမာရွတ်ထင်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ရောဂါပိုးပါသော မှင်များနှင့် ပိုးသတ်မထားသော အပ်များမှတစ်ဆင့် ရောဂါပိုးဝင်ခြင်းတို့ ဖြစ်ကြပါတယ်။
တက်တူးထိုးတာက ပေါ်ပြူလာ ဖြစ်လာတာနဲ့အမျှ ရောဂါပိုးပါတဲ့ မှင်တွေကနေပြီး ရောဂါပိုး ဝင်တာတွေနဲ့ မှင်တွေကို ဓာတ်မတည့်တာတွေ အဖြစ်များလာပါတယ်။ ဒါကြောင့် တက်တူးမထိုးခင်မှာ ဒီအချက်တွေကို သေချာထည့်သွင်း စဉ်းစားပြီးမှ ထိုးကြဖို့ တိုက်တွန်းလိုပါတယ်။
1. ရောဂါပိုးရှိသောမှင်နှင့် ပိုးသတ်မထားသောအပ်များ
သန့်ရှင်းမှုမရှိတဲ့ အလေ့အကျင့်တွေနဲ့ ပိုးသတ်မထားတဲ့ ပစ္စည်းတွေကနေပြီး ရောဂါပိုးတွေ ဝင်နိုင်ပါတယ်။ တက်တူးမှင်တွေထဲမှာ ဘက်တီးရီးယားပိုးနဲ့ မှိုတွေက မှင်ထုတ်လုပ်တဲ့ အချိန်ကတည်းက (သို့) တက်တူးထိုးဆိုင်တွေရောက်မှ ဝင်ရောက်နိုင်ပါတယ်။ တက်တူး မှင်ဖျော်တဲ့အခါမှာ ပိုးသတ်ထားတဲ့ရေ မသုံးတာကလည်း အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ တက်တူးမှင်က လုံးဝစိတ်ချရပါတယ်လို့ ပြောနိုင်တဲ့နည်းလမ်း မရှိပါဘူး။ မှင်ကို မျက်စိနဲ့ကြည့်ရုံ (သို့) အနံ့ခံကြည့်ရုံလောက်နဲ့ ပိုးမရှိဘူးလို့ ပြောလို့မရပါဘူး။ မှင်အိုးကို သေချာဖုံးအုပ်ထားပြီး ပိုးသတ်ထားပါတယ်လို့ ဆိုရင်တောင်မှ အထဲမှာ ပိုးဝင်နေနိုင်ပါတယ်။ မှင်ထုတ်လုပ် အသုံးပြုတဲ့ ဖြစ်စဉ်တစ်လျှောက်လုံးမှာ ဘယ်အဆင့်မှာမဆို ရောဂါပိုး ဝင်နိုင်ပါတယ်။
2. တက်တူးထိုးတဲ့အခါမှာ ဖြစ်ပေါ်တတ်သော တုံ့ပြန်မှုများ
တက်တူးထိုးတဲ့နေရာမှာ အနီကွက်၊ အဖုတွေ ပေါ်လာပြီး ကိုယ်ပူလာတတ်ပါတယ်။ ရောဂါပိုးဝင်တာ ပြင်းထန်ပါက ပိုးသတ်ဆေးတွေနဲ့ လအတော်ကြာ ကုသမှုခံယူဖို့တောင် လိုပါတယ်။ ပြင်းထန်တဲ့ ရောဂါပိုးဝင်ခြင်းတွေက ကိုယ်ပူကြီးခြင်း၊ ချမ်းတုန်ခြင်း၊ ချေွးထွက်ခြင်း စတာတွေ ဖြစ်စေပါတယ်။ ဒီလက္ခဏာတွေပြပြီဆိုရင် ပိုးသတ်ဆေး သောက်ဖို့၊ ဆေးရုံတက်ဖို့ (သို့) ခွဲစိတ်မှုခံယူဖို့ လိုပါတယ်။
ဓာတ်မတည့်တဲ့လက္ခဏာ ဖြစ်ပါက အကြောင်းအရင်း တိတိကျကျ ရှာရခက်ပါတယ်။ မှင်ထဲမှာပါတဲ့ ရောင်ခြယ်ပစ္စည်း တစ်မျိုးမျိုး (သို့) မှင်ဖျော်တဲ့အရည် (သို့) မှင်ထဲက ရောဂါပိုးတစ်ခုခုနဲ့ ဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်။ တက်တူးမှင်က ရာသက်ပန် စွဲနေမှာ ဖြစ်တဲ့အတွက် ဓာတ်မတည့်တာကလည်း အမြဲဖြစ်နေပါလိမ့်မယ်။
3. တက်တူးထိုးပြီးနောက် ရောဂါပိုးဝင်ပါက (သို့) ဓာတ်မတည့်ခြင်းဖြစ်ပါက ဘာလုပ်ရမလဲ?
ဒီလိုဖြစ်လာရင် လုပ်ဖို့ 2 ချက်ပဲ ရှိပါတယ်။ ပထမအချက်က ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားပြပါ။
ဒုတိယအချက်က တက်တူး ထိုးပေးတဲ့သူ (သို့) ဆိုင်ကို အကြောင်းကြားပါ။ ဒါမှ သုံးတဲ့မှင်ကို သေချာခွဲထုတ်ပြီး နောက်လူတွေမှာ မသုံးဘဲ ရှောင်လို့ရမှာပါ။ တက်တူးထိုးဆရာကို သုံးတဲ့မှင်အမျိုးအစား၊ အရောင်နဲ့ အခြားအချက်အလက်တွေ မေးထားခြင်းဖြင့် ပြဿနာဖြစ်စေတဲ့ အကြောင်းအရင်းကို ခန့်မှန်းပြီး ကုသမှု ပြုလုပ်နိုင်ပါတယ်။
4. နောက်ပိုင်းမှာကော အခြားပြဿနာတွေ ဖြစ်နိုင်သေးလား?
တက်တူးနဲ့ ပတ်သက်ပြီး သုတေသနတွေ လုပ်နေပေမယ့် တက်တူးမှင်ရဲ့ရေရှည်အကျိုးသက်ရောက်မှု၊ နဲ့ မှင်ထဲမှာ ပါဝင်နိုင်တဲ့ ရောဂါပိုးတွေအကြောင်းကို အဖြေ မတွေ့သေးပါဘူး။ တက်တူး ပြန်ဖျက်တာနဲ့ ပတ်သက်ပြီးတော့ လေဆာကုထုံး ရှိပေမယ့် ဒီလေဆာကုထုံးရဲ့ရေတို (သို့) ရေရှည် အကျိုးသက်ရောက်မှုတွေ၊ လေဆာကုထုံး ခံယူပြီးနောက် ရောင်ခြယ်ပစ္စည်းတွေကို ဘယ်လိုချေဖျက်တယ်ဆိုတာကို သေချာမသိသေးပါဘူး။ သေချာတာ တစ်ခုကတော့ တက်တူးဖျက်ပြီးရင် ရာသက်ပန် အမာရွတ် ကျန်နေမှာပါ။
5. အခြေခံကျတဲ့အချက်
အပေါ်မှာ ပြောထားတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားပြီး တက်တူးမထိုးခင်မှာ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။
အရေးကြီးတဲ့အချက်က လေဆာနည်းပညာတွေ တိုးတက်လာပေမယ့် တက်တူး ပြန်ဖျက်ချင်တယ်ဆိုရင် အသားနာပြီး ရာသက်ပန် အမာရွတ် ထင်ကျန်နေစေနိုင်ပါတယ်။
တက်တူးထိုးတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် ကိုယ်ထိုးမယ့် တက်တူးဆရာက တက်တူးထိုးတာနဲ့ ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာမှု ရှိ၊ မရှိ သန့်ရှင်းမှုှ ရှိ၊ မရှိ သေချာစစ်ဆေးပြီးမှ ထိုးသင့်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)














