မှိုရဲ့ ကောင်းကျိုး၊ ဆိုးကျိုးအထွေထွေ
အရောင်အသွေးစိုပြေတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာ ရရှိနိုင်ပါတယ်။ အရောင်ရင့်ရင့် အသီးအရွက်ဖြစ်လေ ကျန်းမာရေးအတွက် ပိုကောင်းလေဆိုတာ အားလုံးသိထားပြီးဖြစ်မှာပါ။ ဒါပေမယ့် အရောင်အသွေး ကင်းမဲ့တယ်လို့ဆိုရလောက်အောင် အဖြူရောင်၊ အညိုရောင်သာအများစုရှိတဲ့ မှိုပွင့်လေးတွေမှာလည်း လူ့ကျန်းမာရေးကို အကျိုးပြုနိုင်တဲ့ အာဟာရဓာတ်တွေများစွာ ပါ၀င်နေပါတယ်။ ဒါကြောင့်ကျန်းမာရေးအတွက် မှိုစားပေးကြပါလို့ တိုက်တွန်းရင်း မှိုစားခြင်းကြောင့်ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
♦ မှိုမှရနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ
1. ကင်ဆာမဖြစ်စေနိုင်ပါ
အသီးအနှံ၊ ဟင်းသီးဟင်းရွက်အများစုမှာ မပါတဲ့ selenium ဓာတ်ဟာ မှိုမှာပါရှိပါတယ်။ ၄င်းဓာတ်ဟာ အသည်းလုပ်ငန်းဆောင်တာကို ကောင်းစေပြီး ခန္ဓာကိုယ်တွင်းရှိ ကင်ဆာဖြစ်စေနိုင်သော ဒြပ်ပေါင်းတွေကို ခြေဖျက်ပေးနိုင်ကာ ရောင်ရမ်းခြင်းဖြစ်စဉ်တွေ၊ အလုံးအကျိတ်ကြီးထွားခြင်းတွေကို အားပျော့စေပါတယ်။ ဒါ့အပြင်မှိုမှာပါတဲ့ ဗီတာမင် D ဓာတ်က ကင်ဆာဆဲလ်ကြီးထွားမှုမရှိအောင် ဟန့်တားပေးနိုင်ပြီး ပါ၀င်တဲ့ဖောလိတ်ဓာတ်ကလည်း မျိုးဗီဇပြောင်းလဲ၊ ပြုပြင်ပေးခြင်းမှာ အဓိကကဏ္႑အနေနဲ့ ပါ၀င်တာကြောင့် မျိုးဗီဇအသွင်ပြောင်းသွားလို့ ကင်ဆာဆဲလ်ဖြစ်သွားနိုင်ခြင်းမှ ကာကွယ်ပေးပါတယ်။ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ငရုတ်ကောင်း၊ ဖရုံသီး၊ ပဲစိမ်းတွေမှာ အင်တီအောက်ဆီးဒင့် ကြွယ်၀စွာပါသလိုမှိုမှာလည်း အင်တီးအောက်ဆီးဒင့်ပါ၀င်ပါတယ်။
2. ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်
လေ့လာမှုတွေအရ အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအစာစားသုံးသော အမျိုးအစား (1) ဆီးချိုသွေးချိုရောဂါသည်တွေမှာ သွေးတွင်းသကြားဓာတ်ပမာဏ လျော့ကျသွားကြောင်းနဲ့ အမျိုးအစား (2) ဆီးချိုသွေးချိုရောဂါကိုဖြစ်စေတဲ့ သွေးတွင်းသကြားဓာတ်၊ သွေးတွင်းအဆီမြင့်တက်ခြင်း၊ အင်ဆူလင်ထုတ်နိုင်အား ကျဆင်းခြင်းတို့မဖြစ်စေဘူးလို့ သိရှိရပါတယ်။ အမျှင်ဓာတ်ဟာ ဆီးချိုသွေးချိုရှိသူတွေအတွက် လိုအပ်တဲ့အာဟာရဓာတ်တစ်ခုဖြစ်တာကြောင့် ဆီးချိုသွေးချိုရှိသူအမျိုးသမီးတွေဟာ တစ်နေ့လျှင်အမျှင်ဓာတ် 21-25 ဂရမ်၊ အမျိုးသားတွေမှာ တစ်နေ့လျှင် 30-38 ဂရမ် စားသုံးပေးသင့်တယ်လို့ သုတေသန ပညာရှင်တွေက ထောက်ခံပေးထားပါတယ်။ မှိုမှာအမျှင်ဓာတ်ကြွယ်၀စွာပါ၀င်တဲ့အတွက် ဆီးချိုသွေးချိုထိန်းလိုသူတွေပဲဖြစ်ဖြစ်၊ ဆီးချိုသွေးချိုမဖြစ်အောင် ကာကွယ်လိုရင်ပဲဖြစ်ဖြစ် စားပေးသင့်ပါတယ်။
3. နှလုံးကျန်းမာရေးကောင်းစေပါတယ်
မှိုမှာပိုတက်ဆီယမ်ကြွယ်၀စွာပါ၀င်ပြီး ဆိုဒီယမ်ပါ၀င်မှုနည်းတာကြောင့် နှလုံးသွေးကြော ကျန်းမာရေးကောင်းစေနိုင်ပြီး သွေးဖိအားရုတ်တရက် မြင့်တက်သွားခြင်း၊ ကျသွားခြင်းတွေ မဖြစ်စေနိုင်ပါဘူး။
4. ကိုယ်ခံအားကောင်းစေပါတယ်
မှိုမှာပါတဲ့ selenium ဓာတ်ဟာ ရောဂါကိုခုခံနိုင်စွမ်းရှိတဲ့ T-cells တွေကို လှုံ့ဆော်ပေးတဲ့အတွက် ရောဂါပိုး ၀င်ရောက်တဲ့အခါ ပြန်လည်ခုခံနိုင်အားကောင်းစေပါတယ်။ ဒါ့အပြင် မှိုမှာပါ၀င်တဲ့ beta-glucan အမျှင်ဓာတ်က ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပြီး ကင်ဆာဆဲလ်များဖြစ်ခြင်း၊ အလုံးအကျိတ်များဖြစ်ပေါ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။
5. ကိုယ်အလေးချိန်ကျစေပါတယ်
မှိုမှာဗိုက်ပြည့်အင့်ခြင်းကိုဖြစ်စေပြီး အစာစားချင်စိတ်ကိုလျော့နည်းစေနိုင်တဲ့ beta-glucan နဲ့ chitin လို့ခေါ်တဲ့ အမျှင်ဓာတ်နှစ်မျိုးပါ၀င်တာကြောင့် ကြာကြာဗိုက်ပြည့်နေစေပါတယ်။ ဒါကြောင့်ကိုယ်အလေးချိန် ထိန်းချင်သူတွေရော ကိုယ်အလေးချိန ်ချနေသူတွေပါ မှိုကိုစားပေးသင့်ပါတယ်။
♦ မှိုမှရနိုင်သော အဓိကကျသည့် အာဟာရဓာတ်အုပ်စုများ
- မှိုမှာအင်တီအောက်ဆီးဒင့်ပါ၀င်တာကြောင့် နာတာရှည်ရောဂါများဖြစ်နိုင်ခြေမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မှိုအုပ်စု၀င်အများစုရဲ့ ဆဲလ်နံရံမှာတွေ့ရတတ်တဲ့ beta-glucans လို့ခေါ်တဲ့ အမျှင်ဓာတ်အမျိုးအစားဟာလည်း အင်ဆူလင်ခံနိုင်ရည်အား တိုးတက်ကောင်းမွန်အောင်၊ သွေးတွင်းကိုလက်စထရောအဆင့် ညီမျှအောင်ဆောင်ရွက်ပေးနိုင်ပြီး ကိုယ်ခံစွမ်းအားကောင်းစေဖို့ ထောက်ပံ့ပေးနိုင်ကာ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။
- နောက်ထပ်အရေးကြီးတဲ့ အာဟာရဓာတ်တစ်ခုကတော့ choline ပါ။ Choline ဟာ အိပ်စက်ခြင်း၊ ကြွက်သားလှုပ်ရှားနိုင်စွမ်း၊ သင်ယူမှုလုပ်ငန်းစဉ်နဲ့ မှတ်ဉာဏ်အားတိုးတက်စေရေးအပိုင်း စတဲ့လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ပေးနိုင်ပြီး အမြှေးပါးတည်ဆောက်ရေးပိုင်း၊ နာဗ်ကြောများဆက်သွယ်ရေးပိုင်းနှင့် လိုအပ်တဲ့အဆီစုပ်ယူမှုအပိုင်းကို ထောက်ပ့ံပေးနိုင် ကာ ရောင်ရမ်းခြင်းဖြစ်စဉ်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
- မှိုမှာဆိုဒီယမ်၊ အဆီဓာတ်၊ ကိုလက်စထရောနဲ့ ကယ်လိုရီပါ၀င်မှုနည်းပါတယ်။ အခြားအစားအစာတွေက နေရရှိဖို့ခက်ခဲတဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ဆီလီနီယမ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ သံဓာတ်နဲ့ ဖော့စဖောရပ်စ် စသည်တို့ကို မှိုမှရနိုင်ပါတယ်။
♦ မှိုစားခြင်းကြောင့် ဆိုးကျိုးများလည်းဖြစ်နိုင်ဖွယ်ရာရှိ
အလေ့ကျပေါက်တဲ့မှိုတွေကို စားမိတဲ့အခါ အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ပြင်းထန်စွာဖျားနာ ရာမှ သေစေနိုင်တဲ့အထိတောင် ဖြစ်တတ်ပါတယ်။ ဒီလိုအလေ့ကျပေါက်မှိုတွေမှာ သတ္တုဓာတ်နဲ့အခြားသော အန္တရာယ်ဖြစ်စေတဲ့ ဓာတုဓာတ်တွေပါ၀င်နေခြင်းကြောင့် လူကိုအန္တရာယ်ဖြစ်စေခြင်းဖြစ်ကြောင်း လေ့လာ ထားမှုများအရ သိရှိရပြီး စနစ်တကျစိုက်ပျိုးထားခြင်းမရှိတဲ့မှိုကို မစားကြဖို့သုတေသီတွေက အကြံပြုထားပါတယ်။
နောက်ပြီးမှိုမှာပါတဲ့ beta-glucans ဓာတ်ဟာ အရေးကြီးတဲ့ အာဟာရဓာတ်တစ်ခုဖြစ်တယ်လို့ ဆိုပေမယ့် သွေးလေးဖက်နာ၊ အရေပြား TB၊ ပန်းနာရင်ကျပ်၊ နာတာရှည်နဗ်ကြောဖွဲ့ရောဂါရှိသူတွေမှာ ၄င်းဓာတ်ကကောင်းကျိုးထက် ဆိုးကျိုးကိုဖြစ်စေတာကြောင့် ဒီလိုရောဂါတွေကို ခံစားနေရသူအနေနဲ့ မှိုကိုမစားသင့်ပါဘူး။
CMS (www.drmyanmar.com)